
ရခိုင်ပြည်၊ အမ်းမြို့နယ်၊ ရွှေကျွန်းကြီးအနီးမှာ ကျောက်ချ ရပ်နားထားတဲ့ စစ်ကောင်စီရဲ့ နေဗီ ဟာ ထင်းသွားတင်တဲ့ ဒေသခံခရီးသွားစက်လှေ ၂ စီးနဲ့ လှေပေါ်ပါ ဒေသခံ ၈ ယောက်ကိုလည်း ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဖမ်းဆီးခံရတဲ့ ဒေသခံတွေကတော့ မြေပုံမြို့နယ်၊ ကျွန်းသာယာကျေးရွာမှ ဦးဘရွှေသိန်းနဲ့ သားဖြစ်သူ ကိုညီညီလွင်၊ စံကိုရွှေမြင့်နဲ့ ကိုလုံးထောင်၊ မြေပုံမြို့နယ်၊ ကျွန်းသာယာရပ်ရွာနေ ဦးမောင်မောင်လွင်၊ ကိုရဲကျော်သူ၊ ကိုကျန်ကျောင်းချေနဲ့ မောင်မောင်ကြီး ၂၂ နှစ်တို့ ဖြစ်ကြပါတယ်။
သူတို့ဟာ မေ ၁၆ ရက်က မြေပုံမြို့နယ် ကျွန်းသာယာ ကျေးရွာကနေ ထင်းနဲ့ မီးသွေး တင်ဆောင်ဖို့သွားတဲ့အချိန်မှာ အမ်းမြို့နယ် ရွှေကျွန်းကြီးအနီးမှာ ရပ်နားထားတဲ့ စစ်အာဏာရှင်တပ်ရဲ့ နေဗီတစီးက ဖမ်းဆီးသွားတာလို့ မြေပုံကျွန်းသာယာဒေသခံတယောက်က ပြောပါတယ်။
“ထင်းမီးသွေး လောင်စာတွေ ရောင်းဝယ်လုပ်နေတဲ့သူတွေပါ။ အမ်းမြို့နယ်အပိုင် ရွှေကျွန်းကြီးနားမှာ ရပ်ထားတဲ့ အကြမ်းဖက်စစ်ကောင်စီ နေဗီက သူတို့ကို သေနတ်နဲ့ပစ်ခတ် ခေါ်ပြီးဖမ်းသွားတာ။ လူရော စက်လှေရော နှစ်ခုလုံး ပါသွားတယ်။ ဒီနေ့အထိ အဆက်သွယ်မရဘူး” လို့ ပြောပါတယ်။
စစ်အာဏာရှင်ရဲ့ နေဗီတွေဟာ အာရက္ခတပ်တော် (AA) သိမ်းထားတဲ့ မြို့နယ်တွေအနီးကို ကမ်းကပ်ဖို့ ကြိုးစားနေပြီးတော့ အဲဒီအနီးအနားက ဒေသခံတွေကိုလည်း ဖမ်းဆီးလာတာကြောင့် စိုးရိမ်နေရတယ်လို့ အမ်းဒေသခံအမျိုးသားတစ်ယောက်က ပြောပါတယ်။
“အိမ်မှာနေလည်း လေကြောင်းအန္တရာယ် ကြောက်နေရတယ်။ ရေကို ဆင်းတော့လည်း နေဗီအန္တရာယ် စိုးရိမ်ရတယ်။ အဖမ်းခံရတဲ့သူတွေက ပြန်မလွတ်လာဘူး။ တပ်တော်က မြို့ကို သိမ်းထားပေမဲ့ ရေပိုင်နက်မှာ စစ်ကောင်စီရဲ့ နေဗီတွေက ရှိနေသေးတယ်။"
မြေပုံမြို့နယ် ကျွန်းသာယာ၊ င/ပသုန်၊ ဆံတော်ရှင်ကျွန်း၊ ဖဒူကျွန်း စတဲ့နေရာတွေမှာ ရေလုပ်ငန်းကို အဓိကထား လုပ်ကိုင်စားသောက်နေရပြီး ထင်းမီးသွေးတို့ကိုလည် းယခင်ကတည်းက အမ်းမြို့နယ်ကတဆင့် ဝယ်ယူကာ သုံးစွဲရပါတယ်။
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားတဲ့ မြို့နယ်တွေက ကမ်းရိုးတန်းဒေသတွေကို စစ်ကောင်စီက ပြန်လည်ထိုးစစ်ဆင်မယ်လို့ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်က သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။
အခုနှစ် ၂၀၂၆ မှာတော့ စစ်ကောင်စီဟာ စစ်တွေ-ကျောက်ဖြူ-မာန်အောင်-သံတွဲ စတဲ့ ပင်လယ်ပြင်တွေမှာ သွားလာလှုပ်ရှားမှုတွေ ရှိနေပြီး လက်နက်ကြီးကျည်နဲ့ ပစ်ခတ်တာတွေ အရပ်သားဒေသခံတွေနဲ့ ငါးဖမ်းစက်လှေ၊ ခရီးသွားစက်လှေတွေကို ဖမ်းဆီးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဧပြီလဆန်းပိုင်းကလည်း သံတွဲမြို့နယ်နဲ့ ငပလီမြို့အနီးအနားကို အကြမ်းဖက်စစ်အာဏာရှင်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် နေဗီတွေကပါ လက်နက်ကြီးနဲ့ နေ့စဉ်လိုလို ပစ်ခတ်တဲ့အပြင် စစ်တွေ-ပေါက်တော-မြေပုံ-ကျောက်ဖြူ ပင်လယ်ကြောတလျှောက်ကို ဒရုန်းတွေနဲ့ပါ ကင်းထောက်နေတဲ့အတွက် ဒေသခံတွေကြား စိုးရိမ်ကြောက်လန့်နေရတယ်လို့ သိရပါတယ်။











