DVB Logo
Home
မြန်မာသတင်း
ထိုင်းက တားမြစ်ထားသည့်အလုပ်များ မလုပ်မိစေရန် မြန်မာရွှေ့ပြောင်းလုပ်သားများ သတိထားရန်လို
သီရိ
·
June 16, 2026
Photo: DVB
Photo: DVB
Donate to DVB

ထိုင်းနိုင်ငံမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၁၀ မျိုးကို ထိုင်းအစိုးရက ထုတ်ပြန်ကြေညာခဲ့ပြီး မြန်မာရွှေ့ပြောင်းနေထိုင်သူတွေအနေနဲ့ ဒီလို တားမြစ်ထားတဲ့အလုပ်တွေကို မလုပ်ကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက သတိပေးနေကြပါတယ်။

ထိုင်းနိုင်ငံမှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Work Permit) ရှိနေရင်တောင် လုပ်ကိုင်ခွင့်မရှိဘဲ ကန့်သတ်ထားတဲ့ အလုပ်အကိုင် ၁၀ ခုကို ထိုင်းအစိုးရက ထုတ်ပြန်ခဲ့ပြီး အဲဒီလုပ်ငန်းတွေကို ထိုင်းအမျိုးသားအကျိုးစီးပွား ကာကွယ်ရေးဥပဒေအရ နိုင်ငံခြားသားတွေ လုံးဝလုပ်ကိုင်ခွင့်မရှိဘဲ၊ ထိုင်းနိုင်ငံသားတွေသာ လုပ်ကိုင်ခွင့်ရှိတာ ဖြစ်ပါတယ်။ 

တားမြစ်ထားတဲ့ အလုပ်အကိုင်တွေကတော့ ဈေးရောင်းတာ၊ ပွဲစား ဒါမှမဟုတ် ကိုယ်စားလှယ်အဖြစ် လုပ်ကိုင်တာ၊ အလှအပရေးရာ ဝန်ဆောင်မှုပေးတာ၊ ထိုင်းရိုးရာအနှိပ်နဲ့ (Spa) ဝန်ဆောင်မှုပေးတာ၊ မော်တော်ယာဉ် မောင်းနှင်တာ၊ ဧည့်လမ်းညွှန် (Tour Guide) အဖြစ် လုပ်ကိုင်တာ၊ ဥပဒေရေးရာ ဝန်ဆောင်မှုပေးတာ၊ လက်ရက်ကန်းလုပ်ငန်း လုပ်ကိုင်တာ၊ ရိုးရာလက်မှုလုပ်ငန်း လုပ်ကိုင်တာနဲ့ လုံခြုံရေးဝန်ထမ်းအဖြစ် လုပ်ကိုင်တာတွေ ပါဝင်ပါတယ်။ 

ထိုင်းအစိုးရက ထိုင်းနိုင်ငံသားတွေ လုပ်ကိုင်နေတဲ့ အလုပ်အကိုင်တွေကို ရွှေ့ပြောင်းနိုင်ငံခြားသားတွေ မလုပ်ကိုင်ကြဖို့ တင်းကျပ်လိုက်တာဟာ ထိုင်းနိုင်ငံရဲ့ စီးပွားရေး ကျဆင်းနေချိန်မှာ မိခင်နိုင်ငံသားတွေရဲ့ အလုပ်အကိုင်တွေ မဆုံးရှုံးစေဖို့အတွက် ရည်ရွယ်တာ ဖြစ်တယ်လို့ အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

မြန်မာလုပ်သားများအရေး ပူးတွဲလှုပ်ရှားမှုကော်မတီမှ ဦးမိုးကြိုးက “အလုပ်ကြမ်းအလုပ်တွေ လုပ်လို့ ပြောလိုက်တာ၊ မင်းတို့ သာသာယာယာနဲ့ ဝင်ငွေကောင်းနေတဲ့ ချွေးမထွက်တဲ့ အလုပ်တွေနဲ့ သာယာနေတာတွေကို ငါတို့ နားလည်မှုနဲ့ ခွင့်ပြုထားတာ အခုအချိန်ကစပြီး ခွင့်မပြုတော့ဘူးဆိုပြီး ပိတ်လိုက်တာ၊ အမျိုးသားလုံခြုံရေးနဲ့ အမျိုးသားအကျိုးစီးပွားဆိုင်ရာ မူဝါဒတွေနဲ့ ပိတ်လိုက်တဲ့အခါကျတော့၊ နိုင်ငံခြားပြန် ထိုင်းနိုင်ငံသားတွေ များလာတယ်၊ ဒီအခါမှာ နိုင်ငံခြားသားတွေ လုပ်ကိုင်နေတဲ့ ဒီအလုပ် ၁၀ မျိုးကို မင်းတို့ မလုပ်ကြတော့နဲ့ ရပ်လိုက်တော့၊ သူတို့ မိခင်နိုင်ငံသားတွေ လုပ်ကြတော့မယ်”လို့ ပြောပါတယ်။

