ကနီမြို့နယ်အတွင်း စက်တင်ဘာလ ၁၃ရက်နေ့က စစ်ကောင်စီတပ်များ တောင်တွင်းချောင် မိုင် ၄၀-၄၅ရှိ ခြေလျှင်ခရီးအဖြစ် နယ်မြေရှင်းလင်းရေးဝင်ရောက်စဥ် တပ်သား ၁၆ ဦး ထွက်ပြေးခဲ့တယ်လို့ နယ်မြေခံပြည်သူကာကွယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။
“ကျနော်တို့ဆီ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က CDM လုပ်လာတဲ့ စစ်သား ၂ ဦး ရှိခဲ့တယ်။ နယ်မြေလုံခြုံရေးနဲ့ သူတို့လုံခြုံရေးထိခိုက်မှာစိုးတာကြောင့် သတင်းမထုတ်သေးဘဲ နေခဲ့တာဗျ။ အခုတော့ သူတို့ကို တိုင်းရင်းသားလက်နက်ကိုင်နယ်မြေစခန်းဆီ ပို့ခဲ့ပြီဗျ။ အတူ ထွက်ပြေးခဲ့တာ သူတို့အပါအဝင် ၁၆ ဦးလို့ ပြောတယ်။ အကုန် နှစ်ယောက်တစ်စု၊ သုံးယောက် တစ်စုခွဲပြီး ပြေးခဲ့ကြတယ်လို့တော့ ပြောတာပဲ” လို့ ကနီမြို့ ပြည်သူ့တော်လှန်ရေး ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။
ကနီမြို့နယ်က ထွက်ပြေးပြီး CDM ပြုလုပ်ခဲ့တဲ့ စစ်သား ၂ ဦးဟာ ဖြိုးဝေစိုးနဲ့ ဝင်းဇော်ထူးတို့ ဖြစ်ကြပါတယ်။
ကျန်တပ်သားတွေကတော့ ဝင်းကိုကို၊ နေလင်းထွန်း၊ ဟိန်းမင်း၊ ထက်နောင်ထွန်း၊ လက်တင်သောင်၊ စောထူဝါး၊ ရန်နိုင်ထွန်း၊ ထက်လင်းအောင် (ကရင်)၊ ကျော်လင်းဦး၊ အောင်ဌေးကျော် (စနိုက်ဘာ)၊ အောင်ကောင်းမြတ်တို့ ၁၁ ဦးဖြစ်ပြီး ကျန်သူတွေက အမည်မသိရသေးဘူးလို့ ဆိုပါတယ်။
အခု ထွက်ပြေးလာတဲ့ စစ်သားတွေဟာ မော်လိုက်မြို့ အခြေစိုက် ခမရ (၃၆၅) က ဖြစ်တယ်လို့ ကနီမြို့နယ်ပြည်သူကာကွယ်ရေးခေါင်ဆောင်ဆီက သိရပါတယ်။