DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့သူများကိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေး
DVB
·
October 11, 2021
ထိုင်းနိုင်ငံတွင် အထောက်အထားမဲ့သူများကိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးပေး
Donate to DVB

ထိုင်းနိုင်ငံတွင်းမှာ နေထိုင်သူ မည်သူမဆို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးရမယ်လို့ ထိုင်းအစိုးရက ကြေညာထားတဲ့နောက် မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ အပါအဝင် နယ်စပ်ကျေးရွာမှာ တရားမဝင် ဝင်ရောက်နေထိုင်သူတွေပါ သက်ဆိုင်ရာကျန်းမာရေးဌာနရဲ့ အစီအစဉ်နဲ့ ကိုဗစ်- ၁၉ ကာကွယ်ဆေးတွေ ထိုးပေးနေပါတယ်။

ကျေးရွာတွေမှာ ဝင်ရောက်နေထိုင်သူတွေအနေနဲ့ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးက မိမိနယ်မြေထဲက ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမယ့်လူစာရင်းကို အရင်ဆုံးကောက်ယူပြီး ကျေးလက် ကျန်းမာရေးဌာနအစီအစဉ်နဲ့ ရပ်ကွက်ရုံး၊ ဘုန်းကြီးကျောင်းစတဲ့ အများဆိုင်ရာနေရာတွေမှာ ထိုးနှံ ပေးနေတာပါ။

ထိုင်းမြောက်ပိုင်း ချင်းမိုင်မြို့မှာတော့ ရွှေ့ပြောင်းအလုပ်သမားတွေလည်း  ပြည်သူ့ဆေးရုံကြီးတွေမှာ သွားရောက်ထိုးနှံနိုင်ပြီး အဆက်အသွယ်မရှိပါက သူတို့အဖွဲ့ အစည်းဆီ နာမည်စာရင်းပေးသွင်းနိုင်တယ်လို့ တိုင်းရင်းသားအလုပ်သမားကျန်းမာရေးနဲ့ပညာပေး ဖောင်ဒေးရှင်း မီဒီယာတာဝန်ခံ စိုင်းဆိုင်မိုင်းက ဒီဗွီဘီကို ပြောပါတယ်။ 

“အစိုးရက လူတိုင်းကာကွယ်ဆေးထိုးရမယ်လို့ ကြေညာထားတော့ အလုပ်သမားမှတ်ပုံ မတင်ရသေးတဲ့သူတွေ၊ အထောက်အထားမရှိတဲ့ လူတွေအားလုံးထိုးလို့ ရပါတယ်ခင်ဗျ။ အခမဲ့ ထိုးချင်ရင်တော့ အစိုးရဆေးရုံ လူထုကျန်းမာရေးဆေးပေးခန်းတွေမှာပဲ ထိုးရမယ်။ အရင်ဆုံးစာ ရင်းပေးရမယ်။ ရပ်ကွက်လူကြီးတွေ၊ ရွာသူကြီးတွေ၊ လူထုအခြေပြုအဖွဲ့အစည်းတွေဆီမှာ နာမည်ပေးလို့ရပါတယ်၊ သူတို့ဆီမှာရထားတဲ့ ခွဲတမ်းအလိုက်ထိုးပေးပါတယ်၊ ချက်ချင်းစာရင်းပေး ချက်ချင်းထိုးရတာတော့ မဟုတ်ဘူးပေါ့။ လျှောက်ထားသူဦးရေနဲ့ သူတို့မှာရှိတဲ့ ကာကွယ်ဆေး ခွဲတမ်းအလိုက်ထိုးပေးတာပေါ့။ ရပ်ကွက်တွေမှာ နာမည်ပေးဖို့ အဆင်မပြေရင်ကျနော်တို့ဆီမှာ ဆက်သွယ်လို့ရပါတယ်။”

မက်ဖောင်ဒေးရှင်းအနေနဲ့ ကာကွယ်ဆေးထိုးလိုတဲ့ ရွှေ့ပြောင်းအလုပ်သမားအမည်စာရင်းတွေ ဦးစွာကောက်ခံပြီး ကာကွယ်ဆေးထိုးနှံပေးမယ့်ဌာနကို ဆက်သွယ်ရမှာမို့ ဘယ်နေ့မှာ ထိုးနှံရ မလဲဆိုတာတော့ မသိသေးကြောင်း၊ စာရင်းပေးလိုသူတွေ အသေးစိတ်ထပ်မံမေးမြန်းလိုပါက ဖုံးနံပါတ် ၀၈၁ ၇၆၅ ၇၈၁၇ ကို ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ်။ 

