DVB Logo
Home
မြန်မာသတင်း
၂၀၂၁ အခွန်အကောက်ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း၊ စီးကရက်နှင့် အရက် အခွန်တိုးကောက်မည်
DVB
·
October 7, 2021
၂၀၂၁ အခွန်အကောက်ဥပဒေ စစ်ကောင်စီပြဋ္ဌာန်း၊  စီးကရက်နှင့် အရက် အခွန်တိုးကောက်မည်
Donate to DVB

စစ်ကောင်စီက ထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေမှာ စီးကရက်နဲ့အရက်အပေါ် အခွန်စည်းကြပ်မှုနှုန်းက အရင်ကထက် ရာခိုင်နှုန်းအနည်းငယ်တိုး ထားပြီး ဝင်ငွေခွန်အပေါ်စည်းကြပ်တဲ့အခွန်နှုန်းထားတွေကို အထူးဖြေလျှော့ ပေးထားတာတွေ့ရပါတယ်။

အခွန်ဥပဒေသစ်အရ အထူးကုန်စည်အမျိုးအစား စီးကရက်အမျိုးမျိုးကို ရောင်းဈေးအနည်းအများအပေါ်လိုက်ပြီး စီးကရက်တလိပ်လျှင် အခွန် ၂၇ ကျပ်မှ ၁၀ ကျပ်အထိကောက်ခံမှာဖြစ်ပါတယ်။

ဆေးပေါ့လိပ်ကတော့ တလိပ်လျှင် ၁ ကျပ်နှုန်း၊ ဆေးရွက်ကြီးက အခွန် ၆၀ ရာခိုင်နှုန်း၊ ဆေးပြင်းလိပ်က အခွန် ၈၀ ရာခိုင်နှုန်း၊ ‌ဆေးတံသောက်ဆေးက အခွန် ၈၀ ရာခိုင်နှုန်း အသီးသီး ကောက်ခံမှာဖြစ်သလို ကွမ်းစားဆေးအမျိုးမျိုးကိုလည်း အခွန် ၈၀ ရာခိုင်နှုန်း ကောက်ခံမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အရက်အမျိုးမျိုးနဲ့ ပတ်သက်ပြီးလည်း တန်ဖိုး အနည်းအများအပေါ်မူတည်ပြီး အနည်းဆုံး အရက်တလီတာလျှင် ၁၉၀ ကျပ်နှုန်းကနေ ၁၅၆၀ ကျပ်နှုန်းအထိကောက်ခံမယ်လို့  အခွန်အကောက် ဥပဒေသစ်အရ သိရပါတယ်။ 

