DVB Logo
Home
မြန်မာသတင်း
လှိုင်သာယာအထည်ချုပ်စက်ရုံ အလုပ်သမား ၄ ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက် လွတ်ရက်မရှိ ပြစ်ဒဏ်စီရင်
DVB
·
October 13, 2021
လှိုင်သာယာအထည်ချုပ်စက်ရုံ အလုပ်သမား ၄ ဦးကို စစ်ခုံရုံးက ထောင်ဒဏ်တသက် လွတ်ရက်မရှိ ပြစ်ဒဏ်စီရင်
Donate to DVB

ရန်ကုန်၊ လှိုင်သာယာမြို့နယ်က အထည်ချုပ်အလုပ်သမား ၄ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးသွားပြီးနောက်  အင်းစိန်ထောင်တွင်း စစ်ခုံရုံးကနေ အောက်တိုဘာ ၆ ရက်နေ့မှာ  ထောင်ဒဏ်တသက် လွတ်ရက်မရှိ ပြစ်ဒဏ် စီရင်ချက် ချမှတ်လိုက်တယ်လို့ မိသားစုဝင်နဲ့ အလုပ်သမားအရေးလှုပ်ရှားသူတွေက ပြောပါတယ်။

ပြစ်ဒဏ်စီရင်ခံရတဲ့ အလုပ်သမား ၄ ယောက်ကတော့ ကိုရဲထွန်းတောက်၊ ကိုခင်မောင်ဇော် (ခ) ကိုသားဇော်၊ မကြည်ပြာဝင်းနဲ့ မခင်ချိုဦးတို့ ဖြစ်ကြပါတယ်။

သူတို့ ၄ ဦးကို မတရားသင်းဆက်သွယ်မှု၊  မတရားသင်းအမှု၊ နိုင်ငံတော်ပုန်ကန်မှု၊ အကြမ်းဖက်မှု စတဲ့ပုဒ်မတွေနဲ့ ပြစ်ဒဏ်စီရင်ခဲ့တာလို့ လှိုင်သာယာမြို့နယ်က အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ ကိုထွန်းနိုင်က ပြောပါတယ်။

ဖမ်းဆီးထောင်ချခံရတဲ့ ကိုရဲထွန်းတောက်ဟာ ဖမ်းဆီးမခံရခင်က အလုပ်သမားအရေးကိစ္စတွေကို တက်တက်ကြွကြွ လိုက်ပါဆောင်ရွက်ခဲ့သူဖြစ်သလို  ကိုဗစ်ကာလအတွင်း အောက်စီဂျင်ရရှိရေးအတွက်လည်း ကူညီဆောင်ရွက်ပေးခဲ့သူဖြစ်ပြီး မတရားအသင်းနဲ့ ဆက်နွှယ်ပတ်သက်လိမ့်မယ်လို့ မထင်ကြောင်းလည်း ပြောပါတယ်။ 

“ဒါက မတရားဖမ်းဆီးပြီးတော့ တံဆိပ်တွေကပ်ပြီးတော့ မတရားထောင်ချလိုက်တဲ့ အခြေအနေ တခုပါပဲ။ ကျနော်တို့ သိသလောက်ကတော့  အဖမ်းခံရတုန်းက တော်တော်အံ့ဩသွားတယ်။ အခုအမိန့်ချတဲ့ အခါကျတော့လည်း အကြီးကြီးပဲဗျာ။ ပုဒ်မ ၄ ခုလောက်နဲ့ ချတယ်ဆိုတော့။ ” 

လှိုင်သာယာမြို့နယ်မှာရှိတဲ့ အထည်ချုပ်စက်ရုံတရုံမှာ အလုပ်လုပ်ကိုင်ကြတဲ့ အဆိုပါ အလုပ်သမား ၄ ဦးဟာ ထန်းတပင်မြို့မှာ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၀ ရက်က စစ်ကောင်စီတပ်ရဲ့  ဖမ်းဆီးခံခဲ့ရတာ ဖြစ်ပါတယ်။