အလားတူ ရွှေ့ပြောင်းအလုပ်သမားအရေးဆောင်ရွက်နေတဲ့ HRDF လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းကလည်း အထောက်အထားမဲ့သူတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးမှတ်ပုံတင်ဖို့ အခက်အခဲရှိပါက သူတို့အဖွဲ့အစည်းထံ အမည်စာရင်းပေးနိုင်တယ်လို့ HRDF တာဝန်ရှိသူတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။ 

ကာကွယ်ဆေးထိုးရဖို့က လွယ်ပါတယ်၊ ဒါပေမဲ့ ဘယ်ရပ်ကွက်မှာ ဘယ်နေ့ထိုးပေးမလဲ၊ ဘယ်တော့အမည်စာရင်းပေးရမလဲ ဆိုတာတော့ ကိုယ့်အသိုင်းအဝိုင်းထဲမှာ အမြဲစုံစမ်းမေးမြန်း နေရမှာပေါ့နော်။  ဘယ်နားစာရင်းပေးရမှန်းမသိရင် ကျမတို့အဖွဲ့အစည်းမှာ နာမည်အရင်ပေးထား လို့ရပါတယ်။ ကျမတို့ကလည်း လူအရေအတွက်အတော်အသင့်ရတာနဲ့ ပြည်သူ့ကျန်းမာရေးဌာနကို ဆက်သွယ်ဆောင်ရွက်ပေးပါမယ်   “

HRDF အဖွဲ့အစည်းကနေ အမည်စာရင်းပေးထားလိုသူအနေနဲ့ ဖုံးနံပါတ် ၀၈၁ ၅၉၅ ၇၅၇၈ ကို မနက် ၉ နာရီမှ ညနေ ၅ နာရီထိ ရုံးချိန်အတွင်း ဆက်သွယ်နိုင်တယ်လို့ ဆိုပါတယ် ။ 

ထိုင်းဘာသာ၊ အင်္ဂလိပ်ဘာသာနဲ့ အင်တာနက်အသုံးပြုတတ်သူတွေအနေနဲ့ ချင်းမိုင် ကျန်း မာရေးဌာနဝဘ်ဆိုက်  wallofcm.chiangmaihealth.go.th မှာလည်း ကိုယ်တိုင်အမည်စာရင်းပေးသွင်းနိုင်ပါတယ်။

ရွှေ့ပြောင်းလုပ်သားတွေ အမြဲသွားနေကျ ချင်းမိုင်ဝပ်ကူတောက်ဘုန်းကြီးကျောင်း အသိုင်း အဝိုင်းအနေနဲ့လည်း ကာကွယ်ဆေးထိုးနှံသူစာရင်းကို ဒီလ ၈ ရက်မှ ၁၀ ရက်နေ့ထိ ကောက်ယူထ ပြီး လာမယ့် ၁၅/၁၀/၂၀၂၁ မှာ ဘုန်းကြီးကျောင်းအနောက်ဘက်မြူနီစီပါယ် အားကစား ကွင်းထဲမှာ ထိုးနှံပေးမှာ ဖြစ်ပါတယ်။ 

အလားတူ ဝပ်ပါပေါက်ဘုန်းကြီးကျောင်းမှာလည်း ကာကွယ်ဆေးထိုးနှံလိုသူတွေ အမည်စာရင်းကို ကောက်ယူထားပြီး နခွမ်းဖင်းဆေးရုံကို ပို့ထားကြောင်း ၊ ဘယ်နေ့ထိုးရမလဲဆိုတာတော့ ဆေးရုံက ပြန်အကြောင်းကြားလာမယ်လို့ ဘုန်းကြီးကျောင်းကော်မတီ တဦးက ပြောပါတယ်။ 

