DVB Logo
Home
မြန်မာသတင်း
မုံးကိုးတိုက်ပွဲတွင် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ၊ ဒေသခံ ၄၀၀ ကျော် စစ်ဘေးရှောင်
DVB
·
October 13, 2021
မုံးကိုးတိုက်ပွဲတွင် ကလေးငယ်အပါအဝင် အရပ်သား ၆ ဦး လက်နက်ကြီးထိမှန်ဒဏ်ရာရ၊ ဒေသခံ ၄၀၀ ကျော် စစ်ဘေးရှောင်
1 / 2
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မုံးကိုးမြို့မှာ အောက်တိုဘာ ၁၂ ရက်ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကြောင့်  ကလေးငယ်၂ ဦးအပေါအဝင် အရပ်သား ပြည်သူ ၆ ဦး ဒဏ်ရာရရှိခဲ့‌ပြီး ဒေသခံ ၄၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

မနေ့မွန်းလွဲ ၁၂ နာရီခွဲလောက်ကစပြီး  မုံးကိုးမြို့ရှိ စစ်ကောင်စီတပ်ရဲ့  ဗျူဟာကုန်းကို ကိုးကန့် MNDAA အဖွဲ့က လာရောက်ပစ်ခတ်ခဲ့ပြီးနောက် စစ်ကောင်စီတပ်တွေက မုံးကိုးမြို့ အနီးနားဝန်းကျင်ကို လက်နက်ကြီးနဲ့ မရပ်မနား ရမ်းသန်းပစ်ခတ်ခဲ့ရာမှာ ဒေသခံတွေ ထိခိုက်ဒဏ်ရာရသွားခဲ့တာပါ။

လက်နက်ကြီးကျည် ကျရောက်ထိမှန်တာကြောင့် ဖော်ကျုံကျေးရွာက နေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကာ အရပ်သား ၆ ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တာဖြစ်ပြီး ဒီအထဲက ၄ ဦး ဒဏ်ရာ ပြင်းထန်ကာ မူဆယ်ဆေးရုံပို့ထားရပါတယ်။  ဒဏ်ရာရသွားတဲ့ ၂ နှစ် ၁၀ လအရွယ် ကလေးငယ် ၁ ဦးကတော့ ဦးခေါင်းခွဲစိတ်ရမှာဖြစ်တာကြောင့် မန္တလေးကို သွားရောက်ကုသရမယ်လို့  ကူညီပေးနေသူ တဦးကပြောပါတယ်။

ထိခိုက်ဒဏ်ရာ ရတဲ့သူတွေကတော့ ဦးရန်ကျုံး ၆၃ နှစ်၊ မရန်စီဖာ ၂ နှစ်၊ ဒေါ်ဆုမွေ ၆၁ နှစ်၊ မဂလောင်းဝ်ယိမ်းဆောင် ၂၅ နှစ်၊ ကိုရန်ဂယာတား ၂၃ နှစ် နဲ့ မမရန်ဆိုင်းနန် ၂ နှစ် ၁၀ လ တို့ဖြစ်ပြီး ဒီအထဲက  ၅ ဦးဟာ  မိသားစု တစုတည်းဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ကျည်က ကိုးကန့်တပ်တွေဆီမရောက်ဘဲ ရွာသားတွေဆီကို ထိမှန်ခဲ့တာလို့ မျက်မြင်ဒေသခံတဦးက ပြောပါတယ်။

"ဒါက စစ်ကောင်စီရဲ့ လက်နက်။ ဘာကြောင့် အဲလို ပြောလို့ရလဲ ဆိုတော့ သူတို့က ခု သူတို့နေတဲ့နားက ကုန်း၊ ကြံခင်းကနေ ကိုးကန့် MNDAA တို့ လာပစ်တယ်။ အဲဒါကြောင့် သူတို့ ကို ပြန်ပစ်တာ ကျည်က အဲဒီကို မရောက်ဘဲနဲ့ အဲဒီကုန်းကလည်း အလယ်မှာကမူလေး ဖြစ်နေတယ်။ စစ်ကောင်စီရဲ့ ဗျူဟာကုန်းကနေ ပစ်လိုက်တာ အဲဒီကုန်းကို မရောက်ဘဲနဲ့  သူတို့ဆီမှာလာကျတာ။ ၄ လုံး လောက်လာကျတယ်။"

