DVB Logo
Home
မြန်မာသတင်း
ရုရှားနိုင်ငံသို့ မြန်မာ့ပို့ကုန်များတင်ပို့ရာတွင် အကောက်ခွန် သက်သာကင်းလွတ်ခွင့်ရရှိနိုင်
DVB
·
September 29, 2021
ရုရှားနိုင်ငံသို့ မြန်မာ့ပို့ကုန်များတင်ပို့ရာတွင် အကောက်ခွန် သက်သာကင်းလွတ်ခွင့်ရရှိနိုင်
Donate to DVB

မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံသို့ ပို့ကုန်တွေတင်ပို့ရာမှာ အကောက်ခွန် သက်သာကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲကနေ သိရပါတယ်။

ပထမအကြိမ် မြန်မာ-ရုရှား စီးပွားရေးလုပ်ငန်းရှင်များဆွေးနွေးပွဲကို စက်တင်ဘာ၂၈ ရက်က Virtual စနစ်နဲ့ အွန်လိုင်းကနေ ကျင်းပရာမှာ နှစ်နိုင်ငံအစိုးရအဖွဲ့ဝင်တွေနဲ့ အတူ စီးပွားရေးလုပ်ငန်းရှင်တွေ တက်ရောက်ခဲ့ကြပါတယ်။

စစ်ကောင်စီခန့် ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက လက်ရှိအခြေအနေမှာ မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုပမာဏက နည်းပါးနေပေမဲ့ အခုလို ပထမအကြိမ် စီးပွားရေးလုပ်ငန်းရှင်တွေ အချင်းချင်းဆွေးနွေးပွဲကနေ  နှစ်နိုင်ငံအကြား ကုန်သွယ်မှုနှင့်ရင်းနှီးမြှပ်နှံမှုပမာဏ တိုးမြှင့်နိုင်ပြီး ရေရှည်ပူးပေါင်းဆောင်ရွက်မှုကို ဆောင်ကြဉ်းပေးနိုင် မယ်လို့ အခိုင်အမာယုံကြည်တဲ့ကြောင်း ပြောဆိုခဲ့ပါတယ်။

ရုရှားစီးပွားရေးလုပ်ငန်းရှင်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လွယ်ကူချောမွေ့စွာပြုလုပ်နိုင်ဖို့ ကြိုတင်သိရှိထားရမယ့် ရင်းနှီးမြှုပ်နှံမှု ဥပဒေတွေနဲ့ အခွင့်အလမ်းတွေကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံအနေနဲ့ လက်ရှိမှာ Eurasian Economic Union အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တာကြောင့် မြန်မာအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် Eurasian Economic Union’s Common System of Tariff Preferences အခွန်သက်သာခွင့် ပေးအပ်နေတာကြောင့် မြန်မာနိုင်ငံအနေနဲ့ ရုရှားနိုင်ငံသို့ ပို့ကုန်တွေတင်ပို့ရာမှာ အကောက်ခွန်ကင်းလွတ်ခွင့်နဲ့ တင်ပို့နိုင်မယ့် အခွင့်အလမ်းတွေ ရရှိမှာဖြစ်တယ်လို့ဆိုပါတယ်။

နှစ်နိုင်ငံအပြန်အလှန်ဆွေးနွေးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဝန်ကြီးဌာနရဲ့ သတင်းဖော်ပြချက်အရ နှစ်နိုင်ငံအကြား အလားအလာရှိတဲ့ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်ကဏ္ဍတွေနဲ့ စပ်လျဉ်းပြီး ဘဏ်လုပ်ငန်းနှင့်အာမခံ လုပ်ငန်း၊ လယ်ယာစိုက်ပျိုး၊ မွေးမြူရေးနှင့်ရေလုပ်ငန်း၊ ရေနံ၊သဘာဝဓါတ်ငွေ့နှင့်စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း၊ စားသောက် ကုန်ထုတ်လုပ််ရေးလုပ်ငန်း၊ သတ္တုတူးဖော်ရေးလုပ်ငန်း စတဲ့ကဏ္ဍ ၅ ခုမှာ အပြန်အလှန်ဆွေးနွေးခဲ့တဲ့အကြောင်း ဖော်ပြထားပါတယ်။

