DVB Logo
Home
Lead Story
မလေးရှား ဒုက္ခသည်ကျောင်း
DVB
·
December 28, 2013
မလေးရှား ဒုက္ခသည်ကျောင်း
Donate to DVB

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အဆိုအရ မလေးရှားနိုင်ငံဟာ လောလောဆယ်မှာ ဒုက္ခသည်တွေ၊ ခိုလှုံခွင့်တောင်းသူတွေနဲ့ ပြည်တွင်းနေရာ ရွှေ့ပြောင်းခံရသူ ၂ သိန်းဝန်းကျင်လောက်ကို လက်ခံထားရတယ်လို့ ဆိုပါတယ်။

Malaysia_Refugee_School_web_131221_672ဒီလူ့အဖွဲ့အစည်းတွေမှာ ဆာဘားက ဖိလစ်ပိုင် မွတ်စလင်လူ့အဖွဲ့အစည်းကနေ ကွာလာလမ်ပူမြို့တော်က ဆိုမာလီ ဒုက္ခသည်တွေအထိ ပါဝင်ပါတယ်။

ကလေးတွေဟာ အစိုးရကျောင်းတွေမှာ ၀င်ရောက် ပညာသင်ကြားလို့ မရကြပါဘူး။ ဖူဂျီ ရပ်ရွာကျောင်းကို သူတို့တွေအတွက် အများကြီး လိုအပ်နေတဲ့ တခြား ရွေးချယ်စရာတခုကို ပေးအပ်ဖို့ တည်ထောင်ခဲ့ပါတယ်။

တနေ့မှာ ၅ နာရီ ၀န်းကျင်လောက် ဖူဂျီရပ်ရွာကျောင်းက ဒီကျောင်းသားတွေကို အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံပညာနဲ့ ပန်းချီပညာ၊ ကွန်ပျူတာ၊ ကဇာတ်၊ သဘာ၀၀န်းကျင်နဲ့ သဟဇာတဖြစ်အောင် နေထိုင်မှုလို တခြား ဘာသာရပ်တွေကိုလည်း သင်ကြားပေးနေပါတယ်။

ဒီကျောင်းကို မလေးရှားမယ်ဟောင်းတယောက်ဖြစ်တဲ့  ဒက်ဘိုရာ ဟင်နရီရဲ့ အကူအညီနဲ့ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။

ဒက်ဘိုရာ ဟင်နရီက “၂၀၀၇ ခုနှစ်မှာ ကျမ မစ်မလေးရှားဘွဲ့ကို ရရှိပြီးတဲ့နောက် မလေးရှားနိုင်ငံက တချို့ အင်ဂျီအိုလုပ်ငန်းတွေကို သတိပြုမိလာအောင် အလေးပေး ဆောင်ရွက်တဲ့ စီမံချက်တချို့ကို လုပ်ကိုင်ပေးဖို့ ကြည့်ရှုခဲ့ပါတယ်။ ဒီအတွက် ကျမက ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ ဆက်သွယ်ခဲ့ပါတယ်။ နောက်ပိုင်းမှာ သူတို့က ကျမနဲ့ ဆက်သွယ်လာပြီး ဒုက္ခသည်တွေကို မှတ်တမ်းတင်ရုပ်ရှင်ကား ရိုက်ကူးပေးဖို့ ပြောလာခဲ့ပါတယ်။ နောက် ကျမတို့က ဒီ တိုက်ခန်းမှာ လာနေကြတဲ့ ဆိုမာလီမိသားစုတွေထဲက မိသားစုတစုဆီကို သွားရောက်လည်ပတ်ခဲ့ပါတယ်။ ကျမက အဲဒီမိသားစုနဲ့ တွေ့ဆုံမေးမြန်းဖို့ အဲဒီအိမ်ကို သွားခဲ့ပါတယ်။ အဲဒီမှာ သားသမီး ၄ ယောက်နဲ့ သူတို့ရဲ့ အဘွား ရှိပါတယ်။ ကျမက အဲဒီ ကလေး ၄ ယောက် ကို တွေ့ခဲ့ပါတယ်။ သူတို့မှာ တကယ်ကို ဘာမှမရှိပါဘူးရှင်။ သူတို့ကျောင်းလည်း မတက်နိုင်၊ ပညာလည်း မသင်နိုင်ကြပါဘူး။ ချောင်ပိတ်မိပြီး ဘာမှမသိဖြစ်နေကြတာပါပဲ။ ကျမက သူတို့နားက ခွာမသွားနိုင်တော့ဘဲ သူတို့ကို ဆုတောင်းပေးပါတယ်။ ကျမ တခုခုတော့ လုပ်ရပါမယ်” လို့ ပြောပါတယ်။

