DVB Logo
Home
Lead Story
၂၀၁၃ မှာ မြန်မာနိုင်ငံရေး ဘာတွေ ထူးထူးခြားခြား ဖြစ်ထွန်းခဲ့လဲ - အမြင်သဘောထား
DVB
·
December 27, 2013
၂၀၁၃ မှာ မြန်မာနိုင်ငံရေး ဘာတွေ ထူးထူးခြားခြား ဖြစ်ထွန်းခဲ့လဲ - အမြင်သဘောထား
1 / 5
Donate to DVB

၂၀၁၃ ခုနှစ် ကုန်ဆုံးလို့ ၂၀၁၄ နှစ်သစ်တခု အစပြုခဲ့ပြန်ပါပြီ။ ပြီးခဲ့တဲ့နှစ်ထဲ မြန်မာနိုင်ငံရေး ပြောင်းလဲမှုတွထဲ ဘာတွေ ထူးထူးခြားခြား ဖြစ်ထွန်း ပေါ်ပေါက်ခဲ့ပါသလဲ။ မြန်မာ့အရေး လုပ်ကိုင်ဆောင်ရွက်နေသူတွေ၊ အစိုးရတာဝန်ရှိသူတွေ နိုင်ငံရေးပါတီခေါင်းဆောင်တွေနဲ့ စာနယ်ဇင်းဆရာတွေရဲ့ အမြင်သဘောထားတွေ စုစည်း တင်ဆက်ပေးပါမယ်။

[caption id="attachment_49224" align="alignright" width="300"]ဒေါက်တာ သောင်းထွန်း ဒေါက်တာ သောင်းထွန်း[/caption]ပြည်ပမှာ နှစ်အတော်ကြာ နေထိုင်ခဲ့ပြီး မြန်မာ့အရေးလုပ်ဆောင်ခဲ့တဲ့ ဒေါက်တာ သောင်းထွန်းကတော့ ပြည်ပဒီမိုကရေစီအင်အားစုတွေနဲ့ သမ္မတဦးသိန်းစိန်အစိုးရတို့ တွေ့ဆုံ ဆွေးနွေးနိုင်ခဲ့တာ အဓိကကျတဲ့ နိုင်ငံရေးပြောင်းလဲမှုလို့ မြင်ပါတယ်။

“၂၀၁၃ မှာ အဓိကကျတဲ့ နိုင်ငံရေးအပြောင်းအလဲကတော့ ပြည်ပမှာရောက်ရှိပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်များ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်ခဲ့တယ်။ ကျနော်တို့အပါအ၀င် ဒီမိုကရေစီရေး လှုပ်ရှားတဲ့သူတွေ မြန်မာပြည် ပြန်ရောက်လာကြတယ်။ မြန်မာပြည်မှာ လူထုလူမှုအဖွဲ့အစည်းတွေ၊ နိုင်ငံရေး အင်အားစုတွေနဲ့ စွမ်းရည်မြှင့်တင်ရေး လုပ်ငန်းတွေ၊ လူထုအကျိုးပြုလုပ်ငန်းတွေ ပြန်ပြီးတော့ စလုပ်နိုင်ခဲ့တယ်။”

ဒါ့အပြင် အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြား အပစ်အခတ်ရပ် လက်မှတ် ထိုးခဲ့တာ လွှတ်တော်မှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဖို့ ကော်မတီဖွဲ့ခဲ့တာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ဖွဲ့စည်းပုံ ပြင်ဆင်ရေးဆွဲရေး ပြည်သူဆန္ဒရယူပွဲတွေ ဆက်တိုက် ကျင်းပခဲ့တာတွေဟာလည်း မြန်မာ့နိုင်ငံရေးရဲ့ ထူးခြားချက်တွေပါပဲလို့ သုံးသပ် ပြောပါတယ်။

