DVB Logo
Home
မြန်မာသတင်း
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ရာထူးမှနုတ်ထွက်ရန် အာဏာသိမ်းစစ်တပ်က အဓမ္မစေခိုင်းခဲ့
DVB
·
October 12, 2021
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို ရာထူးမှနုတ်ထွက်ရန် အာဏာသိမ်းစစ်တပ်က အဓမ္မစေခိုင်းခဲ့
Donate to DVB

စစ်ကောင်စီ တရားမဝင်အာဏာစသိမ်းခဲ့တဲ့ ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ သမ္မတ ဦးဝင်းမြင့်ကို စစ်တပ်က လာရောက် ဖမ်းဆီးစဉ် ကျန်းမာရေးအကြောင်းပြပြီး ရာထူးကနေ နုတ်ထွက်ခိုင်းခဲ့တယ်လို့ သမ္မတ ဦးဝင်းမြင့်က ထုတ်ဖော် ပြောကြားလိုက်ပါတယ်။ 

ဒီနေ့ အောက်တိုဘာလ ၁၂ ရက် နေပြည်တော်တရားရုံး ရုံးချိန်း တရားခွင်မှာ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ  ၅၀၅(ခ)အမှုနဲ့ပတ်သက်လို့ သက်သေအဖြစ် သမ္မတ ဦးဝင်းမြင့်ကို စတင်စစ်ဆေးစဉ်မှာ ထွက်ဆိုခဲ့တာလို့ နိုင်ငံခေါင်းဆောင်တွေရဲ့ ရှေ့နေအဖွဲ့က ပြောပါတယ်။

ရှေ့နေအဖွဲ့က “ဦးဝင်းမြင့်ကို စပြီး အဓိကစစ်မေးပါတယ်။ ဦးဝင်းမြင့်က သက်သေအဖြစ် အစစ်ခံပါတယ်။ အစစ်ခံတဲ့နေရာမှာ သူ့ကို ဘယ်နေ့က ဖမ်းတဲ့အကြောင်း၊ သူ့မှာ အပြစ်မရှိတဲ့အကြောင်း အဲဒါတွေ ပြောပါတယ်။ ပြောတဲ့အခါ ဦးဝင်းမြင့်ရဲ့ အဓိကထွက်ဆိုချက်ထဲမှာ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့ မနက် ၅ နာရီအချိန်မှာ လာရောက်ဖမ်းဆီးစဉ် ဦးဝင်းမြင့်ရဲ့ အခန်းထဲကို ဗိုလ်ချုပ်ကြီးလား ဒုတိယ ဗိုလ်ချုပ်ကြီးလား မသိ၊ နှစ်ဦးဝင်လာပြီး ကျန်းမာရေးကို အကြောင်းပြပြီး နုတ်ထွက်ပေးဖို့ ပြောတယ်။ အဲဒီအခါ သမ္မတကြီးကနေပြီးတော့ သူက ကျန်းမာရေး ကောင်းမွန်တဲ့အတွက်ကြောင့် နုတ်ထွက်ဖို့ မလုပ်နိုင်ကြောင်း၊ နုတ်ထွက်မပေးနိုင်ကြောင်း ပြန်ပြောခဲ့ပါတယ်တဲ့။ အဲလို ပြောတဲ့နေရာမှာ သူတို့က ပြန်စဉ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေး ထိခိုက်မှုရှိနိုင်တယ်ဆိုပြီး ပြောတယ်တဲ့။ အဲဒီတော့ ဦးဝင်းမြင့်ကလည်း နုတ်ထွက်မပေးနိုင်တဲ့အကြောင်းနဲ့ ပုဂ္ဂိုလ်ရေးအရ ထိခိုက်မယ်ဆိုလည်း မတတ်နိုင်ဘူး၊ အသေပဲခံလိုက်မယ်လို့ ပြန်ပြောခဲ့ပါတယ်တဲ့။ ဦးဝင်းမြင့်က နောက်တခါ ထပ်ပြီးတော့ ခင်ဗျားတို့ ဥပဒေနဲ့အညီပဲ လုပ်သင့်တယ်၊ အာဏာမသိမ်းသင့်ပါဘူးလို့ ပြောခဲ့တယ်လို့ အဓိက စစ်မေးချက်မှာ ဦးဝင်းမြင့်က ပြောပါတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ဒီအမှုနဲ့ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်မှုဆောင်အဖွဲ့စာရင်းမှာ အမည်ပါရုံနဲ့ ကျုးလွန်တယ်လို့ စွပ်စွဲပြောဆိုတာဟာ ယုတ္တိမရှိတဲ့၊ အခြေအမြစ်လည်း မရှိတဲ့ စွပ်စွဲချက်ဖြစ်တယ်လို့ ထွက်ဆိုသွားခဲ့တယ်လို့လည်း သိရပါတယ်။

အစိုးရရှေ့နေ(တရားလိုဘက်ရှေ့နေ)ကနေပြီး အပြန်အလှန်စစ်မေးတဲ့နေရာမှာ ဦးဝင်းမြင့်ကို ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH)၊ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ဖွဲ့စည်းတာ သိသလား၊ PDF အဖွဲ့တွေက ရထားလမ်းတွေ၊ အများပြည်သူဆိုင်ရာ နေရာတွေမှာ ဗုံးခွဲတိုက်ခိုက်မှု ပြုလုပ်တာတွေ၊ လုံခြုံရေးတပ်ဖွဲ့တွေကိုလည်း လက်နက်စွဲကိုင် တိုက်ခိုက်တာတွေနဲ့ အပြစ်မဲ့ပြည်သူတွေကို တပ်သတင်းပေး ဒလန်တွေဆိုပြီး စွပ်စွဲသတ်ဖြတ်တာတွေ ပြုလုပ်နေတာတွေကို သိပါသလားလို့ မေးမြန်းတဲ့အခါမှာ သူ့အနေနဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့အတွက် မသိရှိကြောင်း ထွက်ဆိုခဲ့သလို ဒီအပြန်အလှန် မေးခွန်းတွေနဲ့ပတ်သက်ပြီး စွပ်စွဲခံရသူတွေရဲ့ ရှေ့နေတွေက ကန့်ကွက်ခဲ့ကြတယ်လို့လည်း ရှေ့နေအဖွဲ့က ပြောပါတယ်။

ဒီကနေ့ ရုံးချိန်းမှာ နိုင်ငံတော်အတိုင်ပင်ခံဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ဦးညီညီက စွဲဆိုထားတဲ့ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာဥပဒေ ပုဒ်မ ၂၅ အမှုကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက် စွဲချက် လျှောက်လဲချက် တင်သွင်းခဲ့တယ်လို့လည်း သိရပါတယ်။

Photo- သမ္မတရုံး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013