
မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ မြိုင်သာယာရပ်ကွက်၊ ဟင်္သာအဝိုင်းအနီးက မွန်ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲမှာ အောက်တိုဘာ ၁၁ ရက် ညဦးပိုင်းက ဗုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ဒီဗွီဘီကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် ရဲတပ်ဖွဲ့ဝင်တွေ ထိခိုက်ဒဏ်ရာရတာ မရှိသလို အဆောက်အအုံ ပျက်စီးတာလည်း မရှိဘူးလို့ ဆိုပါတယ်။
မွန်ပြည်နယ်နွေဦးတော်လှန်ရေးတပ်ဦးနဲ့ မော်လမြိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပူးပေါင်းပြီး ပြည်နယ် ရဲတပ်ဖွဲ့အကူတပ်ခွဲကို သတိပေးတဲ့အနေနဲ့ ဗုံးဖောက်ခွဲခဲ့တာ ဖြစ်တယ်လို့ MPDF က ထုတ်ပြန်ပါတယ်။
ဗုံးဖောက်ခွဲရတာဟာ ရဲတပ်ဖွဲ့ဝင်တွေ CDM ဝင်ကြဖို့ ဖိတ်ခေါ်တဲ့အနေနဲ့ လုပ်ဆောင်တာဖြစ်ပြီး၊ စစ်ကောင်စီအလိုကျ ကြိုးဆွဲရာကနေတဲ့ အာဏာရှင်တစ်စုကို အချိန်မရွေး အသက်အန္တရာယ်ထိခိုက်နိုင်ကြောင်း သတိပေးတာ ဖြစ်တယ်လို့ PDF အဖွဲ့က ဆိုပါတယ်။
မွန်ပြည်နယ်ရဲတပ်ဖွဲ့အကူတပ်ခွဲ ဗုံးပေါက်ကွဲပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့သလို ညပိုင်းမှာ ရပ်ကွက်တချို့မှာ ဧည့်စာရင်းစစ်ပြီး ရှာဖွေတာတွေ လုပ်ဆောင်ခဲ့ပါတယ်။