DVB Logo
Home
မြန်မာသတင်း
၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေ ဖျက်သိမ်း၍မရဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
DVB
·
October 2, 2021
၂၀၀၈ ဖွဲ့စည်းပုံအခြေဥပဒေ ဖျက်သိမ်း၍မရဟု အကြမ်းဖက်စစ်ခေါင်းဆောင်ပြော
1 / 2
Donate to DVB

မြန်မာနိုင်ငံဟာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေကြောင်းနဲ့ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေဥပဒေအား ပြည်သူ့ဆန္ဒခံယူပွဲ ကျင်းပပြီး အတည်ပြုဆောင်ရွက်ခဲ့တာဖြစ်လို့ ဖျက်သိမ်းလို့  မရကြောင်း အာဏာသိမ်း အကြမ်းဖက် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။

ဖွဲ့စည်းပုံမှာပါတဲ့ ခေတ်ကာလနဲ့ ညီညွတ်မှုမရှိတဲ့ အကြောင်းအရာတွေကို ပြင်ဆင်နိုင်ဖို့အတွက် မိမိတို့အနေနဲ့ လက်ခံကြောင်း၊ မိမိတို့အနေနဲ့ ဒီမိုကရေစီအရ ထိန်းသိမ်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းနဲ့ ရွေးကောက်ပွဲအား မှန်မှန်ကန်ကန်နဲ့ ပြန်လည်ကျင်းပနိုင်ရေး စနစ်တကျဖြစ်အောင်  စီမံဆောင်ရွက်ကြရန်လိုကြောင်းလည်း ပြောပါတယ်။ 

အောက်တိုဘာ ၁ ရက်မနက်က  ရှမ်းပြည်နယ် စစ်ကောင်စီအဖွဲ့ဝင်တွ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသက တာဝန်ရှိသူတွေ၊ ဌာနဆိုင်ရာဝန်ထမ်းတွေ၊ မြို့မိမြို့ဖတွေနဲ့ တောင်ကြီးမြို့ရှိ ရှမ်း ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမမှာ တွေ့ဆုံစဉ်ပြောဆိုခဲ့တာပါ။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်လို့ ကြိုးပမ်းဆောင်ရွက်နေပြီး မိမိတို့နိုင်ငံဟာ ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ တိုင်းရင်းသားတွေ စုပေါင်းနေထိုင်တဲ့ ပြည်ထောင်စုနိုင်ငံ ဖြစ်ကြောင်း၊ ဒါကြောင့် ဒီမိုကရေစီစနစ်နဲ့  ဖက်ဒရယ်စနစ်ကို သိရှိရန်လိုကြောင်း၊ ဒီမိုကရေစီစနစ် ဆိုတာ အများစုရဲ့ သဘောဆန္ဒနဲ့ ဥပဒေနဲ့အညီ အုပ်ချုပ်ဆောင်ရွက်ကြရတာ ဖြစ်ကြောင်း၊ ဥပဒေနဲ့ အညီဆောင်ရွက်မည်ဆိုပါက အားလုံးလိုက်နာကြရမှာဖြစ်ပေမဲ့ “လူညီလျှင်ဤကိုကျွဲဖတ်သည်” ဆိုတဲ့ လုပ်ရပ်မျိုးဆောင်ရွက်၍မရ ကြောင်းလည်းပြောပါတယ်။ 

ရှမ်းပြည်နယ်မှာ ဆန်ဖူလုံမှုရှိတဲ့ပြည်နယ်တစ်ခုဖြစ်ပြီး ပိုလျှံတဲ့ ဆန်တွေကို ပြည်ပသို့တင်ပို့နိုင်တဲ့ အထိ အရည်အသွေးပြည့်မီအောင် ဆောင်ရွက်ဖို့နဲ့ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ Bio Gas အသုံးပြုပြီး လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်ရေး နည်းလမ်းရှာဖွေဆောင်ရွက်ကြဖို့ လည်းပြောပါတယ်။

တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှုကို အားပေးပေမဲ့ ပြည်ထောင်စုစာပေဖြစ်တဲ့ မြန်မာစာနဲ့ မြန်မာစကားကိုအသုံးပြုရမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားတွေရဲ့  အမျိုးသားရေး စရိုက်လက္ခဏာတွေကို ထိန်းသိမ်းဆောင်ရွက်ကြဖို့လည်းပြောပါတယ်။

ဒါ့အပြင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ မနေ့ မွန်းလွဲပိုင်းက  အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ တောင်ကြီးတပ်နယ်ရှိ အရာရှိ၊ စစ်သည်၊ မိသားစုတွေနဲ့ တိုင်းစစ်ဌာနချုပ်ခန်းမမှာ တွေ့ဆုံပြီး အမြဲတမ်း တိုက်ပွဲဝင်အသင့်ဖြစ်နေအောင် ပြင်ဆင်ထားဖို့ မှာကြားခဲ့ပါတယ်။

“နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရာ၌ မည်သည့်တပ်ဖွဲ့တွင် တာဝန် ထမ်းဆောင်သည်ဖြစ်စေ ခြေလျင်တပ်ကဲ့သို့ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမြဲတမ်း တိုက်ပွဲဝင်အသင့် (Fit for Fight, Ready for Fight) ဖြစ်နေရန်လိုအပ်မည်ဖြစ်ကြောင်း၊ ထို့ ကြောင့် လေ့ကျင့်သားပြည့်ဝအောင် လုပ်ဆောင်နေကြရ မည်ဖြစ်ကြောင်း။” စစ်ခေါင်းဆောင်က ပြောပါတယ်။

တပ်မတော်သားတိုင်း ဆံပင်ပုံစံကစပြီး ဖိနပ်ကြိုးစည်းတဲ့အဆုံး နေထိုင်သွားလာမှု၊ ဝတ်စား ဆင်ယင်မှု၊ စားသောက်မှု ပုံစံတွေအားလုံး တစ်ဦးချင်းစည်းကမ်းစနစ်တကျရှိအောင် နေထိုင် ကြဖို့လည်း တိုက်တွန်းသွားပါတယ်။'

Photo-DSINFO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013