
စပိန်ဒုတိယတန်း ဒါဘီပွဲစဉ်မှာ ဟူးစကာအသင်းခေါင်းဆောင် ပူလီဒိုရဲ့ မျက်နှာကို လက်သီးနဲ့ထိုးခဲ့တဲ့ ဇာရာဂိုဇာဂိုးသမား အန်ဒရာဒါက သူ့လုပ်ရပ်အတွက် တောင်းပန်လိုက်ပါတယ်။
တန်းဆင်းဇုန် ရုန်းကန်နေရချိန် စိတ်မထိန်းနိုင်ဘဲ ဖြစ်သွားတာလို့ သူက ဝန်ခံခဲ့ပါတယ်။
အနီကတ်ပြခံရပြီးနောက် ပြိုင်ဘက်နောက်လိုက်ကာ ထိုးကြိတ်ခဲ့တဲ့ အန်ဒရာဒါကြောင့် ကွင်းအတွင်း ရုန်းရင်းဆန်ခတ်ဖြစ်ပြီး နောက်ထပ် ကစားသမား ၂ ယောက်ပါ အနီကတ်ပြခံခဲ့ရပါတယ်။
အန်ဒရာဒါက “ဒါဟာ ပရော်ဖက်ရှင်နယ်တယောက်အတွက် မကောင်းတဲ့ပုံရိပ်ပါ၊ ဘယ်လိုပြစ်ဒဏ်မျိုးကိုမဆို ရင်ဆိုင်ဖို့ အသင့်ပါပဲ” လို့ ပြောပါတယ်။
အဲဒီပွဲမှာ ဟူးစကာက ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။










