DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ GDP ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် စစ်ကောင်စီမျှော်မှန်း
DVB
·
October 8, 2021
မြန်မာနိုင်ငံ၏  GDP  ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ရန် စစ်ကောင်စီမျှော်မှန်း
Donate to DVB

၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် ၆ လတာ အမျိုးသားစီမံကိန်းဥပဒေပါ ရည်မှန်းချက်အရ မြန်မာနိုင်ငံရဲ့ စုစုပေါင်း ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့်ဝန်ဆောင်မှုတန်ဖိုး (GDP) က ၃ ဒသမ ၈ ရာခိုင်နှုန်းတိုးတက်ဖို့ စစ်ကောင်စီက မျှော်လင့်ထားပေမယ့် လက်တွေ့ အောင်မြင်ဖို့က အလှမ်းဝေးတယ်လို့ စီးပွားရေး သုတေသီတွေက ထောက်ပြပြောပါတယ်။

စစ်ကောင်စီရဲ့  ၂၀၂၁-၂၂ ဘဏ္ဍာနှစ်အတွက် ၆ လတာ အမျိုးသားစီမံကိန်းဥပဒေပါ ရည်မှန်းချက်တွေမှာ လယ်ယာက ၂ ဒသမ၃  ရာခိုင်နှုန်း၊ သားငါး ၃ ရာခိုင်နှုန်း၊ သတ္တုနှင့်တွင်းထွက် ၉ဒသမ၅ ရာခိုင်နှုန်း၊ စက်မှုလက်မှု ၅ ဒသမ ၂ ရာခိုင်နှုန်း၊ ငွေရေးကြေးရေး ၁၂ ဒသမ ၅ ရာခိုင်နှုန်း ၊ ကုန်သွယ်မှု ၄  ဒသမ ၉  ရာခိုင်နှုန်းစသဖြင့် ကဏ္ဍအလိုက် GDP တိုးတက်ဖို့ မျှော်မှန်းထားတာတွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “ဘတ်ဂျက်တခုဆွဲမယ်ဆိုရင် ပထမဆုံးက အမျိုးသားစီမံကိန်း ဥပဒေကို အရင်ဆွဲရတယ်။ ဒီစီမံကိန်းတွေကို အခြေပြုပြီးမှ လိုအပ်တဲ့ဘတ်ဂျက်ကို ပြန်ဆွဲရတာပေါ့နော်။ ဆိုတော့ ဘတ်ဂျက်ဆွဲတဲ့အခါမှာ မူတွေကို အခြေပြုရတယ်။ မူတွေဆိုတဲ့နေရာမှာ စစ်ကောင်စီမှာ ရည်မှန်းချက်ပန်းတိုင် ၅ခု ရှိတယ်။ ဦးတည်ချက် ၉ ရပ်ရှိတယ်။ ဒါတွေက မူတွေပေါ့နော်။ အဲ့တော့ ဘာပြောလို့ရလဲဆို ပထမ အချက်က အခုဘတ်ဂျက်က ၆ လတာ ဘတ်ဂျက် ဆွဲတာဖြစ်တယ်။ ဒီတော့ ၆လတာ ဘတ်ဂျက်တွေက ထုံးစံအတိုင်း ဘာဖြစ်လဲဆိုတော့ ကြီးကြီးမားမား ပရောဂျက်ကြီးတွေ မထားထားဘူး။ ဆိုလိုတာ ၆လအတွင်း အကောင်အထည်ဖော် လို့ရမယ့်ဟာပဲ ထည့်တယ်ပေါ့။ အဲ့တော့ ယေဘုယျပြောရင် ဒီ ၆လတာဘတ်ဂျက်ဟာ စီးပွားရေးတိုးတက်ဖို့က အများကြီး မျှော်လင့်လို့ မရဘူးဗျ။ ပြီးတော့ စစ်ကောင်စီရဲ့ အမျိုးသားစီမံကိန်းဥပဒေမှာ GDP ကဘယ်လောက်တက်ရမယ်လို့ ရေးထားတာတွေက ရည်မှန်းချက်တွေပေါ့နော်။ ဒီရည်မှန်းချက်ကို ဘတ်ဂျက်က လိုက်မလားဆိုတော့ ကျနော်တော့ သိပ်မထင်လှဘူး” လို့ထောက်ပြပြောပါတယ်။

ပြည်ပရောက်ဘောဂဗေဒပညာရှင်တဦးကတော့ “စစ်ကောင်စီခေါင်းဆောင် မအလ ပြောပြောနေတဲ့ မြေအောက်ရထားလမ်းတွေဖောက်မယ်၊ လျှပ်စစ်ရထားတွေ လုပ်မယ်ဆိုတာ။ အဲ့ဒါဆိုရင် ကျနော်တို့ပြောစရာရှိတာက ဘတ်ဂျက်မှာ သွားရှာကြည့်ပါ။ အဲ့ခေါင်းစဉ်တွေ ပါလားသလားပေါ့။ မပါဘူးဆိုရင် ဒါကအပြောပဲဖြစ်ပြီး လေထဲပျောက်သွားတာလေ။ တကယ် ဆောက်မယ်ဆိုရင် ဘတ်ဂျက်ထဲမှာထည့်ဆွဲထားရမှာပေါ့။ ပြီးတော့ သူပြောတဲ့ မိန့်ခွန်းတွေကိုကြည့်ရင် သူက ချွေတာရေးကိုပဲ ပြောနေတာလေ။ အဲ့တော့ ပြောစရာရှိတာက သူက ချွေတာရေးကို လုပ်မှာလား၊ ဒါမှမဟုတ် စီးပွားရေးမှာ ဘောဂဗေဒ အသုံးအနှုန်းက များများသုံးပြီး စီးပွားရေးတက်အောင်လုပ်တဲ့ (economic expansion) ဆိုတာ ရှိတယ်။ သူပြောနေတဲ့ ချွေတာရေးဆိုတာက စီးပွားရေးကို ကျုံ့စေတာလေ” လို့သုံးသပ်ပြောပါတယ်။

မြန်မာ့သမိုင်းတလျှောက်မှာ တိုင်းပြည် စီးပွားရေးကျဆင်းမှုက စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ တိုင်းပြည်ရဲ့ စီးပွားရေးက အနုတ် ၁၁  ရှိခဲ့ပြီး  အခုတကြိမ် ၂၀၂၁ ခုနှစ်မှာလည်း စစ်တပ်ရဲ့ အာဏာသိမ်းမှုကြောင့် တိုင်းပြည်စီးပွားရေးက အနုတ် ၁၈ ရှိမယ်လို့ ကမ္ဘာ့ဘဏ်က တွက်ချက်ထားပါတယ်။

Photo-Myanma Port Authority

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013