
ကော့စတာရီကာနိုင်ငံရဲ့ အလိုရှိဆုံး ဝရမ်းပြေးဖြစ်ပြီး အမေရိကန်ကလည်း မူးယစ်ဆေးဝါး ရောင်းဝယ်မှု စွဲချက်တွေနဲ့ အလိုရှိနေတဲ့ "အလ်ဒီယာဘလို" လို့ လူသိများတဲ့ အာလေဟန်ဒရို အာရီးယက်စ်ကို ကော့စတာရီကာ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိလိုက်ပြီလို့ တရားရေး အာဏာပိုင်တွေက ဇူလိုင် ၂၄ ရက်မှာ ပြောပါတယ်။
အသက် ၄၁ နှစ်အရွယ် အာရီးယက်စ်ဟာ နယ်စပ်ဖြတ်ကျော် ဒုစရိုက်အဖွဲ့အစည်းကို ဦးဆောင် နေသူဖြစ်ပြီး လွန်ခဲ့တဲ့နှစ်က အမေရိကန် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးအေဂျင်စီ (DEA) က သူ့ကို ဖမ်းဆီးနိုင်ဖို့ သတင်းပေးသူကို ဒေါ်လာ ၅ သိန်း ဆုကြေးပေးမယ်လို့ ကမ်းလှမ်းထားတာပါ။
အာရီးယက်စ်ရဲ့ အဖွဲ့နဲ့ ရဲတပ်ဖွဲ့တို့ ကာရစ်ဘီယံဒေသမြောက်ပိုင်းမှာ ၁ နာရီနီးပါးကြာ လက်နက်ကိုင် တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ဖမ်းဆီးရမိခဲ့တာလို့ တရားရေး စုံစမ်းစစ်ဆေးရေး အေဂျင်စီနဲ့ အစိုးရ ရှေ့နေရုံးက ထုတ်ပြန်ပါတယ်။
စုံစမ်းစစ်ဆေးရေး အေဂျင်စီ ညွှန်ကြားရေးမှူး မိုက်ကယ်ဆိုတိုက ဆန်ဘာနာဒီနို ဒီ ဆာရာပီကီ နယ်မြေမှာ အလွန်ရှုပ်ထွေးတဲ့ ရဲတပ်ဖွဲ့ရဲ့ စစ်ဆင်ရေးတခုအတွင်းမှာ ရဲအရာရှိတွေဟာ ရာဇဝတ်မှု၊ မူးယစ်ဆေးဝါးမှုတွေနဲ့ အလိုရှိနေတဲ့ အလ်ဒီယာဘလိုရဲ့ အဆင့်မြင့်လက်နက်တွေ ကိုင်ဆောင် ထားတဲ့ ရာဇဝတ်ဂိုဏ်းနဲ့ တနာရီနီးပါး တိုက်ခိုက်ခဲ့ကြတာဖြစ်ပြီး အာရီးယက်စ်အပြင် နိုင်ငံရဲ့ ဒုစရိုက်သမိုင်းမှာ အဓိကကျတဲ့ အဖွဲ့ဝင် ၂ ယောက်ကိုပါ ဖမ်းဆီးနိုင်ခဲ့တာလို့ ပြောပါတယ်။
တိုက်ပွဲမှာ ရဲအရာရှိတချို့ ဒဏ်ရာရခဲ့တာဟာ နိုင်ငံရဲ့ လုံခြုံရေး စိန်ခေါ်မှုကို ပြသနေပေမဲံ့ ပြည်သူ တွေရဲ့ လုံခြုံရေးအတွက် မဆုတ်မနစ် စွမ်းဆောင်ပေးမှုကိုလည်း သက်သေပြလိုက်တာ လို့လည်း ဆိုပါတယ်။
သမိုင်းကြောင်းအရ ငြိမ်းချမ်းတဲ့ အလယ်အမေရိကနိုင်ငံ ကော့စတာရီကာမှာ မူးယစ်ဂိုဏ်းတွေကြား ပဋိပက္ခဖြစ်ပြီး အကြမ်းဖက်မှုတွေ တိုးပွားလာရတာဟာ အာရီးယက်စ်ကြောင့်လည်း ပါဝင်တယ်လို့ ဒေသတွင်း အာဏာပိုင်တွေက ပြောပါတယ်။
Source:Reuters