ဟင်နရီက ဆိုမာလီပညာရေးသမားနဲ့ လူ့အဖွဲ့အစည်းခေါင်းဆောင် ရှာဖီ ရှရစ်ဖ် မိုဟာမက်ရဲ့ အင်အားစုနဲ့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

 ရှာဖီ ရှရစ်ဖ် မိုဟာမက်က “ကျနော်က ဆိုမာလီယာစစ်ကြောင့် မလေးရှားကို လာခဲ့တာပါ။ ကျနော် မလေးရှားကို လာခဲ့တဲ့အချိန်မှာ ဆိုမာလီယာစစ်ကနေ အကာအကွယ် ရဖို့ပါ။ ကျနော် ၂၀၀၈ ခုနှစ်မှာ မလေးရှားကို လာခဲ့တဲ့အချိန်မှာ ဆိုမာလီကလေးတွေအတွက် ဘာကျောင်းမှ မရှိပါဘူး။ သူတို့မှာ တက်စရာကျောင်း မရှိပါဘူး။ ကျနော်မှာ ပိုက်ဆံ နည်းနည်းပဲ ရှိပါတယ်။ ကျနော် ဒီပိုက်ဆံကို ကလေးတွေ ပညာရေးအတွက် အသုံးပြုရမယ်လို့ စဉ်းစားခဲ့တယ်” လို့ ပြောပါတယ်။

ရှရစ်ဖ် မိုဟာမက်ဟာ ဆိုမာလီယာ ပုဂ္ဂလိကကျောင်းတကျောင်းမှာ ဆရာတယောက်လည်း လုပ်ခဲ့ဖူးပါတယ်။

“ကျနော့်နိုင်ငံမှာကတော့ ကျနော်က တက်ကြွလှုပ်ရှားသူတယောက်ပေါ့ဗျာ။ ကျနော်က လူမှုအဖွဲ့အစည်းအတွက် အလုပ်လုပ်ခဲ့ပါတယ်။ ကျနော်က ငြိမ်းချမ်းရေး၊ လူ့အခွင့်အရေးနဲ့ လိင်အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးပွဲတွေ ကျင်းပခဲ့ပါတယ်။ ဒါကြောင့် ကျနော်က စာသင်ခဲ့သလို တက်ကြွလှုပ်ရှားသူတယောက်အဖြစ် လုပ်ကိုင်ဆောင်ရွက်ခဲ့တယ်။ ဒါကြောင့် ကျနော် ဒီကို လာတဲ့အချိန်မှာ ရပ်ရွာမှာ ဆရာတယောက်ဖြစ်လာသလို ရပ်ရွာ ခေါင်းဆောင်တယောက်လည်း ဖြစ်လာခဲ့ပါတယ်။”

ပုဂ္ဂလိကနဲ့ ကုမ္ပဏီတွေနဲ့ အုပ်စုတွေရဲ့ ငွေကြေး ကူညီထောက်ပံ့မှုတွေ၊ ရန်ပုံငွေ ရှာဖွေ စုဆောင်းပေးသူတွေရဲ့ကူညီပံ့ပိုးမှုတွေနဲ့ ဖူဂျီကျောင်းက သူ့ရဲ့ကျောင်းသားတွေကို စာအုပ်တွေ ပေးအပ်သလို အချိန်ပြည့်ဝန်ထမ်းတွေနဲ့ ဆရာတွေကိုလည်း ခန့်အပ်ပေးပါတယ်။