ပြစ်ဒဏ်ချမှတ်ခံရသူတစ်ဦးဖြစ်တဲ့ မကြည်ပြာဝင်းရဲ့ အမဖြစ်သူမနီလာဝင်းက “သူတို့က စစ်ကြောရေးမှာ ၈ ရက်ကြာတယ်။ ပုဒ်မ ၁၇ (၁) မတရားသင်း  လို့ပြောတယ်။ ယောကျ်ာလေးတွေကတော့ ပုဒ်မ  ၁၇ (၂) တဲ့။ လှိုင်သာယာစခန်းကို ပို့ချုပ်ထားတာ။ အဲဒီကနေ အင်းစိန်ကိုရွှေ့သွားပြီးတော့ လှိုင်သာယာ မာရှယ်လောနယ်မြေမို့လို့ ရှေ့နေလိုက်ပိုင်ခွင့် မရှိဘူး။ ပိတ်ပြီး‌တော့ စစ်ခုံရုံးမှာပဲ ၆ ရက်နေ့ (အောက်တိုဘာ) က အမိန့်ချတယ်။  သူတို့လေးယောက်လုံး တပါတည်းပဲ အမှုတွဲတခုတည်းပဲ ထောင်တသက်လွတ်ရက်မရှိဆိုပြီး ချလိုက်တယ်။ ကျမတို့ ညီမလေးအတွက် အလုပ်ဆင်းနေရာကနေ ဖမ်းခံလိုက်ရတာဆိုတော့ လိုက်စုံစမ်းကြည့်တော့ ဟုတ်တယ်တဲ့ သူတို့က အမှုထပ်တိုးသွားတယ်တဲ့ ပုဒ်မ ၅၀ (ဇ)တဲ့ အခုသူတို့ကို ကျမတို့က တွေ့ခွင့်တောင်းတော့လည်း ဧည့်တွေ့ပိတ်ထားတယ်တဲ့” လို့ ပြောပါတယ်။

မကြည်ပြာဝင်းဟာ အသက် ၁၂ နှစ်အရွယ်သားငယ်ရှိတဲ့ မိခင်တဦးဖြစ်ပြီး  တဝမ်းကွဲညီမ မခင်ချိုဦးကတော့  ၆ နှစ်အရွယ် သားငယ်တဦးနဲ့ တနှစ်မပြည့်သေးတဲ့ ၁၀ လသားအရွယ် သားငယ် တဦးရှိတယ်လို့ သိရပါတယ်။

ညီအမတွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး မနီလာဝင်းက “ တရားမျှတစွာလေးတော့ လိုချင်တာပေါ့။ သူတို့ အုပ်ချုပ်တဲ့ကာလမှာ သူတို့ လုပ်ပိုင်ခွင့်ရှိတာလုပ်တာ နားလည်လို့ရပါတယ်။ ဒါပေမဲ့ မဆိုင်တဲ့သူတွေကို မဆိုင်တဲ့ ပုဒ်မ မဖြစ်စေချင်တာ။ အခုဟာက အကုန်လုံးကို သိမ်းကြုံးပြီးချလိုက်တယ်ဆိုတော့ နည်းနည်းတော့ များနေသလားလို့။ ကြည်ပြာဆို အလုပ်သမားသမဂ္ဂလုပ်တယ်။ ပရဟိတ လုပ်တယ်။ အဲဒီလိုလုပ်လို့ အရေးယူမယ်ဆိုရင်ယူ။ သူတို့အုပ်ချုပ်တဲ့ကာလမျိုးမှာ။ ခင်ချိုဦးကျတော့ ဘာမှ လုပ်တာ မဟုတ်ဘူး” လို့ပြောပါတယ်။

မနီလာဝင်းကတော့ ထောင်ဒဏ်တသက်ချမှတ်ခံရတဲ့  ညီအစ်နှစ်ဦးအတွက် သူဘာဆက်လုပ်ရမန်းမသိအောင်ဖြစ်နေပြီလို့ ပြောပါတယ်။

“ရှေ့မှာကလေးတွေနဲ့ ဘယ်လိုတွေ စခန်းသွားလို့ ဘာတွေဆက်လုပ်ရမှန်းတောင် မသိဘူး။ မိသားစုက တွေ့ခွင့်လည်းမရှိဘူး။ သူတို့ဖြစ်လို့ ဟိုဟိုဒီဒီတွေ လုပ်ရတော့ ရှိစုမဲ့စု ပိုက်ဆံကလည်း ကုန်ပြီ။”

နွေဦးတော်လှန်ရေးကာလအတွင်း အာဏာသိမ်းစစ်ကောင်စီက ပြည်သူ ၈၉၁၆ ယောက်ကို ဖမ်းဆီးခဲ့ပြီး တရားမဝင်အာဏာသိမ်းထားတဲ့  ၈ လခွဲနီးပါးအကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ် ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူပေါင်း ၁၁၇၀ ယောက်ထိ ရှိလာခဲ့ပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(အေအေပီပီ)က ထုတ်ပြန်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013