DVB Logo
Home
မြန်မာသတင်း
လပွတ္တာ မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ပျက်စီး
DVB
·
December 30, 2013
လပွတ္တာ  မီးလောင်မှု အိမ်ခြေ ၂၀၀ ကျော် ပျက်စီး
Donate to DVB

ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာမှာ ဒီဇင်ဘာလ ၃၀ ရက် မနက် အစောပိုင်း ၁ နာရီကျော်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် အိမ်ခြေ ၂၀၀ ကျော် မီးလောင်ပျက်စီးသွားခဲ့ပါတယ်။

[caption id="attachment_49386" align="alignright" width="450"]ဓာတ်ပုံ - Hna Lone Thar Laputta Facebook ဓာတ်ပုံ - Hna Lone Thar Laputta Facebook[/caption]လပွတ္တာမြို့နယ် ကန်ဘက်ကျေးရွာက စီပွားရေး အချက်ချာကျတဲ့ ကမ်းနားရပ်ကွက်မှာ မီးလောင်မှုဖြစ်ပွားခဲ့တဲ့အတွက် နေအိမ် ၂၃၀ ကျော် မီးလောင်ကျွမ်းခဲ့သလို တော်တော်များများ ဆုံးရှုံးမှု ဖြစ်ခဲ့တယ်လို့ အဲဒီရွာ သွားရောက်ကူညီနေတဲ့ လပွတ္တာ နှလုံးသာ ကျန်းမာရေး စောင့်လျှောက်မှုအဖွဲ့ဝင် ကိုမင်းမင်းအောင်က ပြောပါတယ်။

“မနက် ၁ နာရီလောက်က စလောင်တယ်။ ကျနော်တို့ သွားတဲ့အချိန် မနက် ၅ နာရီ ကျော်ကျော်လောက်ရောက်တော့ ရွာက တ၀က်လောက် ကုန်သွားပြီ။ စဖြစ်တဲ့အချိန်မှာ ရွာသားတွေ ၀ိုင်းငြိမ်းကြတယ်။ ရွာသားတွေ မီးငြိမ်းတာ မနိုင်ဘူး။ အဲဒီအချိန်မှာ မီးသတ်စက်ကလည်း အဆင်သင့် မဖြစ်ဘူး။ မဖြစ်တော့ လူတွေက အနောက်ဆုတ်ပြီး ငြှိမ်းတယ်။ အိမ်ခြေ ၄၀၊ ၅၀ လောက်ကုန်တဲ့အချိန်မှာ အနားကို ကပ်လို့ မရတော့ဘူး။ သစ်သားအိမ်တွေများပြီး အိမ်ခြေ အရမ်းစိတ်တော့ မီးလောင်ဖို့ အရမ်းလွယ်သွားတာပေါ့။ နံနက် ၇ နာရီလောက်မှာ မီးငြှိမ်းသွားတယ်။ နောက်ပိုင်းတော့ မီးကျွမ်းမီးကျန်တွေ ဆက်လောင်တာပေါ့။ ရွာလယ်ပိုင်းက အကုန်ကုန်သွားတာပေါ့။”

မီးလောင်မှုကြောင့် လူတွေ သေဆုံးတာ မရှိပေမယ့် လူ ၁၅ ယောက်လောက် အသေးစား ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။

ဒီမီးလောင်မှုဟာ မုန့်ဟင်းခါးဖိုကနေတဆင့် စလောင်ကျွမ်းခဲ့တာလို့ သိရပါတယ်။ မီးလောင်မှုကြောင့် အထည်ဆိုင်၊ ဆန်ဆိုင်၊ ဆေးဆိုင်၊ အိမ်ဆောက်ပစ္စည်းဆိုင် အစရှိတဲ့ ဆိုင်တွေက ပစ္စည်းတွေ မီးထဲပါသွားတဲ့အတွက် ပျက်စီးမှု အတော်များတယ်လို့လည်း သူက ပြောပါတယ်။

မီးဘေးသင့်သူတွေကိုတော့ မဟာအောင်မြေဇံကျောင်းမှာ နေရာချထားပြီး လူမှုအဖွဲ့အစည်းပေါင်းစုံက ကူညီကယ်ဆယ်မှုတွေ လုပ်ပေးနေတယ်လို့လည်း ကိုမင်းမင်းအောင်က ပြောပါတယ်။

“ကူညီတဲ့သူတွေကတော့ အစုံပါတယ်။ ပါတီတွေလည်း ပါတယ်။ ကြံခိုင်ရေးတို့ အန်အယ်ဒီတို့ လူမှုရေးအဖွဲ့တွေ နောက် နှလုံးသား ကျန်းမာရေး အခမဲ့စောင့်ရှောက်အဖွဲ့တို့ အခြားလူမှုရေးအဖွဲ့တွေ အကုန်လုံးပါတယ်။ ဘာတွေ လုပ်လဲဆိုတော့ လောလောဆယ် အာဏာပိုင်တွေအနေနဲ့ အိမ်ထောင်စုစာရင်းအတည်ပြုတာပဲ ရှိတယ်။ ပြီးတော့မှ သူတို့ ကူညီတာလုပ်မယ်။ လူမှုအဖွဲ့တွေကတော့ အလွယ်တကူ လက်ရှိ အသုံးပြုမယ့် စောင်တို့၊ အင်္ကျီအ၀တ်အစားတို့၊ ထမင်းထုတ်တို့၊ မုန့်မျိုးစုံ၊ ရေသန့်တို့၊ ခြောက်ဆွဲခြောက်တို့၊ ထမင်းထုတ်တို့ အဲဒါတွေကို အဓိက ကူညီတယ်။”

ကန်ဘက်ရွာဟာ လပွတ္တာမြို့နယ် ရေကြောင်းခရီး ၂ နာရီလောက် သွားရတဲ့ နေရာမှာ တည်ရှိပြီး အိမ်ခြေပေါင်း ၁၅၀၀ လောက်ရှိတဲ့ ရွာကြီးဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013