DVB Logo
Home
နိုင်ငံရေး
အနာနဲ့ ဆေးတည့်အောင်ပေးဖို့လိုတယ်
DVB
·
October 7, 2021
အနာနဲ့ ဆေးတည့်အောင်ပေးဖို့လိုတယ်
Donate to DVB

လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာအရေးနဲ့ပတ်သက်ရင် အိမ်နီးချင်းနိုင်ငံတွေ၊ အာဆီယံနိုင်ငံတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂတို့ စိတ်ဝင်တစားဖြေရှင်းနေကြတာကို ကျေးဇူးတင်ကြရမှာပါ။ ဒါပေမဲ့ သူတို့ဖြေရှင်းချက်တွေဟာ ‘အနာနဲ့ဆေး’ တည့်အောင် ပေးနိုင်စွမ်းရှိတဲ့ ဖြေရှင်းမှုတော့မဟုတ်ခဲ့ဘူး။ ဒါကြောင့်လည်း မြန်မာ့အရေးဟာ အခုချိန်မှာတော့ ‘အပ်’ နဲ့ ထွင်းလို့မရတော့ပဲ ‘ပုဆိန်’နဲ့ ပေါက်ရမယ့်အဆင့်ကို ရောက်သွားခဲ့ပါပြီ။ မြန်မာပြည်သူတွေအနေနဲ့ကတော့ နေ့စဉ်နဲ့အမျှ စိတ်မချမ်းမြေ့စရာ အနိဋ္ဌာရုံတွေပဲ ကြုံတွေ့နေကြရပါတော့တယ်။

ဒီလိုပြောလို့ ‘ကိုယ့်အားကိုယ်မကိုးဘဲ တိုင်တပါးအားကိုးလိုစိတ်’နဲ့ ပြောတယ်လို့ မထင်လေနဲ့။ ဒါအပြင် ၂၁ ရာစုရဲ့ ပြောင်းလဲလာတဲ့ World Order ကို မလေ့လာဘဲပြောတာမဟုတ်။ World Order ဆိုတာလည်း ဆယ်စုနှစ်တခုမှာ အပြောင်းအလဲတွေ များစွာဖြစ်ခဲ့ကြတာပဲမဟုတ်လား။ ဒီနေ့ကမ္ဘာဟာ အချိန်နဲ့အမျှ အပြောင်းအလဲများစွာဖြစ်ပေါ်နေခဲ့ကြတာ။ တရားသေချမှတ်ထားတဲ့ မူဝါဒတွေက လောကရဲ့ ပြောင်းလဲမှုဖြစ်စဉ်ကို လိုက်မမီနိုင်ကြဟန်ပါပဲ။ ဒီအခြေနေတွေကို မြင်သိခံစားမိတဲ့ လက်တီနိုင်ငံသမ္မတ Egils Levits က… 

“ကုလသမဂ္ဂစတည်ထောင်ချိန်ကနေ အခုထိ ကမ္ဘာလူသားမျိုးဆက်တွေ ပြောင်လဲခဲ့သလို အခင်းအကျင်းတွေလည်း ပြောင်းလဲလာတယ်။ အခုမျိုးဆက်သစ်တွေအတွက်ဆိုရင် လက်ရှိကုလသမဂ္ဂ အထူးသဖြင့် လုံခြုံရေးကောင်စီရဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်သင့်နေပါပြီ။ လုံခြုံရေးကောင်စီဟာ ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေရဲ့ သဘောထားကို လွှမ်းခြုံကိုယ်စားပြုဖို့ လိုနေပြီ။” လို့ ၇၆ ကြိမ်မြောက် ကုလညီလာခံမှာ မိန့်ခွန်းပြောခဲ့တာပါ။  

အဲ့ဒီအဖြစ်တွေကို မြင်တွေ့လိုက်ရတော့ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ မြန်မာစစ်တပ်ကအာဏာသိမ်းခဲ့တဲ့ဖြစ်စဉ်ကို ပြေးမြင်လာတယ်။ ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရန်သူသဖွယ် ရက်ရက်စက်စက် ပစ်ခတ်နှိမ်နင်းမှုတွေ လုပ်လာခဲ့တယ်။ ကျည်ဆန်အစစ်တွေနဲ့ ဦးခေါင်းတည့်တည့် ပစ်ခတ်သည်အထိရက်စက်လာတယ်။ တနေရာသာမဟုတ်  မြန်မာနိုင်ငံအနှံ့ မြို့ရွာတွေအထိ ပစ်ခတ်သတ်ဖြတ်နှိမ်နင်းလာတယ်။ အဲ့ဒီအချိန်မှာပဲ တက္ကသိုလ်ကျောင်းသားတဦးက မြန်မာနိုင်ငံ ကုလသမဂ္ဂရုံးရှေ့မှာ ဆိုင်းဘုတ်ကိုင်ပြီး …