ကျောင်းက ဒုက္ခသည်ကလေးတွေကို ပိုပြီး ကျယ်ပြန့်တဲ့ မလေးရှား လူ့အဖွဲ့အစည်းရဲ့ အစိတ်အပိုင်းတရပ် ဖြစ်လာရေးအတွက်လည်း အကူအညီပေးဖို့ ကြိုးစားနေတယ်လို့ မလေးရှားမယ်ဟောင်း ဒက်ဘိုရာ ဟင်နရီက ပြောပါတယ်။

ကျောင်းလာတက်နေကြတဲ့ ကျောင်းသား ၁၀၀ ထဲက ကျောင်းသား တယောက်ဖြစ်တဲ့ မိုဟာမက် အဗ္ဗဒူလာက ဆိုမာလီစစ်ကို ရှောင်ပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ မလေးရှားကို ထွက်လာခဲ့တာလို့ ပြောပါတယ်။

“ကျနော်က မလေးရှားမှာ တက္ကသိုလ် တက်ချင်ပါတယ်။ ကျနော်က ကျနော့်ကလေးနဲ့ ကျနော့်မိန်းမကို ဒီမှာ ဘ၀သစ်တခု ရဖို့ အရာရာကို ပေးအပ်ချင်ပါတယ်။ ဘာလို့လဲဆိုတော့ ကျနော်က ဒီမှာ လိုက်လျောညီထွေ နေနိုင်တယ်လေ။ အစားအစာ၊ လူတွေနဲ့ ဘာသာစကား တွေပေါ့ဗျာ။ ကျနော်က စရိုက်လက္ခဏာတွေ အားလုံးနဲ့ အပြုအမူတွေ အားလုံးကို သိပါတယ်။ ဒီ နိုင်ငံက ငြိမ်းချမ်းတဲ့ နိုင်ငံတခု၊ အစ္စလာမ်နိုင်ငံတခု ဖြစ်သလို ဆွဲဆောင်မှု ရှိတဲ့နိုင်ငံတခုလည်း ဖြစ်ပါတယ်။ နိုင်ငံက လှတယ်ဗျ။ “

 ကျောင်းအတွက် မြင့်မားတဲ့ မျှော်လင့်ချက်တွေ ရှိနေတယ်လို့ ဒက်ဘိုရာဟင်နရီက ပြောပါတယ်။

“ကျမတို့က သူတို့ကို လောကကြီးအတွက် ပြင်ဆင်ပေးတာပါ။ မလေးရှားနိုင်ငံ၊ ဆိုမာလီ နိုင်ငံအတွက် မဟုတ်ပါဘူး။ ကျမတို့ သူတို့ကို လုပ်ကိုင် ဆောင်ရွက်ခွင့် ရစေချင်သလို သူတို့ကို ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ယုံကြည်မှုရှိဖို့ အားကောင်းတဲ့ ခံစားမှုတခုကို တပ်ဆင်ပေး ချင်ပါတယ်။ သူတို့ရဲ့အခြေအနေ အ၀န်းအ၀ိုင်း ရှိနေပေမယ့် ဒီကမ္ဘာပေါ်မှာ သူတို့ ဘယ်နေရာမှာပဲ နေနေ သူတို့တွေမှာ အရာရာကို အောင်မြင်ရယူဖို့ ဇွဲသတ္တိ ရှိကြမှာပါ။”

သင်္ချာအတန်းတွေကနေ လူထု ပြောဆိုဆက်ဆံရေးကောင်းမွန်ရေး အစီအစဉ်တွေနဲ့ သရုပ်ဆောင်မှုအထိ ဖူဂျီကျောင်းက သူ ကျောင်းသားတွေကို အလုံးစုံ ပညာရေးတခုကို ပေးအပ်နေပါတယ်။ ဒီကျောင်းသာ မရှိခဲ့ရင် အဲဒီကလေး အများစုဟာ ဘာပညာရေးမှ ရနိုင်မယ် မဟုတ်ပါဘူး။

ဆေအက်က အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် မလေးရှားနိုင်ငံကနေ သတင်းပေးပို့ ထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013