ကန့်သတ်ထားတဲ့ အလုပ်အကိုင်တွေကို နိုင်ငံခြားသားတွေ လုပ်ကိုင်ကြောင်း သိရှိရပါက ဖမ်းဆီးခံရနိုင်ပြီး၊ ဖမ်းဆီးရမိတဲ့ နိုင်ငံခြားသားတွေကို ဘတ်ငွေ ၅,၀၀၀ ကနေ ၅၀,၀၀၀ အထိ ဒဏ်ရိုက်မဲ့အပြင် ပြည်နှင်ဒဏ်ပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် အလုပ်လုပ်ကိုင်ခွင့်လက်မှတ် လျှောက်ထားခြင်းကိုလည်း ၂ နှစ်အထိ ပိတ်ပင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

တားမြစ်ထားတဲ့ အလုပ်အကိုင်တွေမှာ နိုင်ငံခြားသားတွေကို ငှားရမ်းပြီး လုပ်ကိုင်ခွင့်ပေးတဲ့ ထိုင်းနိုင်ငံသား အလုပ်ရှင်တွေကိုလည်း အလုပ်သမားတယောက် ချင်းစီအတွက် ဘတ် ၁၀,၀၀၀ ကနေ ၁၀၀,၀၀၀ အထိ ဒဏ်ရိုက်မှာဖြစ်ပြီး၊ ထပ်မံကျူးလွန်ပါက ထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ ဘတ် ၅၀,၀၀၀ ကနေ ၂၀၀,၀၀၀ အထိ ဒဏ်ငွေဖြစ်စေ၊ ပြစ်ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်တဲ့အပြင် နိုင်ငံခြားသားအလုပ်သမား ငှားရမ်းခွင့်ကိုလည်း ၃ နှစ် ပိတ်ပင်သွားမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် Work Permit ကိုင်ဆောင်ထားသူတွေကို ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ ဆောက်လုပ်ရေးလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်း၊ ရေလုပ်ငန်း၊ စက်ရုံ၊ အလုပ်ရုံလုပ်ငန်းနဲ့ အိမ်အကူလုပ်ငန်းတွေကိုသာ လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။

ဒါကြောင့် ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ထိုင်းအစိုးရက တရားဝင်အသိအမှတ်ပြုထားတဲ့ အလုပ်တွေမှာပဲ ဝင်ရောက်လုပ်ကိုင်သင့်တယ်လို့ အလုပ်သမားအရေး အကူအညီပေးသူတွေက တိုက်တွန်းထားပါတယ်။

အလုပ်သမား မဟာမိတ်အဖွဲ့ (WAG)ရဲ့ တာဝန်ရှိသူ ကိုတိုးလင်းက “ကျနော်တို့ အနေနဲ့ကတော့ ထိုင်းမှာ နေထိုင်တာဆိုတော့ သူတို့နိုင်ငံရဲ့ ဥပဒေထုတ်ထားတဲ့အပေါ်မှာ လိုက်နာစေချင်တယ်၊ ဘာလို့လဲဆို သူတို့ရဲ့ ခံယူချက်မှာက သူတို့စီးပွားရေးကို လာလုတယ်ဆိုတဲ့ အမြင်ကြီးကိုပဲ သူတို့က တွေးနေတာလေ။ အဲဒီတော့ ကျနော်တို့အတွက်ကတော့ ဘယ်နေရာမှာဘဲ နေထိုင်နေထိုင် ကိုယ့်လက်ရှိလုပ်ရမဲ့ အလုပ်၊ သင့်တော်မဲ့အလုပ်၊ နောက်ပြီး ရွှေ့ပြောင်းလုပ်သားတွေ ထိုင်းမှာ နေမယ် ဆိုရင်လည်း မိမိနဲ့သက်ဆိုင်မဲ့အလုပ်ကို လုပ်ပြီး ကောင်းကောင်းမွန်မွန် လုပ်စားစေချင်တယ်၊ တဦး တယောက်ကြောင့် တခြားသူတွေလည်း နစ်နာနေတာတွေ တွေ့နေရတယ်”လို့ DVB ကို ပြောပါတယ်။

အရင်ကတည်းက ထိုင်းအစိုးရဟာ နိုင်ငံခြားသားတွေ လုပ်ကိုင်ခွင့်မရှိတဲ့ အလုပ်အကိုင် ၂၇ မျိုးကို တားမြစ်ထားတာ ဖြစ်ပါတယ်။

အဆိုပါ တားမြစ်ထားတဲ့ကြားကပဲ အိမ်နီးချင်းနိုင်ငံတွေဆီက ပြောင်းရွှေ့လာကြတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ ဒီအလုပ်တွေမှာ အများအပြား ဝင်ရောက်လုပ်ကိုင်လာကြတာကြောင့်၊ အခုလို ကန့်သတ်ချက်တွေကို တင်းတင်းကျပ်ကျပ် ထပ်မံထုတ်ပြန်လာရတာလို့ မြန်မာအလုပ်သမားအရေး လှုပ်ရှားသူတွေက ပြောကြပါတယ်။

ထိုင်းအစိုးရရဲ့ စာရင်းဇယားတွေအရ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းနေထိုင် အလုပ်လုပ်ကိုင်ကြတဲ့ မြန်မာလူဦးရေ ၄ ဒသမ ၁ သန်းရှိတယ်လို့ ခန့်မှန်းထားပြီး၊ ထိုင်းအရပ်ဘက်အဖွဲ့တွေရဲ့ စာရင်းအရ မြန်မာနိုင်ငံသား ၇ သန်းကျော်အထိ ရှိနေတယ်လို့ ဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013