     “How many dead bodies UN need to take action?” လို့မေးခွန်ထုတ်ခဲ့တယ်။ အဲ့ဒီအချိန်အထိ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ ပြည်သူတွေ ၂၀၀ ကျော်သေဆုံးခဲ့ပြီးပါပြီ။ နောက်ထပ်ဘယ်လောက်သေပေးကြရဦးမှာလဲ။ ‘ဘယ်လောက်သေပေးမှ ‘UN’ ရဲ့ အရေးယူမှုတွေ လုပ်ဆောင်မှာလဲ’ ဆိုတဲ့အမေးဟာ မြန်မာပြည်တွေအားလုံးစိတ်ထဲမှာ မေးခွန်းထုတ်ခဲ့ကြတယ်။ 

အဲ့ဒီအချိန်ကသာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ကုလတို့က ထိထိရောက်လုပ်ဆောင်လာခဲ့မယ်ဆိုရင် မြန်မာ့အခြေနေဟာ အခုလောက်ထိ ဆိုးမှာမဟုတ်ဘူး။ ပြည်တွင်းစစ်ဆီကို ဦးတည်ခဲ့မယ်မထင်ဘူး။ အခုတော့ မြန်မာ နိုင်ငံအခြေနေဟာ ‘ပုဆိန်နဲ့ပေါက်ရမယ့်အခြေနေကို ကျော်လာရုံမက ‘အမြောက်နဲ့ပစ်ရမယ့်အခြေနေအထိ ရောက် သွားခဲ့ပြီ။ ကမ္ဘာနိုင်ငံအချို့နဲ့ကုလအဖွဲ့အစည်းအချို့က ဒီအချက်ပေါ်မှာထောက်ပြဝေဖန်ခဲ့ကြတယ်။

၇၆ ကြိမ်မြောက် ကုလညီလာခံမှာလည်း မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့အချက်ကို ထောက်ပြဝေဖန်ခဲ့ကြတယ်။ ဝေဖန်သံတွေဟာ ဆူညံလာတယ်။ အထူးသဖြင့် ကုလလုံခြုံရေးကောင်စီအပေါ်မှာ ဝေဖန်ပြောဆိုမှုတွေများလာတယ်။ အခုလို ကုလသမဂ္ဂရဲ့ အရေးယူမှုတွေ နှောင့်နှေးတာဟာ ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာကြောင့်လို့ ဝေဖန် လာကြတယ်။ လစ်သူရေးနီယာသမ္မတကလည်း ဒီအချက်ကို ထောက်ပြပြောဆိုလာတယ်။ 

သူက “ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗီတိုအာဏာကိုင်ထားပြီး အားပြိုင်မှုတွေကြောင့် ချက်ချင်းဆုံးဖြတ်ချက်တွေ မချနိုင်ကြတဲ့ အကျိုးဆက်ဟာ ရက်စက်ကြမ်းကြုတ်မှုတွေ၊ သတ်ဖြတ်မှုတွေကို ပိုအားပေးသလိုဖြစ်နေတယ်။ ရာဇဝတ်မှုတွေ၊ လူမဆန်တဲ့ဖိနှိပ်မှုတွေ၊ လူမျိုးတုံး သတ်ဖြတ်မှုတွေနဲ့ပတ်သက်လာရင် လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာသုံးခွင့်ကို ကန့်သတ်ဖို့လိုပါတယ်” လို့ ဝေဖန်တင်ပြခဲ့ပါတယ်။ 

အဲ့လိုဝေဖန်ချက်တွေကြောင့် World Order  ပြောင်လဲလာနိုင်သလားဆိုတာကလည်း စိတ်ဝင်စားစရာပါ။ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ အစဟာ ပထမကမ္ဘာစစ်အပြီး ၁၉၂၀ မှာ နိုင်ငံပေါင်းချုပ်အသင်းကြီး (League 0f Nations) ကို စတင်ဖွဲ့စည်းချိန်ကစတာပဲ။ အဲ့ဒီတုန်းကတော့ ကမ္ဘာနိုင်ငံတွေကို ချိန်ညှိဖို့ အင်္ဂလိပ်၊ ပြင်သစ်နဲ့ ရုရှားတို့လို အင်အားကြီး နိုင်ငံတွေရှိခဲ့သလို တဖက်ကလည်း ဝင်ရိုးတန်းနိုင်ငံတွေလို့ ခေါ်ခဲ့ကြတဲ့ ဂျာမဏီ၊ ဂျပန်နဲ့ အီတလီနိုင်ငံ တွေရှိနေခဲ့တယ်။