[caption id="attachment_49225" align="alignright" width="300"]သမ္မတရဲ့ ပြောခွင့်ရ  ဒုဝန်ကြီး ဦးရဲထွဋ် သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်[/caption]သမ္မတရဲ့ ပြောခွင့်ရ ဒုဝန်ကြီး ဦးရဲထွဋ်ကတော့ အုပ်ချုပ်ရေးပိုင်းအနေနဲ့ ပြုပြင်ပြောင်လဲရေးအတွက် လိုအပ်တဲ့အခြေခံတွေကို တော်တော်များများ အကောင်အထည် ဖော်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
“အုပ်ချုပ်ရေးမဏ္ဍိုင်နဲ့ ဆိုင်တာ ပြောရရင်တော့ ကျနော်တို့သည် ပြုပြင်ပြောင်းလဲရေးအတွက် လိုအပ်တဲ့အခြေခံတွေကို ကျနော်တို့ တော်တော်များများ အကောင်အထည်ဖော်နိုင်ခဲ့တယ်လို့ ကျနော်တို့ ပြောနိုင်ပါတယ်။ တချို့ဟာတွေကတော့ ရလဒ်စောင့်ရဦးမယ်၊ သို့သော် ကျနော်တို့က အဓိကထားလုပ်နေတာက institution တွေကို တည်ဆောက်နေတယ်၊ နောက် ရှေ့ဆက်သွားနိုင်ဖို့ framework တွေကို တည်ဆောက်နေတာ ဖြစ်တဲ့အတွက် ဒီနှစ်အတွင်းမှာ အဲလုပ်ငန်းတွေကို အောင်အောင်မြင်မြင် လုပ်နိုင်ခဲ့တယ်။ သို့သော် ရလဒ်တွေကတော့ ရတာတွေလည်းရှိတယ်၊ တချို့ဟာတွေကတော့ နောက်မှ ဆက်ပြီး အကောင်အထည်ဖော်သွားမှာတွေ ရှိတယ်။ ကျနော်တို့ အုပ်ချုပ်ရေးပိုင်းမှာတော့ တိုးတက်မှု ရှိတယ်လို့ မြင်ပါတယ်။”

[caption id="attachment_49226" align="alignright" width="300"]ဦးခင်မောင်ဆွေ ဦးခင်မောင်ဆွေ[/caption]အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(အန်ဒီအက်ဖ်)ရဲ့ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေကတော့ မြန်မာ့နိုင်ငံရေးဟာ ဖြေလျော့မှုအဆင့်မှာ တန့်နေတယ်လို့ သုံးသပ်ပြောကြားပါတယ်။
“မြန်မာ့နိုင်ငံရေးဟာ ဖြေလျော့မှုအဆင့်မှာပဲ တန့်နေတယ်ဗျ။ အစိုးရဘက်ကို ကြည့်တော့ လည်း အရှိန်အဟုန်နဲ့ လုပ်နိုင်ချေမရှိဘူး။ ဒါပေမယ့် အောက်ခြေတွေမှာ ကြိုးပမ်းတာတွေတော့ ရှိတယ်။ သမ္မတက ပြောင်းချင်တယ်ဆိုတဲ့ သဘောထားဟာ မှန်သော်လည်းပဲ သူ့အစိုးရအဖွဲ့က ထင်သလောက် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ မလုပ်ပေးနိုင်ဘူး။ သမ္မတမှာ ရှိတဲ့ ၀န်ကြီး ၄၊ ၅ ယောက်လောက်ပဲ အသည်းအသန် လုပ်နေတာတွေ့ရတယ်။ ဥပဒေရေးပိုင်းက အရမ်းထိရောက်ပြီး ပြည်သူတွေကိုအကျိုးပြုမယ့် ဒီမိုကရေစီကို ရှေးရှုပြီး ပြောင်းသွားနိုင်မယ့် ဥပဒေကို မြန်မြန်ထက်ထက်နဲ့ ပြုပြင်ပေးတာ မရှိဘူး။ သူတို့စိတ်ထဲမှာ သူတို့အနေနဲ့ လိုက်ဖက်ညီမှုမရှိဘူးဆိုတဲ့ဟာတွေကို အချိန်ဆွဲနေတာ တွေ့ရတယ်။

“ဥပမာ - ကျနော်တို့ ပါတီက တင်ထားတဲ့ ခုံသမာဓိဥပဒေနဲ့ လက်ဝါးကြီးအုပ်စီးပွားရေး ကာကွယ်ရေး ဥပဒေဆိုတာကို ပထမဦးဆုံးလွှတ်တော်နဲ့ ဒုတိယလွှတ်တော်မှာတင်တာတောင် အခုထိ မဆွေးနွေးရသေးဘူးဖြစ်နေတယ်။ သဘောက အစိုးရအဖွဲ့ကော၊ လွှတ်တော်ကပါ သူတို့ရဲ့ နောက်ကြောင်းမှာရှိတဲ့ အရင်အုပ်စုဟောင်းထဲက သူတွေရဲ့ အကျိုးစီးပွားတွေကို ငဲ့ပြီးတော့ ပြတ်ပြတ်သားသား လုပ်ဆောင်ခြင်း မရှိသေးတာ တွေ့ရတယ်။ ပြုပြင်ပြောင်းလဲရေးဟာ သွားတော့ သွားနေတယ်၊ အရှိန်နှေးနေတယ်ပေါ့။ ပြတ်သားတဲ့ ပြောင်းလဲမှုတခုကို မရောက်သေးဘူးဆိုတာ တွေ့ရပါတယ်။”