စစ်ကောင်စီတပ်တွေဟာ ကြူကုတ်(ပန်ဆိုင်း)၊ မုံးကိုးနဲ့ ဖောင်းဆောင်ဒေသတွေမှာ လူသူလက်နက်အင်အားလုံးအရင်း ဖြည့်တင်းကာ နယ်မြေစိုးမိုးနိုင်ရေးအတွက် MNDAA ကိုးကန့်တပ်ဖွဲ့တည်နေရာတွေကို ထိုးစစ်ဆင်နေတာကြောင့် ဇူလိုင်လဆန်းကစတင်လို့ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေပါတယ်။

တိုက်ပွဲကြောင့် ဖောင်းဆိုင်ဘက်မှာ စစ်ဘေးဒုက္ခသည် ၁၇၀ ကျော်၊ မုံးကိုးမြို့ပေါ်မှာ ၇၀၀ ကျော်၊ မနေ့က အောက်တိုဘာ ၁၂ ရက်‌နေ့က တရုတ်နယ်ခြားစည်းနားမှာ ၄၀၀  ကျော်နဲ့ နော့ဂူဘက်မှာလည်းခဏရှောင်တိမ်းရှောင်လာသူတွေရှိပြီး အခြေခံစားနပ်ရိက္ခာတွေ ထောက်ပံ့ပေးဖို့ လိုအပ်နေပါတယ်။

လက်ရှိ တရုတ်နဲ့ နယ်ခြားစည်းရိုးနဲ့ကပ်နေတဲ့ မြန်မာဘက်ခြမ်းရှိ ရေချောင်းရဲ့ တဘက်ခြမ်းမှာ စစ်ဘေးရှောင်တချို့ တဲထိုးတိမ်းရှောင်နေရပြီး ထပ်ရှောင်လာမယ့်လူတွေ ရှိသေးတယ်လို့ စစ်ရှောင်တဦးက ပြောပါတယ်။

"စခန်းလာချတဲ့ စစ်ကြောင်းကသေနတ်သံ ကြားလာရင် တရွာလုံး မီးရှို့ပစ်မယ်။ အားလုံးကို ပစ်သတ်လိုက်မယ်လို့ ခြိမ်းခြောက် ပြောတာ ကြာပြီ။ တိုက်ပွဲ မဖြစ်ခင် အဲလိုပြောတာ နှစ်ခါ သုံးခါရှိပြီ။ မနေ့က တိုက်ပွဲ ပြင်းထန်သွားတာကြောင့် အားလုံးက ကြောက်လန့်လို့ ထွက်ပြေးကြတာ။"

ထွက်ပြေးတဲ့အချိန် ဆိုင်ကယ်စီးတဲ့ သူတွေကို လိုက်လံ ပစ်ခတ်တာကြောင့် တချို့က ဆိုင်ကယ်တွေကို လမ်းခုလပ်မှာ ပစ်ထားခဲ့ရပြီး စားစရာ မပါလာနိုင်လို့ ခက်ခဲ ဒုက္ခ‌ရောက်နေ တယ်လို့လည်း သူက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်တုန်းကလည်း  မုံးကိုးဗျူဟာကုန်းမှာ တိုက်ပွဲဖြစ်ပွားခဲ့ဖူးပြီး  စစ်တပ်က မြို့မိမြို့ဖတချို့နဲ့ အရပ်သားပြည်သူတွေကို ဗျူဟာကုန်းပေါ်  ‌ဖမ်းဆီးခေါ်ဆောင်သွားပြီး လူ သားတံတိုင်းအဖြစ် ထားရှိခဲ့ပါတယ်။

ဒါ့အပြင် ခရစ်ယာန်ဘုရားကျောင်းနဲ့ လူနေအိမ်တွေအပေါ် လေကြောင်းပစ်ကူနဲ့ ပစ်ခတ်ခဲ့တာကြောင့် အရပ်သားပြည်သူတွေ ထိခိုက်ဒဏ်ရာရ သေဆုံးတာတွေရှိခဲ့သလို ခရစ်ယာန်သင်းအုပ်ဆရာတော် ၁ ပါးနဲ့  ဓမ္မအမှုတော်ဆောင် တဦးကို စစ်တပ်က ဖမ်းဆီးပြီး ထောင်ချခဲ့တဲ့ ဖြစ်စဉ်ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013