ချိန်ညှိတယ်ဆိုပေမယ့် နိုင်ငံပေါင်းချုပ်အသင်းကြီးမှာတော့ “လုံခြုံရေးကောင်စီ” ရယ်လို့မရှိခဲ့ပါဘူး။ ခေတ်ကာလကလည်း နယ်ချဲ့စနစ်တွင်ကျယ်နေတဲ့အချိန်။ အထွဋ်အထိပ်ရောက်ချိန်ကိုး။ စစ်နိုင်တဲ့နိုင်ငံတွေ ပါဝင်ခဲ့ကြတော့ အကျိုးစီးပွားအရဝေစုခွဲရာမှာ မညီမျှခဲ့ဘူး။ စစ်ရှုံးနိုင်ငံဖြစ်တဲ့ ဂျာမဏီကလည်း သူ့နယ်တွေကို ဖရဲသီးစိတ်သလို ခွဲဝေယူတဲ့အပေါ်မှာ မကျေနပ်ခဲ့ဘူး။ 

ဒီတော့ အကျိုးစီးပွားနည်းတဲ့ အီတလီနဲ့ဂျပန်ကလည်း နိုင်ငံပေါင်းချုပ်အသင်းအပေါ်မှာ အာခံလာသလို ဖရဲသီးစိတ်သလို ခွဲခြမ်းခြင်းခံရတဲ့ ဂျာမဏီကလည်း ဆန့်ကျင်လာရာက ဒုတိယကမ္ဘာစစ်ဖြစ်လာခဲ့တော့တာပါပဲ။ ဒုတိယကမ္ဘာစစ်နဲ့အတူ ပထမအကြိမ်တည်ဆောက်ခဲ့တဲ့ World Order လည်း ပျက်သုဉ်းသွားခဲ့ပါတော့တယ်။ ပထမအကြိမ်တည်ဆောက်ခဲ့တဲ့ ကမ္ဘာအခင်းအကျင်းဖြစ်တဲ့ နိုင်ငံပေါင်းချုပ်အသင်းကြီးနေရာမှာ နယ်ချဲ့စနစ်ရဲ့အမြင့်ဆုံးဖြစ်တဲ့ ဖက်ဆစ်အခင်းအကျင်းအစားထိုးဖို့ ပြင်ဆင်ခဲ့တဲ့ ဂျပန်၊ အီတလီနဲ့ ဂျာမန်တို့ဟာလည်း ဒုတိယကမ္ဘာစစ်မှာ အရှုံးကြီးရှုံးခဲ့တယ်။

အဲ့ဒီမှာပဲ ကမ္ဘာကုလသမဂ္ဂဟာ ကမ္ဘာအခင်းကျင်းသစ်တခုဖြစ်လာခဲ့တော့တယ်။ ပထမအကြိမ် ကမ္ဘာအခင်းကျင်းတုန်းက နိုင်ငံတွေထိန်းညှိဖို့ လိုအပ်ချက်ရှိခဲ့တာကြောင့် ဒုတိယအကြိမ်အခင်းကျင်းမှာတော့ ‘ကုလလုံခြုံရေး ကောင်စီ’ကို ထည့်သွင်းပြီး ဗီတိုအာဏာကိုပါ သတ်မှတ်ထည့်သွင်းရေးဆွဲခဲ့ကြတယ်။ ရေးဆွဲစဉ်ကတော့ ကမ္ဘာစစ်ကို ရှောင်နိုင်ဖို့အတွက် စဉ်းစားခဲ့ကြတာပါပဲ။

ဒါပေမဲ့အချိန်ကြာလာတာနဲ့အမျှ ကုလလုံခြုံရေးကောင်စီရဲ့ “ဗီတိုကျင့်သုံးခွင့်အာဏာ” ဟာ နိုင်ငံငယ်လေးတွေအရေးကိစ္စမှာ ရောင်းကုန်တခုလိုဖြစ်လာတယ်။ ကမ္ဘာစစ်ကိုရှောင်နိုင်ပေမယ့် လက်နက်နဲ့ အနိုင်ကျင့်ခြင်းခံနေရတဲ့ တိုင်းနိုင်ငံတွေအတွက် အကာကွယ်မပေးနိုင်ခဲ့တာကို တွေ့လာရတယ်။ အနိုင်ကျင့်ခံရတဲ့ လူထုက လက်နက်ကိုင်တော်လှန်ကြရင်း ပြည်တွင်းစစ်ဆီကို ဦးတည်ခဲ့ကြတယ်။ ပြည်တွင်းစစ်ကို အကြောင်းပြုပြီး လက်နက်အရောင်းအဝယ်လုပ်ဖို့အတွက် အခွင့်သာလာကြတယ်။ ဒါကြောင့် ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုကျင့်သုံးခွင့် အာဏာဟာ နိုင်ငံငယ်လေးတွေကို ရောင်းကုန်တခုလိုကျင့်သုံးလာတယ်လို့ စွပ်စွဲစရာဖြစ်လာခဲ့ပါတော့တယ်။ 