[caption id="attachment_49227" align="alignright" width="270"]ဦးထင်လင်းဦး ဦးထင်လင်းဦး[/caption]နိုင်ငံရေးဆောင်းပါးတွေရေးတဲ့ ဆရာထင်လင်းဦးကတော့ ၂၀၁၃ ရှေ့ပိုင်းမှာ နိုင်ငံရေး ပြောင်းလဲမှု မရှိခဲ့ဘဲ ဖွဲ့စည်းပုံပြင်ဖို့ လှုပ်ရှားလာမှ နိုင်ငံရေးပြောင်းလဲမှု ထင်ရှားလာတယ်လို့ ဆိုပါတယ်။
“၂၀၁၃ ခုနှစ်မှာ အရေးပါတဲ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အရှေ့ပိုင်းတွေမှာ ဘာမှထင်ထင်ရှားရှားမတွေ့ရဘူး။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုကိုပဲ လုပ်ဆောင်နေတာဖြစ်ပေမယ့် တကယ်တော့ နိုင်ငံရေးလုပ်ဆောင်ချက်တွေ လုပ်ဆောင်နေတာ မဟုတ်ပဲ။ တကယ်တမ်း နိုင်ငံရေးအကျပ်အတည်းရဲ့ ဆုံချက်က ဘယ်မှာရှိလဲဆိုတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေပေါ်မှာပဲ ရှိတယ်။ အခြေခံဥပဒေပေါ်မှာပဲ ရှိတယ်ဆိုတာကို ထပ်ပြောရင်တော့ အဓိကအားဖြင့် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးတဲ့အခါ ဖွဲ့စည်းပုံအခြေခံဥပဒေဟာ တကယ့်ပြဿနာ ဖြစ်နေတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ဆိုရင်တော့ ငြိမ်းချမ်းရေး စကားပြောလို့ မရဘူးဆိုတာ တိုင်းရင်းသားတွေဘက်က တော်တော်များများ ပြောခဲ့ပြီးပြီ။ တကယ်တမ်း နိုင်ငံတွင်းမှာရှိနေတဲ့ နိုင်ငံသားတွေ အားလုံးရဲ့ ရပိုင်ခွင့်တွေဖြစ်တဲ့ အပြည့်အဝေ ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်နဲ့ ရွေးကောက်တင်မြှောက်ပိုင်ခွင့်ဆိုတဲ့ အချက်တွေအရ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့က မဖြစ်မနေ လိုအပ်တယ်။

“ဒါပေမယ့် ရှေ့ပိုင်းမှာ ၁၅၀၀ ဆင်းကတ်လေးတွေပေးလိုက်၊ တခြား အာမခံချက်လေးတွေ ပေးလိုက်၊ စသဖြင့် လုပ်နေတာလေးတွေကလွဲလို့ ဖွဲစည်းပုံအခြေခံဥပဒေ ပြင်ဆင်ဖို့ဆိုတာ မဖြစ်ခဲ့ဘူး။ ဒါကြောင့် နိုင်ငံရေးတိုးတက်ပြောင်းလဲမှု ဘာရှိလဲမေးရင် ဘာမှမရှိဘူးလို့ ကျနော်ပြောတာ။ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ဖို့ကိစ္စကတော့ တကယ့်နိုင်ငံရဲ့ အဓိက အရေးအရာပဲ။ အစိုးရဘက်ကလည်း ဖွဲ့စည်းပုံအခြေခံ ဥပဒေအတွက် လမ်းဖွင့်ပေးလိုက်ပြီ။ အဲဒီ့မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မူလရည်မှန်းချက်ဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးဆိုတဲ့ကိစ္စကလည်း တကယ့်ကို အသက်ဝင်လာပြီးတော့ အခုလို အခြေအနေကို ရောက်လာတယ်။ အဲဒါ အင်မတန်မှ အရေးကြီးတဲ့ ပြောင်းလဲမှုပဲလို့ ဆိုနိုင်ပါတယ်။”

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013