ပူးတွဲအိမ်ရှင်နိုင်ငံတနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ ဒေသအချိန် ဇွန် ၁၂ ရက်က ကျင်းပတဲ့ ၂၀၂၆ ဖီဖာကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲဖွင့်ပွဲမှာ အမေရိကန်နာမည်ကျော်အဆိုတော်တွေနဲ့ အတူ Blackpink ကေပေါ့ပ်အဖွဲ့မှ ထိုင်းအဆိုတော် လီဆာလည်းပါဝင် သီဆိုဖျော်ဖြေသွားပါတယ်။
ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ အုပ်စု (D ) အဖွင့်ပွဲစဉ်အဖြစ် အမေရိကန်နဲ့ ပါရာဂွေးတို့ ပွဲမစတင်မီ လော့စ်အိန်ဂျလိစ်ရှိ အားကစားကွင်းကြီးမှာ ဖွင့်ပွဲအခမ်းအနားနဲ့အတူ ဖျော်ဖြေပွဲကို ကျင်းပသွားခဲ့တာပါ။
ဖျော်ဖြေတင်ဆက်သွားတဲ့ အနုပညာရှင်တွေထဲမှာ ရက်ပ်ပါ ဖျူးချား၊ အဆိုတော် ကေတီပယ်ရီ၊ တီးယပ်စ် လူကာ၊ ရီမာ၊ တိုင်လာ စသူတွေလည်း အကအဖွဲ့တွေနဲ့အတူ ဖျော်ဖြေသွားခဲ့ကြပါတယ်။
ပွဲကြည့်စင်ပေါ်မှာတော့ မင်းသား တွမ်ခရုစ်၊ အင်္ဂလန်ကစားသမားဟောင်း ဒေးဗစ် ဘက်ခမ်း၊ အိုင်ယာလန်နဲ့ စပါးဂန္ထဝင် တိုက်စစ်မှူး ရော့ဘီကင်း၊ မိုက်ခရိုဆော့ဖ် ပူးတွဲတည်ထောင်သူ ဘီလ်ဂိတ်စ်၊ ပါရာဂွေးသမ္မတ ဆန်တီယာဂိုပေးညာ၊ ဖီဖာဥက္ကဋ္ဌ အင်ဖန်တီနိုနဲ့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီအိုတို့ကို မြင်တွေ့ရပါတယ်။
ဖျော်ဖြေပွဲအပြီး အမေရိကန်အသင်းနဲ့ ပါရာဂွေးတို့ ယှဉ်ပြိုင်ကစားကြရာမှာတော့ အိမ်ရှင် အမေရိကန်အသင်းက (၄-၁) ဂိုးနဲ့ အနိုင်ရပြီး ၃ မှတ်ရသွားပါတယ်။