တာ့ခ်ခရိုင် မဲဆောက်မှာလည်း ထိုင်းမင်းသမီးကျူလာဖွန်းရဲ့ အစီအစဉ်နဲ့ လွန်ခဲ့တဲ့လ ကတည်းက ကုသိုလ်ဖြစ်အသင်း၊ ထိုင်းလုပ်ငန်းရှင်များအသင်းတို့က ကာကွယ်ဆေးထိုးနှံပေးနေတယ်လို့ မဲဆောက်အခြေစိုက် မြန်မာနိုင်ငံသားများအရေးပူးတွဲလှုပ်ရှားမှုကော်မတီ ဥက္ကဋ္ဌ ဦးမိုးကြိုးက ဒီဗွီဘီကို ပြောပါတယ်။ 

 “၂၀၂၂ ဇန်နဝါရီလကစပြီးတော့ မဲဆောက်မှာ ကိုဗစ်ကြောင့် ကန့်သတ်တားဆီးထားရတဲ့ အမှတ် ၁ ချစ်ကြည်ရေးတံတား၊ အမှတ် ၂ ချစ်ကြည်ရေးတံတားတွေ ပုံမှန်ပြန်ဖွင့်ပြီး ကမ္ဘာလှည့် ခရီးသည်အပါအဝင် ထိုင်းနိုင်ငံအဝင်အထွက်လုပ်ငန်းစဉ်တွေပြန်လုပ်မှာဆိုတော့ ကာကွယ်ဆေးတွေ ထိုးနှံနေတာပါ။ ကျနော်တို့ဆီမှာ   ကုသိုလ်ဖြစ်အသင်းနဲ့  မယ်တော်ဆေးခန်းတွေမှာ မဲဆောက်ဆေးရုံကြီးမှာထိုးလို့ရတယ်၊ နောက်ကိုလည်း ထိုင်းကြက်ခြေနီအသင်းနဲ့ ကျေးလက်ကျန်း မာရေးဌာနတွေကလည်း ထိုးပေးဦးမယ်။ လူတိုင်းထိုးလို့ရတယ်။ ခက်တာက လက်မှတ်မရှိ တဲ့လူတွေ ကာကွယ်ဆေးထိုးဖို့ အပြင်ထွက်လာမှာသိလို့ လမ်းမှာရဲက ဒါကိုအခွင့်ကောင်းယူပြီး လက်မှတ်စစ်တယ်။ လိုင်းကြေးပေးထားရင်တော့ တော်သေးတယ်။ ဘာမှမရှိရင် တယောက်ကို ၁၅၀၀ တောင်းတယ်ခင်ဗျ။ နောက်ပြီးတော့ ထိုင်းအစိုးရထိုးပေးတာက တရုတ်ကလာတဲ့ဆေးဆိုပြီး မထိုးချင်သူတွေကလည်း အများသား။”

ထိုင်းအစိုးရက အခမဲ့ထိုးပေးနေတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးမှာ ပထမအကြိမ် စီနိုဗက်၊  ဒုတိယအကြိမ် အက်စတာဇနီကာအမျိုးအစားနဲ့   စီနိုဖန်း ( နှစ်ကြိမ်လုံးထိုးရတဲ့ ) အမျိုးအစား ဖြစ်ပါတယ်။ 

အစိုးရအစီအစဉ်နဲ့ မထိုးနှံလိုပါက ပုဂ္ဂလိကဆေးရုံတွေမှာ ငွေပေးပြီးတော့ လည်း ထိုးနှံနိုင်ပါတယ်။ ဈေးနှုန်းက ဆေးအမျိုးအစားကိုလိုက်ပြီး ကွာခြားမှုတွေရှိပါတယ် ၊ အဆိုပါ ပုဂ္ဂလိကဆေးရုံမှာလည်း အမည်စာရင်းနဲ့ ငွေကို ကြိုတင်ပေးသွင်းထားရပါတယ် ၊ ဆေးရုံမှ လိုအပ်တဲ့အရေအတွက်ကို  မှာယူထိုးနှံပေးတာဖြစ်ပါတယ်။ 

ထိုင်းနိုင်ငံမှာ ပထမတစ်ကြိမ်ကာကွယ်ဆေးထိုးပြီးသူပေါင်း ၃၅၀၉၃၈၉၂ ဦး၊ ဒုတိယအကြိမ် ထိုးနှံပြီးသူ ၂၃၄၀၀၉၉၂ ဦး၊ တတိယအကြိမ်ထိုးနှံပြီးသူ ၁၇၃၃၂၂၁ ဦးရှိကြောင်း ထိုင်းရတ် ကိုဗစ်-၁၉  ရင်ဆိုင်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ် ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013