DVB Logo
Home
မြန်မာသတင်း
ကတိအတိုင်း နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို
DVB
·
December 24, 2013
Donate to DVB

သမ္မတ ဦးသိန်းစိန်အနေနဲ့ ပေးထားတဲ့ ကတိအတိုင်း  နိုင်ငံရေး အကျဉ်းသားတွေကို  ဒီနှစ်ကုန် လွှတ်ပေးဖို့ လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆိုလိုက်ပါတယ်။

HRWဒီနှစ်အတွင်း နိုင်ငံရေး ပြစ်မှုတွေနဲ့ စွဲဆိုခံထားရသူ ၂၀၀ အပါအ၀င် နိုင်ငံရေးအကျဉ်း သားအားလုံးကို ဒီနှစ်ကုန် ပြန်လွှတ်ပေးဖို့ အမေရိကန်အခြေစိုက် HRW အဖွဲ့က ဒီနေ့ရက်စွဲနဲ့  ကြေညာချက်ထုတ်ပြန် တောင်းဆိုလိုက်တာပါ။

မြန်မာအစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးပြီး သိသာတဲ့ ခြေလှမ်းတွေ လုပ်ဆောင်ခဲ့ပေမယ့် ဒီကိစ္စဟာ မပြီးဆုံးသေးဘူးလို့ HRW အာရှ ညွှန်ကြားရေးမှူး ဖီလ်းရော်ဘတ်ဆန်က ထုတ်ပြန်ချက်မှာ  ပြောပါတယ်။

 နိုင်ငံရေး အကျဉ်းသားဟောင်းတွေကို လွှတ်ပေးပြီး အသစ်တွေကို ဖမ်းဆီးနေတဲ့ မြန်မာ အစိုးရရဲ့ ကစားကွက်ကို နိုင်ငံခြား အလှူရှင်တွေက ခွင့်မပြုသင့်သလို အစိုးရကို ဝေဖန်တဲ့ သူတွေကို တရားမ၀င် ဖမ်းဆီးမှုတွေ အဆုံးသတ်ပြီး ဥပဒေနဲ့ မူဝါဒ ပြုပြင်ပြောင်းလဲရေးအတွက် ဖိအားပေးသင့်ပါတယ်လို့လည်း သူက ပြောပါတယ်။

 ၂၀၁၂ ဇန်န၀ါရီလကတည်းက စတင်ပြီး ဦးသိန်းစိန်က နိုင်ငံရေး အကျဉ်းသားတွေကို လွတ်ပေးခဲ့ပေမယ့် ဒီလွတ်ငြိမ်းချမ်းသာခွင့်တွေက မြန်မာကို နိုင်ငံတကာက ဧည့်သည်တွေလာတဲ့အချိန်နဲ့ ဦးသိန်းစိန် နိုင်ငံတကာကို ခရီးထွက်တဲ့ အချိန်မှာ ဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်က ရေးပါတယ်။

 လတ်တလော  ငြိမ်းချမ်းစွာ စီတန်းခွင့်နဲ့  အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ စွဲဆို ပြစ်ဒဏ်ချမှတ်ခံထားရသူ ၁၅၆ ဦး၊  ထောင်ဒဏ်ချမှတ်ခံရဖို့ စောင့်ဆိုင်းနေရသူ ၃၃ ဦးရှိနေပြီး ကချင်လွတ်မြောက်ရေး တပ်မတော်ကို ကူညီတယ်ဆိုပြီး အရေအတွက် အတိအကျ မသိရတဲ့ ကချင်အရပ်သားတွေကလည်း အကျဉ်းကျခံနေသလို ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းအပြီး ရိုဟင်ဂျာ ၅၃၅ ဦး အကျဉ်းကျခံနေရတယ်လို့ ဆိုပါတယ်။

အစိုးရက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံရေးအကျဉ်းသား စိစစ်ရေးကော်မတီဝင် ဦးရဲအောင်ကတော့ ဒီနှစ်အကုန်မှာ ဖမ်းဆီးခံ နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်နိုင်ဖို့ မဖြစ်နိုင်သေးဘူးလို့ ပြောပါတယ်။

“ကျနော်တို့ ဆောင်ရွက်နေပါတယ်။ ဒါပေမယ့် ကျနော်တို့ဆီမှာရှိတဲ့ စာရင်းဇယားတွေ လိုအပ်ချက်တွေအရ ဒီနှစ်ကုန်အပြီး သိပ်မကြာခင်မှာပဲ ဖြစ်နိုင်မယ်လို့ ယူဆပါတယ်။ ဒီဟာနဲ့ ပတ်သက်တဲ့ ဆောင်ရွက်ချက်မှာ နံပါတ် ၁ အခက်အခဲကတော့ ကျနော်တို့ဆီမှာ တိကျခိုင်မှာတဲ့ စာရင်းဇယားတွေ မရှိထားတဲ့အတွက် ဒီစာရင်းဇယားတွေ ရဖို့အတွက် အချက်အလက် စုဆောင်းရှာဖွေရတာတွေ အခက်အခဲရှိတယ်။”

 သူတို့ရဲ့ စာရင်းတွေအရ အကျဉ်းကျခံနေဆဲ နိုင်ငံရေး အကျဉ်းသား ၄၀ ၀န်းကျင်ရှိနေတယ်လို့လည်း သိရတယ်။

 HRW အဖွဲ့ကတော့ စစ်အစိုးရလက်ထက်  ဟောင်းနွမ်းနေတဲ့ ဥပဒေတွေနဲ့ စွဲဆိုထားတာတွေကို ဖြေရှင်းဖို့၊ နိုင်ငံရေး အကျဉ်းသားတွေကို စိစစ်ဖို့ ဖွဲ့စည်းထားတဲ့ နိုင်ငံရေး အကျဉ်းသား စိစစ်ရေး ကော်မတီရဲ့ လုပ်ပိုင်ခွင့်ကို ပြန်လည်လုပ်ဆောင်ပေးဖို့ ဦးသိန်းစိန်ကို တောင်းဆိုထားပါတယ်။

 ဒါ့ပြင် ၁၉၈၈ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့် စတဲ့ဥပဒေတွေကိုလည်း  နိုင်ငံတကာ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အစိုးရအနေနဲ့ ပြည်လည်သုံးသပ်တာ ဒါမှမဟုတ် ဖျက်သိမ်းတာတွေ လုပ်ဆောင်သင့်တယ်လို့လည်း အကြံပြုတိုက်တွန်းထားပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013