DVB Logo
Home
မြန်မာသတင်း
မူးယစ်ဆေးပြဿနာ ပူးပေါင်းဖြေရှင်းမည်ဟု ရှမ်းလူငယ်ညီလာခံပြော
DVB
·
December 27, 2013
မူးယစ်ဆေးပြဿနာ ပူးပေါင်းဖြေရှင်းမည်ဟု ရှမ်းလူငယ်ညီလာခံပြော
Donate to DVB

မြန်မာနိုင်ငံ တိုင်းနဲ့ ပြည်နယ်အသီးသီးက ရှမ်းလူငယ်တွေ တွေ့ကြုံနေရတဲ့ မူးယစ်ဆေးဝါး ပြဿနာ၊ စာပေယဉ်ကျေးမှုရေးရာ ကိစ္စတွေကို ကွန်ရက်ဖွဲ့စည်းပြီး ၀ိုင်းဝန်းဖြေရှင်း သွားကြမယ်လို့ ရှမ်းလူငယ်ခေါင်းဆောင်တွေက ပြောပါတယ်။

Shanမန္တလေးမြို့ ချမ်းမြေ့သာစည်မြို့နယ် သာသနာ့ဝေပုလ္လ ကျောင်းတိုက်မှာ မြန်မာနိုင်ငံ တိုင်းဒေသကြီးနဲ့ ပြည်နယ်အသီးသီးက ရှမ်းလူငယ် ကိုယ်စားလှယ် ၂၀၀ ကျော် တွေ့ဆုံပြီး ရှမ်းစာပေယဉ်ကျေးမှု ထိန်းသိမ်းမြှင့်တင်ရေး၊ လူငယ့်စွမ်းရည်မြှင့်တင်ရေးနဲ့ လူငယ်တွေ ကြုံတွေ့နေရတဲ့ ပြဿနာတွေ အတူတကွ ပူးပေါင်းဖြေရှင်းဖို့ ဆွေးနွေးနေကြတာပါ။

ရှမ်းလူမျိုးတွေဟာ တိုင်းနဲ့ ပြည်နယ်အသီးသီးမှာ ပျံ့နှံ့နေထိုင်ကြပြီး စာပေနဲ့ ယဉ်ကျေးမှုတွေ တဖြည်းဖြည်းမှေးမှိန်သွားမယ့်အနေအထား ရှိတဲ့အတွက် လူငယ်တွေအနေနဲ့ တဖက်တလမ်းကနေ ၀ိုင်းဝန်းထိန်းသိမ်းစောင့်ရှောက်ဖို့ ကွန်ရက်ဖွဲ့စည်း ဆောင်ရွက်သွားမယ်လို့ ရှမ်းလူငယ်များ နှီးနှောဖလှယ်ပွဲဖြစ်မြောက်ရေးအဖွဲ့ ပြောခွင့်ရ စိုင်းဆိုင်မိုင်းက ပြောပါတယ်။

“ပြည်နယ်ထဲမှာ ရှိတဲ့ လူငယ်တွေပဲဖြစ်ဖြစ် တိုင်းဒေသကြီးတွေမှာ ဖြစ်ဖြစ် မြန်မာနိုင်ငံ ထဲမှာ ရှိတဲ့ လူငယ်တွေရဲ့ စွမ်းအင်တွေ တဖြည်းဖြည်း နိမ့်ကျလာတာတွေ့ရပါတယ်။ အဲဒါကြောင့် စွမ်းရည်မြှင့်တင်ရေး ကဏ္ဍမှာ ဘယ်လို ပူးပေါင်း ပါဝင်ကြမလဲဆိုတာ ကျနော်တို့ တွေ့ဆုံဆွေးနွေး ညှိနှိုင်းကြတာ ဖြစ်ပါတယ်။ နောက်တခုကတော့ မူးယစ်ဆေး ပြဿနာပေါ့နော်။ မူးယစ်ဆေးဝါး ဆိုတာကလည်း ရောင်းဝယ်မှုတွေရှိမယ်၊ စိုက်ပျိုးမှုတွေ ရှိမယ်၊ သုံးစွဲမှုတွေ ရှိမယ်၊ ကျနော်တို့ လူငယ်တွေ အများဆုံး ကြုံတွေ့နေတာက မူးယစ်ဆေးဝါး သုံးစွဲမှု ပြဿနာပေါ့နော်။ ဒါတွေကိုလည်း ဘယ်လို ကာကွယ်မလဲ။ နောက်တခုက မူးယစ်ဆေးဝါး သုံးစွဲမှု လျော့ကျအောင် ဘယ်လို ဆောင်ရွက်ကြမလဲဆိုတာကို ဆွေးနွေးကြတာဖြစ်ပါတယ်။”

ဒါ့အပြင် မြန်မာနိုင်ငံမှာ အလုပ်အကိုင် ရှားပါးမှုတွေကြောင့် ရှမ်းလူငယ်နဲ့ လူလတ်ပိုင်း အတော်များများဟာ အိမ်နီးချင်းတဘက်နိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက် လုပ်ကိုင်နေရတဲ့ကိစ္စလည်း လူငယ်တွေ အလေးထား ဆွေးနွေးခဲ့ကြပါတယ်။

ဒီတွေ့ဆုံနှီးနှောဖလှယ်ပွဲဟာ မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ရှမ်းလူငယ်တွေ အများဆုံး၊ အဖွဲ့အစည်း အစုံလင်ဆုံး ပါဝင်တဲ့ ဆွေးနွေးပွဲကြီးဖြစ်ပြီး ဆွေးနွေးပွဲ ပထမရက်မှာတော့ မန္တလေး ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း၊ တက္ကသိုလ်များ ရှမ်းစာပေနဲ့ ယဉ်ကျေးမှုကော်မတီ ခေါင်းဆောင်တွေနဲ့ ကျားဖြူပါတီ လွှတ်တော်အမတ်တွေလည်း တက်ရောက်ခဲ့ကြပါတယ်။

ဒီဇင်ဘာ ၂၇ ရက်ကနေ ၂၉ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမယ့် ဒီနှီးနှော ဖလှယ်ပွဲကို ရှမ်းလူငယ်အဖွဲ့တွေ ပူးပေါင်းစီစဉ်ခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ စစ်ကိုင်းတိုင်း အစရှိတဲ့ အနယ်နယ်အရပ်ရပ်က လူမှုအဖွဲ့အစည်း၊ စာပေယဉ်ကျေးမှု၊ လူငယ်စွမ်းရည်မြှင့်တင်ရေးအဖွဲ့၊ လူငယ်ပညာရှင် စသဖြင့် အဖွဲ့ပေါင်း ၃၀ ကျော်က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013