DVB Logo
Home
မြန်မာသတင်း
တရက်လျှင် ရွှေပိဿာချိန် ၂၀ အထိရောင်းချပေးမည်ဟု ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း ကြေညာ
DVB
·
September 29, 2021
တရက်လျှင် ရွှေပိဿာချိန် ၂၀ အထိရောင်းချပေးမည်ဟု ရန်ကုန် ရွှေလုပ်ငန်းရှင်များအသင်း ကြေညာ
1 / 2
Donate to DVB

မြန်မာပြည်တွင်းမှာ  ရွှေစျေးတွေ အတက်ကြမ်းပြီး ရောင်းလိုအား၊ ဝယ်လိုအား မျှတမှုမရှိတဲ့အပေါ် ရွှေစျေးနှုန်း တည်ငြိမ်ရေးအတွက် ရွှေဆိုင်တွေမှာ တနေ့လျှင် ပိဿာချိန် ၂၀ အထိရောင်းချပေးမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက စက်တင်ဘာ ၂၉ ရက် ဒီကနေ့  တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါထုတ်ပြန်ချက်အရ မနေ့မနက်ပိုင်းက ရွှေစျေးနှုန်းတည်ငြိမ်ရေးနဲ့ စပ်လျဉ်းပြီး ပြုလုပ်ခဲ့တဲ့ ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်း အလုပ်အမှုဆောင်အစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရ ရွှေဆိုင်တွေမှာ အခုကာလအတွင်း တနေ့လျှင် ရွှေပိဿာချိန် ၂၀ အထိ ရောင်းချပေးသွားမယ့်အကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံရွှေစျေးကွက်မှာ မကြုံစဖူးလောက်အောင် ရွှေစျေးခေါင်ခိုက် တက်နေချိန်မှာ ဒီကြေညာချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။

ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်က အစည်းအဝေးအဖွင့်မှာ ရွှေစျေးနှုန်း တည်ငြိမ်ကျဆင်းစေရေး အထူးအလေးပေး ပြောကြားခဲ့သလို အသင်းရဲ့အထွေထွေ အတွင်းရေးမှူး ဦးဝင်းမြင့်က အသင်းသားတွေနဲ့ ရွှေစျေးနှုန်းတည်ငြိမ်ကျဆင်းစေရေးဆွေးနွေးကြပြီးနောက် ဆုံးဖြတ်ချက် နှစ်ရပ် ချမှတ်ခဲ့ပါတယ်။ ပထမဆုံးဖြတ်ချက်ကတော့ ဇွဲထက်စိန်ရွှေရတနာဆိုင်၊ အကယ်ဒမီစိန်ရွှေရတနာဆိုင်၊ အောင်သမာဓိစိန်ရွှေရတနာဆိုင်၊ ဦးဧရာစိုးနိုင် (ရွှေကုန်သည်) တို့မှ ရွှေငါးထုပ်နှုန်းနဲ့ တနေ့လျှင် စုစုပေါင်းရွှေအထုပ် ၂၀ ကို ရန်ကုန်တိုင်းဒေသကြီးရွှေလုပ်ငန်းရှင်များအသင်းရုံးမှာ ရောင်းချပေးသွားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ နောက်ဆုံးဖြတ်ချက်တခုကတော့ ဦးကျော်ဆွေ အသင်းဝင်းအမှတ် (၇၀၃) ကို အသင်းရဲ့ အကြံပေးအဖြစ် ခန့်အပ်ဖို့ ဖြစ်ပါတယ်။

ရွှေတွေ အခုလို ထုတ်ရောင်းပေးသွားမယ့်အခြေအနေနဲ့ပတ်သတ်ပြီး ရွှေလုပ်ငန်းရှင်တဦးက “ရွှေစျေးက အတက်အကျတွေကြမ်းပြီး ဝယ်လိုအား ရောင်းလိုအား မမျှတဲ့အချိန်မှာရှိနေတယ်လေ။ အဲ့လိုအချိန်မှာ ရန်ကုန်၊ မန္တလေးက စုပြီးတော့ ရွှေတွေကို ထုတ်ရောင်းပေးမယ်ပေါ့နော်။ တကယ်လည်း ထုတ်ရောင်းပေးမယ်ဆိုတော့ ဝယ်ချင်တဲ့သူအတွက်ကလည်း တနေ့ ကို ပိဿာချိန် ၂၀ အထိ ထုတ်ရောင်းမယ်ဆိုတာသိရတော့ အများသဖြင့် စိတ်အေးသွားတာပေါ့။ လူဆိုတာက သိတဲ့အတိုင်းပဲ။ မရဘူးဆိုရင် ဝယ်ချင်ကြတာ။ ရရင် မဝယ်ချင်ကြဘူးလေ။ အဲ့လိုလူမျိုးတွေအတွက် စိတ်သက်သာသွားစေမယ်။ ပြီးတော့ တကယ်လိုချင်ရင်လဲ  ပိဿာ ၂၀ အထိ ထုတ်ရောင်းပေးမယ်ဆိုတော့ စျေးက ထပ်တက်သလားဆိုရင် မတက်တော့ဘူးပေါ့။ ဒါက ရွှေစျေးနှုန်းတည်ငြိမ်ရေးကို စဉ်းစားပြီး ရောင်းပေးတာပါ။ ဝယ်ထားတဲ့ လူတွေကလည်း မထူးတော့ဘူးဆိုပြီး သူတို့ဝယ်ထားတာတွေ ပြန်ထုတ်ရောင်းတော့ ရွှေစျေးက တည်ငြိမ်သွားတဲ့သဘောပါ” လို့ ပြောပါတယ်။

ပြည်တွင်းရွှေရောင်းဝယ်ရေးစျေးကွက်မှာ အတက်ပဲတောက်လျှောက်ရှိလာတဲ့  မြန်မာ့ရွှေစျေးက စက်တင်ဘာ ၂၈ ရက်မှာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ ( နေ့လယ် ၂နာရီခွဲအချိန်) အကယ်ဒမီ တကျပ်သားစျေးနှုန်းက ၂၂ သိန်း ၁ သောင်း ၃ ထောင် ရှိပြီး ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၄၀ ဒေါ်လာရှိပါတယ်။

ဒီကနေ့ စက်တင်ဘာ  ၂၉ ရက် မှာ ရန်ကုန်ရွှေလုပ်ငန်းရှင်များအသင်းရဲ့ (ညနေ ၃ အချိန်) အကယ်ဒမီ တကျပ်သားစျေးနှုန်းက ၂၂ သိန်း သာ ရှိလို့ မြန်မာ့ရွှေစျေးက လတ်တလောမှာ အနည်းငယ်တည်ငြိမ်လာတဲ့ သဘောပါ။ ကမ္ဘာ့ရွှေစျေးက တအောင်စကို အမေရိကန်ဒေါ်လာ ၁၇၃၉ ဒေါ်လာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013