ရုရှားကို မြန်မာထွက်ကုန်တွေ တင်ပို့နိုင်မယ့် အခြေအနေနဲ့ ပတ်သက်ပြီး ပို့ကုန်၊သွင်းကုန်လုပ်ငန်းရှင်တဦးက “အခုမှ စီးပွားရေး လုပ်ငန်းပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်တာဖြစ်တာကြောင့် သူတို့အကြိုက်နဲ့ သူတို့လိုအပ်ချက် ဘာရှိလဲဆိုတာ မသိနိုင်သေးဘူး။ ပြီးတော့ သူတို့က တော်တော်ကြီးတဲ့ နိုင်ငံကြီးတခုလည်း ဖြစ်တယ်။ ဘေးပတ်ဝန်းကျင်နိုင်ငံတွေဆီကလည်း သူတို့လိုတာတွေကို ရနိုင်တယ်။ ပြီးတော့ သူတို့က ဆန်စားတဲ့သူလည်း မဟုတ်တော့ ဒီကပို့ကုန်တွေအတွက်က ခက်တော့ ခက်တယ်။ နောက်တချက်က တယောက်နဲ့ တယောက် ပြောဆိုဆက်ဆံတဲ့နေရာမှာလဲ ကြားခံ တတိယဘာသာ စကားက အင်္ဂလိပ်ဘာသာ စကားလေ။ သူတို့က ရုရှား ဘာသာဆိုတော့ ပြောရဆိုတာ နည်းနည်းတော့ ခက်တာပေါ့။ ဆိုတော့ ညှိနှိုင်း ဆောင်ရွက်တယ်ဆိုတဲ့နေရာမှာ ဘာသာစကားရယ်၊ ပြီးတော့ systems ကလည်း ကွာတဲ့ဟာတွေ ရှိတယ်။ သူတို့ရဲ့ ယန္တရားက တခြားဆိုရှယ်လစ်နိုင်ငံတွေလို မဟုတ်ဘူး။ စျေးကွက်စီးပွားရေးစနစ်ပုံစံမျိုး ရှိတယ်လို့လည်း ကြားရတယ်။ အခွင့်အလမ်းကတော့ ရှိကောင်း ရှိနိုင်ပါတယ်။ သို့သော်လည်း သယ်ယူပို့ဆောင်ရေးက အလှမ်းဝေးတော့ ကိုယ့်ဆီကပစ္စည်း၊ သူ့ဆီကပစ္စည်း ပို့တဲ့နေရာမှာ ကုန်သွယ်မှု စရိတ်တွေ များနိုင်တယ်။ တကယ်လို့ သူတို့ဆီက ထွက်တဲ့ ရေနံတို့ စက်သုံးဆီတို့က မြန်မာပြည်အရောက် စျေးသက်သက်သာသာနဲ့ ရောက်နိုင်ရင်တော့ ယှဉ်ပြိုင်နိုင်စွမ်း ရှိနိုင်ပါတယ်။ ဒီလိုမှ မဟုတ်ရင်တော့ အဆင်မပြေနိုင်ဘူး”လို့  သုံးသပ်ပြောပါတယ်။

ရင်းနှီးမြုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်တဲ့ ကိန်းဂဏန်း အချက်အလက်တွေအရ မြန်မာနိုင်ငံမှာ ရုရှားရဲ့ ရင်းနှီးမြုပ်နှံမှုပမာဏက ရေနံနဲ့သဘာဝဓာတ်ငွေ့ ကဏ္ဍမှာ  အမေရိကန်ဒေါ်လာ ၉၄ သန်းသာရှိပါတယ်။ ဒီပမာဏ ၁၉၈၈ ခုနှစ်မတိုင်ခင်ကတည်းက ရင်းနှီးမြုပ်နှံထားရှိတဲ့ ပမာဏသာဖြစ်ပြီး နောက်ထက် ဘာရင်းနှီးမြုပ်နှံမှုမှ ဝင်ရောက်လာတာ မတွေ့ရသေးပါဘူး။

ရုရှားရင်းနှီးမြုပ်နှံမှုနဲ့ ပတ်သက်ပြီး စီးပွားရေးသုတေသီတဦးရဲ့ အမြင်ကတော့ “ရုရှား-မြန်မာ နှစ်နိုင်ငံစီးပွားရေးဆက်ဆံမှုမှာ ရင်းနှီးမြုပ်နှံမှုကော၊ ကုန်သွယ်မှု ကောပေါ့နော်။ ကျနော်တို့ တွေ့ရသလောက်က မရှိသလောက်ပဲ တော်တော်နည်းတယ်ဗျ။ ဘာကြောင့်လဲဆိုတော့ ဒီနှစ်နိုင်ငံစီးပွားရေး ဆက်ဆံမှုက အရင်ကတည်းက အလှမ်းဝေးခဲ့တာပါ။ ပြီးတော့ ရုရှားနိုင်ငံရဲ့စီးပွားရေးက ရေနံနှင့်သဘာဝဓာတ်ငွေ့က အဓိကပဲ ။ သူ့ရေနံနှင့်သဘာဝဓာတ်ငွေ့ကို ဘယ်ရောင်းလဲဆိုတော့ ဥရောပဆီ အဓိကရောင်းတာ။ ပြီးရင် စစ်လက်နက်ပစ္စည်း ထုတ်ရောင်းတာပေါ့နော်။ ကျန်တဲ့စီးပွားရေးက ကြီးကြီးမားမားမရှိဘူး။ ဒီတော့ ကျနော့်အမြင်  ရုရှားက မြန်မာစစ်ကောင်စီကို စစ်ရေးနည်းလမ်းအရသာ ကူညီကောင်းကူညီလိမ့်မယ်၊ စီးပွားရေးနည်းလမ်းအရ ကူညီပေးဖို့က သိပ်မမြင်ဘူး”လို့ ဆိုပါတယ်။

မြန်မာ-ရုရှား နှစ်နိုင်ငံကုန်သွယ်မှုက ၂၀၁၅-၂၀၁၆  ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၁၂၄ သန်း ရှိပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၆၀ ဒသမ ၆၂၃ သန်း ထိ နှစ်ဆကျော်တိုးလာပါတယ်။   အဆိုပါ ကုန်သွယ်မှုပမာဏမှာ မြန်မာစစ်တပ်က ရုရှားထံကနေ တိုက်လေယာဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ဝယ်ယူတဲ့ ပမာဏ ပါဝင်ခြင်းရှိမရှိတော့ မသိရသေးပါဘူး။ 

မြန်မာကနေ အဓိကပို့ကုန်တွေက အဝတ်အထည်၊ ဆန်နဲ့ ဆန်ထွက်ပစ္စည်း ပဲမျိုးစုံတို့ဖြစ်ပြီး ရုရှားကနေ မြန်မာကို စစ်လက်နက်ပစ္စည်းတွေ၊ ရေနံထွက်ပစ္စည်း၊ မြေဩဇာ၊ ဂျုံ၊ စက်မှုကုန်ကြမ်းသုံး ဆီထွက်သီးနှံ၊ ပုံနှိပ်စက္ကူနဲ့ ဓာတုပစ္စည်းတွေ ဖြစ်ပါတယ်။

Photo-MOI

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013