အခွန်အကောက် ဥပဒေသစ်နဲ့ ပတ်သက်ပြီး ဘဏ္ဍာရေးဆိုင်ရာကျွမ်းကျင်သူတဦးကတော့ “ပြည်ထောင်စု အခွန်အကောက်ဥပဒေ ဆိုတာက ဘဏ္ဍာနှစ် တခုစီတိုင်းမှာ ထွက်ရတာပါ။ အခုထွက်တဲ့ဟာက ၆လ စာအတွက်ပေါ့။ မတ်လ ကုန်ခါနီးကျရင် ထပ်ထွက်ပါလိမ့်မယ်။ အဲ့ဒါကတော့ ၂၀၂၂-၂၃ဘဏ္ဍာနှစ်အတွက်ပေါ့။ ဒါပေမဲ့အခုထွက်ရှိလာတဲ့ ဒီဥပဒေထဲမှာ ထူးခြားချက် ၃ ချက်တွေ့ရတယ်။ ပထမအချက်က အခွန်စည်းကြပ်မှုက ကင်းလွတ်နေတဲ့ဝင်ငွေတွေအပေါ် သိန်း တထောင်အောက်ကို  ၃ ရာခိုင်နှုန်းသက်သာခွင့်ပေးထားတယ်။ ဒုတိယအချက်က ကုမ္ပဏီတွေအတွက် ဝင်ငွေခွန်က ပြီးခဲ့တဲ့နှစ်က ၂၅ ရာခိုင်နှုန်းရှိတယ်။ အခုက ၂၂ ရာခိုင်နှုန်း အထိလျှော့ထားတယ်။ တတိယအချက်ကတော့ လူတဦးချင်းရဲ့ဝင်ငွေအပေါ်အခွန်ကောက်ခံမှုက သိန်း ၃ဝဝ ကျော်ရင် ၂၅ ရာခိုင်နှုန်းပေးရတယ်။ အခုက သိန်း ၇ဝဝကျော်မှ ၂၅ ရာခိုင်နှုန်း ဆိုပြီး ပြောင်းလဲထားတယ်။ ဒါမျိုးတွေ ဖြေလျှော့ထားတာတွေ့ရတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီက ပြဋ္ဌာန်းလိုက်တဲ့ ၂၀၂၁ ခုနှစ်အတွက် ပြည်ထောင်စုအခွန်အကောက်ဥပဒေဟာ စစ်အာဏာသိမ်းပြီး လွှတ်တော်တွေဖျက်သိမ်းခံထားရတာကြောင့် လွှတ်တော်ရဲ့အခန်းကဏ္ဍ မပါဘဲနဲ့ စစ်တပ်တခုတည်းရဲ့ သဘောဆန္ဒအရ ထုတ်ပြန်ခဲ့တာတွေ့ရတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြပြောပါတယ်။

ဒီနေ့ထုတ် စစ်ကောင်စီအာဘော် သတင်းစာမှာတော့ “နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ ဤဥပဒေအား ပြဋ္ဌာန်းလိုက်သည်”လို့  ဖော်ပြထားတာတွေ့ရပါတယ်။

ဒါနဲ့ ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးက “အရင်တုန်းကတော့ ဒီလိုမျိုး ပြည်ထောင်စုအခွန်အကောက်ဥပဒေထွက်တော့မယ်ဆိုရင် သက်ဆိုင်ရာ stakeholder တွေပေါ့ (နိုင်ငံရေးပါတီတွေ၊ ကုန်သည်စက်မှုအသင်းချုပ်(UMFCCI)၊ လက်မှတ်ရပြည်သူ့စာရင်း ကိုင်များအသင်းတို့) သူတို့နဲ့တွေ့ဆုံ ပြီးတော့မှ လွှတ်တော်မှာ ဘယ်လောက်အခွန်နှုန်းကောက်မယ် ဆိုပြီး ဆွေးနွေးတာတွေ လုပ်ကြတာပေါ့နော်။ ဒီတခေါက်တော့ အဲ့လိုတွေ့ဆုံဆွေးနွေးပြီး လုပ်တာမတွေ့ရဘူး။ ဒီလိုတွေ့ဆုံပြီးမှ အခွန်အကောက်ဥပဒေပြဋ္ဌာန်းတယ်ဆိုတာက ကုန်စည်တွေ နဲ့ အခွန်ထမ်းပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုး ရှိ မရှိ အပြန်အလှန် ဆွေးနွေးကြတဲ့သဘောပါ။ အခုကတော့ လွှတ်တော်ကလည်း မရှိဘူးဆိုတော့ စစ်ကောင်စီက မိမိဘာသာ စီစဉ်ပြီး ပြဋ္ဌာန်းလိုက်တဲ့ သဘောပေါ့နော်” လို့ ပြောပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) ကတော့ ၂၀၂၀-၂၁ ဘဏ္ဍာရေးနှစ်အတွက် အခွန်အကောက် ရရှိမယ့် ခန့်မှန်းဝင်ငွေမှာ ကျပ် ၈၆၀၀ ဘီလီယံလောက်  ရှိမယ်လို့ တွက်ချက်ထားပြီး အဆိုပါငွေကြေးတွေ စစ်ကောင်စီအစိုးရထံ မရောက်ဖို့အတွက် အခွန်မဆောင်ကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013