DVB Logo
Home
မြန်မာသတင်း
၆ လဘတ်ဂျက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ၄ ရာခိုင်နှုန်းကျော်သာရှိ
DVB
·
October 13, 2021
၆ လဘတ်ဂျက်တွင် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ၄ ရာခိုင်နှုန်းကျော်သာရှိ
Donate to DVB

စစ်ကောင်စီက လျာထားတဲ့  ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် ၆လတာဘတ်ဂျက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့ ၄ ရာခိုင်နှုန်းစွန်းစွန်းသာ ရှိတာကြောင့် မြန်မာပြည်သူတွေ အမှောင်ခေတ်ဆီပြန်ရောက်တော့မယ်လို့ စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။

စစ်ကောင်စီကထုတ်ပြန်တဲ့ ၆ လတာ ပြည်ထောင်စုဘတ်ဂျက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က ကျပ်သန်းပေါင်း  ၃၉၃,၂၃၄,၃၇၆ ရှိမှာဖြစ်ပြီး  အဆိုပါပမာဏက စုစုပေါင်းအသုံးစရိတ်ရဲ့ ၄ ဒဿမ ၂၀ ရာခိုင်နှုန်းသာရှိပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က နှစ်စဉ်များခဲ့ တာတွေ့ရပါတယ်။ မှတ်တမ်းတွေအရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့  ၂၂ ဒဿမ ၇၃ ရာခိုင်နှုန်းအထိ သုံးစွဲခဲ့ပါတယ်။

အလားတူ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က စုစုပေါင်းအသုံးစရိတ်ရဲ့  ၂၅ ဒဿမ ၃၅ ရာခိုင်နှုန်းရှိပြီး ၂၀၁၈-၁၉ ဘဏ္ဍာနှစ်မှာလည်း စုစုပေါင်းအသုံးစရိတ်ရဲ့ ၂၂ ဒဿမ ၂၄ ရာခိုင်နှုန်းရှိပါတယ်။ ဒါကြောင့် အန်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍအတွက် အသုံးစရိတ်က နှစ်စဉ် စုစုပေါင်းအသုံးစရိတ်ရဲ့  ရာခိုင်နှုန်း ၂၀ အထက်မှာ အသုံးပြုခဲ့တာဖြစ်ပါတယ်။

စောင့်ကြည့်လေ့လာသူ သုသေသီတဦးက “စစ်ကောင်စီက မကြာသေးခင်ကထုတ်တဲ့ ၆လတာ ပြည်ထောင်စုဘတ်ဂျက်မှာ လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ အတွက်အသုံးစရိတ်က တော်တော်နည်းတာတွေ့ရတယ်ဗျ။ ဆိုတော့ ဒီအပေါ်မှာ အရှုံးခံပြီး သူတို့ လုပ်မယ်လို့ ကျနော် မထင်ဘူး။ ဘာလို့လဲဆို လျှပ်စစ်ကဏ္ဍက နှစ်စဉ်အရှုံးပေါ်နေတဲ့ ကဏ္ဍလေ။ ပြီးတော့ အခုဆို ပိုဆိုးသွားပြီ။ NUG က ပြည်သူတွေ လျှပ်စစ်မီတာမဆောင်ကြဖို့ ဆော်ဩထားလို့ စစ်ကောင်စီအတွက်ဝင်ငွေရလမ်းပိတ်သွားတာကြောင့် သူတို့ကလည်း အရှုံးခံပြီးလုပ်မှာ မဟုတ်ဘူး။ ဒါကြောင့် ပြည်သူတွေ အနေနဲ့ နဝတခေတ်က ပုံစံမျိုး လျှပ်စစ်မီးကို အချိန်ပိုင်းသာ သုံးရမှာဖြစ်ပြီး အမှောင်ခေတ်ကို ပြန်ရောက် သွားနိုင်တယ်ဗျ” လို့ပြော ပါတယ်။

မြန်မာနိုင်ငံမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု ပမာဏက မဂ္ဂါဝပ် ၄၀၀၀ ဝန်းကျင်သာရှိပြီး ဒီပမာဏထဲက အစိုးရပိုင်းမှ ထုတ်လုပ်နိုင်မှုက ၄၀ ရာခိုင်နှုန်းကျော်သာပါဝင်ပြီး ကျန်ရှိတဲ့ ၅၀ ရာခိုင်နှုန်းက ပုဂ္ဂလိကကဏ္ဍက ဖြစ်ပါတယ်။

ပုဂ္ဂလိကကဏ္ဍမှလျှပ်စစ်ဓာတ်အားထုတ်ယူမှုအပိုင်းမှာ  အစိုးရနဲ့ ပုဂ္ဂလိကဖက်စပ် လုပ်ကိုင်တဲ့ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းတွေမှာ  တရုတ်ကုမ္ပဏီတွေရဲ့  ပိုင်ဆိုင်မှုက အနည်းဆုံး ၃ ပုံ ၂ ပုံအထိ ရှိပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) အစိုးရလက်ထက် ၂၀၁၆ မှ ၂၀၂၀ လေးနှစ်အတွင်းမှာ လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှုက ယခင် စစ်အစိုးရတွေလက်ထက်ကထက် ၂၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ထုတ်လုပ်လာနိုင်ခဲ့ပြီး တနိုင်ငံလုံးရဲ့  လူဦးရေရဲ့ ၅၄ ရာခိုင်နှုန်း လျှပ်စစ်ဓာတ်အား အသုံးပြုနေရပြီဖြစ်ကြောင်း လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ထားတာရှိပါတယ်။

ဒါကြောင့်ပဲ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနရဲ့ အမျိုးသား လျှပ်စစ် မဟာဗျူဟာ အစီအစဉ် (National Electricity Master Plan) အရ ၂၀၂၀-၂၁ ဘဏ္ဍာနှစ်မှာ ၈၀၀၀ ကျော်မဂ္ဂါဝပ် ၊ ၂၀၂၅-၂၆ ဘဏ္ဍာနှစ်မှာ ၁၀၃၇၉ မဂ္ဂါဝပ် (လူဦးရေရဲ့ ၇၅ ရာခိုင်နှုန်း) နဲ့ ၂၀၃၀ မှာ တနိုင်ငံလုံး မီးလင်းရေးအတွက် ၂၃၅၉၄ မဂ္ဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားဖို့  မျှော်မှန်းထားခဲ့ပေမယ့် ဒီရည်မှန်းချက်တွေက  စစ်တပ်အာဏာသိမ်းမှုကြောင့် ပျက်စီးသွားပြီဖြစ်ပါတယ်။

Photo- YESC Myanmar

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013