DVB Logo
Home
မြန်မာသတင်း
ချင်းပြည်နယ်ကို ၂ ပတ်အတွင်း စစ်ရေးအရ အပြတ်ချေမှုန်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
DVB
·
September 26, 2021
ချင်းပြည်နယ်ကို ၂ ပတ်အတွင်း စစ်ရေးအရ အပြတ်ချေမှုန်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်
Donate to DVB

ချင်းပြည်နယ်ကို အချိန် သီတင်း  ၂ ပတ်အတွင်း စစ်ရေးအရ အပြတ်ချေမှုန်းမယ်လို့ စစ်ကောင်စီက သတင်းလွှင့်ခဲ့တဲ့အပေါ် ချင်းပြည်နယ်ဒေသခံ CDF တွေရှိတဲ့နေရာကိုရောက်ရင် အဖြေကို သိရလိမ့်မယ်လို့ မင်းတပ် CDF တာဝန်ရှိသူက တုံ့ပြန်ပြောကြားလိုက်ပါတယ်။ 

ချင်းပြည်နယ် ထန်တလန်၊ ဟားခါး၊ မတူပီမြို့တွေကို ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း  စစ်ကောင်စီက အကြမ်းဖက်တိုက်ခိုက်နေတာကြောင့် မြို့ခံတွေဟာ ဘေးလွတ်ရာကို ရှောင်နေကြရပါတယ်။ စက်တင်ဘာ ၂၅ ရက်မှာတော့ စစ်ကောင်စီက ချင်းပြည်နယ်ကို အချိန် ၂ ပတ်အတွင်း စစ်ရေးအရ အပြတ်ချေမှုန်းမယ်ဆိုတဲ့သတင်းစကား ထွက်ပေါ်ခဲ့ပါတယ်။

ချင်းပြည်နယ်ကို စစ်ရေးအရ ၂ ပတ်အတွင်း ချေမှုန်းမယ်ဆိုတဲ့  သတင်းစကားဟာ စစ်ကောင်စီက ချင်းလူမျိုးတွေအားလုံးကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်တာဖြစ်တယ်လို့ ချင်းပြည်နယ်ဒေသခံ နိုင်ငံရေးသမားတစ်ယောက်က ပြောပါတယ်။

စက်တင်ဘာ ၂၅ ရက်နဲ့  ၂၆ ရက်နေ့တွေမှာ ချင်းပြည်နယ်အတွင်း တိုက်ပွဲတွေ အနည်းငယ် ပြန်ငြိမ်သက်သွားပေမယ့် ကောင်းသောငြိမ်သက်ခြင်းတော့ မဟုတ်ဘူးလို့ မင်းတပ် CDF တာဝန်ရှိသူက ပြောပါတယ်။

“စစ်ကောင်စီတပ်တွေနဲ့ CDF တွေ အပြန်အလှန် စောင့်ကြည့်နေကြပြီး အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။ စစ်ကောင်စီဘက်က လှုပ်ရှားမှုတွေကို စောင့်ကြည့်နေပြီး CDF က အဆင်သင့်ပြင်ထားတယ်” လို့ မင်းတပ် CDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့ စစ်ကောင်စီရဲ့ အကြမ်းဖက်ပစ်ခတ်မှုတွေကြောင့် စက်တင်ဘာ ၂၀ ရက်နေ့မှာ ထန်တလန်မြို့ခံတွေဟာ မြို့လုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ဟားခါးမြို့ကိုလည်း စက်တင်ဘာ ၁၉ ရက်နေ့ ညမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ပစ်ခတ်အကြမ်းဖက်ခဲ့တာကြောင့် မြို့ခံတချို့ဟာ နေအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။ 

စက်တင်ဘာ ၂၄ ရက်နေ့မှာတော့ မတူပီမြို့ကို စစ်ကောင်စီက ဝင်ရောက်အကြမ်းဖက်ခဲ့ပြီး ပြည်သူတချို့ကို ဖမ်းဆီးခဲ့ပါတယ်။

စစ်ကောင်စီက ချင်းပြည်နယ် ဟားခါးမြို့ကလွဲပြီး ကျန်တဲ့ ၈ မြို့နယ်စလုံးကို အင်တာနက်တွေ ဖြတ်တောက်ထားပါတယ်။

အင်တာနက်နဲ့ ဖုန်းလိုင်းပြတ်တောက်မှုတွေကြောင့် ချင်းပြည်နယ်ထဲမှာ ဘဏ်စနစ်နဲ့ ငွေလွှဲလုပ်ငန်းတွေအားလုံး ရပ်ဆိုင်းကုန်ပြီး ပြည်သူတွေ ငွေသားရဖို့အတွက်လည်း ခက်ခဲနေပါတယ်။

ထန်တလန်မြို့နဲ့ ဟားခါးမြို့မှာ စစ်ဘေးရှောင်ပြည်သူ ၂၀၀၀၀ ကျော်ရှိနေပြီး ဒုက္ခသည်စခန်းတွေ ဖွင့်ဖို့စီစဉ်နေတယ်လို့ ချင်းနှစ်ချင်းခရစ်ယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌက အတည်ပြုထားပါတယ်။

မင်းတပ်မြို့ကိုတော့ စစ်ကောင်စီက ဇွန်လဆန်းမှာ အကြမ်းဖက်တိုက်ခိုက်ခဲ့တာကြောင့် သောင်းနဲ့ချီတဲ့ ပြည်သူတွေဟာ စစ်ဘေးရှောင်ခဲ့ရပါတယ်။ 

မင်းတပ်ပြည်သူတွေကို UNHCR က အကူအညီပေးဖို့ ကြိုးစားခဲ့ပေမယ့် စစ်ကောင်စီက ကန့်သတ်ခဲ့တာကြောင့် ပြည်သူတွေဟာ အကူအညီတွေကို မရခဲ့ပါဘူး။ ချင်းပြည်နယ်မှာ စစ်ရေးကို အခြေခံပြီးဖြစ်နေတဲ့ အခက်အခဲတွေကိုဖြေရှင်းဖို့ ကြိုးစားပြီးနည်းလမ်းရှာနေတယ်လို့ CDF တွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013