မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာအုပ်စု စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တယောက် လစာထုတ်ပြီးအပြန် ရုံးပင်ကျေးရွာ တောင်ဘက် မန္တလေးတူးမြောင်းဘောင်ပေါ်မှာ စက်တင်ဘာ ၃၀ ရက် ဒီနေ့ညနေ ၃ နာရီလောက်က သေနတ်နဲ့ ပစ်သတ်ခံခဲ့ရပါတယ်။
ဒေသခံတစ်ဦးက “ကျနော်တို့ ကျေးရွာအုပ်စုအတွင်းက ရွာတွေကို အကြိမ်ကြိမ် စစ်တပ်ခေါ်ပြီး မွှေနှောက်ဒုက္ခပေးတယ်။ ပြီးခဲ့တဲ့ ၁၀ ရက်နေ့ကလည်း စစ်တပ်ခေါ်ပြီး စကားပင်အုပ်စု တံတားဖြူကျေးရွာက အိမ်တစ်လုံးမီးရှို့ပြီး လူငယ်နှစ်ဦးကိုဖမ်းဆီးသွားတယ်” လို့ ပြောပါတယ်။
သေဆုံးသူဟာ တံတားဖြူရွာသား အသက် ၅၅ နှစ်အရွယ် ဦးမြင့်ဦးလို့ သိရပြီး တော်လှန်ရေးကာလအတွင်း အုပ်ချုပ်ရေးမှူးအဖြစ် စစ်ကောင်စီက ခန့်အပ်ထားကာ CDM ဝန်ထမ်းတွေကို အများဆုံးဒုက္ခပေးနေသူလို့ ဆိုပါတယ်။
မတ္တရာမြို့နယ်မှာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ၄ ဦး၊ ပျူစောထီး ၂ ဦး နဲ့ ဒလန် ၁၀ ဦးလောက် ရှင်းလင်းသတ်ဖြတ်တာ ခံထားရတယ်လို့ သိရပါတယ်။