     ဒီလိုနဲ့ ၂၁ ရာစုထဲရောက်တော့ ကမ္ဘာအခင်းအကျင်းသစ်တွေဖြစ်လာခဲ့တယ်။ ၂၁ ရာစုထဲမဝင်မီ ၁၉၉၀ ခုနှစ်ကတည်းက ကမ္ဘာအခင်းအကျင်းသစ်တခုဖြစ်ဖို့ အမေရိကန်က ဆော်ဩနေပြီ။ ဒါကလည်း သူ့အကျိုးစီးပွားအတွက်ပါပဲ။ ပထမကမ္ဘာစစ်အပြီး နိုင်ငံပေါင်းချုပ်အသင်းကြီးဖွဲ့ဖို့ ဆော်ဩခဲ့တာလည်း အမေရိကန်ပါပဲ။ ကမ္ဘာအခင်းကျင်းသစ်ဆီကို ဦးတည်နေပြီလားဆိုတာကိုတော့ ပြောဖို့ခက်ပါလိမ့်မယ်။ အကုန်မဟုတ်တောင် ကုလလုံခြုံရေးကောင်စီရဲ့ ဗီတိုကျင့်သုံးခွင့်အာဏာအပေါ်မှာတော့ နိုင်ငံငယ်အတော်များများ စိတ်ပျက်လာနေတာကိုတော့ မြင်တွေ့နေရပါတယ်။      

မြန်မာနိုင်ငံအခြေနေကိုကြည့်ရင် လူသားမျိုးနွယ်ပေါ်ရာဇဝတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာစစ်တပ်ဟာ ဒီနေ့အထိ လွတ်ငြိမ်းချမ်းသားခွင့်ရနေဆဲဖြစ်တယ်။ အပြစ်မဲ့ပြည်သူတွေကို ဖမ်းဆီး၊ ရိုက်နှက်၊ ညှဉ်းပန်းနှိပ်စက်၊ သတ်ဖြတ်ခဲ့တယ်။ အမျိုးသမီးထုအပေါ် အဓမ္မပြုကျင့်ခဲ့တယ်။ ငြိမ်းချမ်းစွာနေထိုင်ကြတဲ့ ပြည်သူတွေရဲ့နေအိမ်တွေ၊ ရိက္ခာတွေလည်း မီးရှို့ဖျက်ဆီးခြင်းခံခဲ့တယ်။ ကုလနဲ့နိုင်ငံတကာအဖွဲ့အစည်းတွေက ပြစ်တင်ရှုတ်ချသတိပေးခဲ့ပေမယ့် မြန်မာစစ်တပ်ကတော့ ကျူးလွန်မြဲ ကျူးလွန်နေကြဆဲဖြစ်တယ်။ ကုလရဲ့ အရေးယူလုပ်ဆောင်ဖို့ ဆိုတာကလည်း လုံခြုံရေးကောင်စီရဲ့ ဗီတိုအာဏာဟာ အဟန့်အတားတခုဖြစ်နေခဲ့ပါတယ်။

တကယ်တော့ ၂၁ ရာစုတစိတ်နီပါး ရှိလာချိန်အထိ ကမ္ဘာကြီးဟာ ဖျားနာနေတဲ့ နာတာရှည်ရောဂါသည်ကြီး ဖြစ်နေဆဲပါ။ လက်နက်အင်အား သာလွန်သူတွေရဲ့ လူမျိုးတုံးသတ်ဖြတ်မှုတွေ၊ လက်နက်မဲ့ပြည်သူတွေအပေါ် လူမဆန်အောင် အနိုင်ကျင့်မှုတွေ၊ ရာဇဝတ်မှုတွေနဲ့ နာတာရှည်ရောဂါသည်ကြီးတခုလိုပါပဲ။ အဲ့ဒီနာတာရှည်ရော ဂါသည်ကြီးအတွက် ၇၆ ကြိမ်မြောက် ကုလသမဂ္ဂညီလာခံကြီးက ကုစားပေးနိုင်လေမလား။ ကုစားရာမှာလည်း “အနာနဲ့ဆေးတည့်အောင်ပေး” မှ ပေးနိုင်ပါလေစ’ ဆိုတာကိုတော့ သံသယနဲ့စောင့်ကြည့်ရုံမှတပါး အခြားမရှိတော့ပြီပဲ။

ဂန္ထဝင်မောင်တူး    

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013