DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့် မရေရာသေး
DVB
·
December 24, 2013
မြန်မာနိုင်ငံတွင် နိုင်ငံခြားဘဏ်များ ဖွင့်လှစ်ခွင့် မရေရာသေး
Donate to DVB

ဂျပန်နိုင်ငံ တိုကျို မစ်ဆူဘီရှီဘဏ်လုပ်ငန်းက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းဆိုင်ရာ လုပ်ကိုင်နိုင်ဖို့ သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ တောင်းဆိုခဲ့ပါတယ်။
သမ္မတဦးသိန်းစိန်ရဲ့ ဂျပန်နိုင်ငံခရီးစဉ်မှာ တိုကျို မစ်ဆူဘီရှီဘဏ်ရဲ့ ဥက္ကဋ္ဌက မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းကို နိုင်ငံခြားကုမ္ပဏီတွေအတွက် ဖွင့်လှစ်ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်တွန်းခဲ့တဲ့အပြင် ဖွင့်လှစ်ခွင့်ပေးမယ်ဆိုရင်လည်း မိမိတို့ဘဏ်အနေနဲ့ မြန်မာနိုင်ငံမှာ လာရောက် လုပ်ကိုင်လိုကြောင်း ပြောဆိုခဲ့ပါတယ်။

[caption id="attachment_49040" align="alignright" width="300"]Photo by Reuters Photo by Reuters[/caption]ဒါပေမယ့် မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းဘဏ်လုပ်ငန်းနယ်ပယ်မှာ ၀င်ရောက်ခွင့်ပြုဖို့အတွက် လိုအပ်ချက်တွေ ရှိနေကြောင်းနဲ့ မြန်မာပြည်မှာ နိုင်ငံခြားဘဏ် တွေကို ၀င်ရောက်လုပ်ကိုင်နိုင်ဖို့ နိုင်ငံတော်ဗဟိုဘဏ်က ဘဏ္ဍာရေး အဖွဲ့အစည်းဆိုင်ရာ (Financial Institution Law) ဥပဒေအသစ်ကို ပြန်လည်ရေးဆွဲနေကြောင်း၊ ဥပဒေသစ်ပေါ်ပြီးမှ လုပ်ကိုင်နိုင်မှာဖြစ်ကြောင်း ဗဟိုဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောပါတယ်။

“သူတို့ကို မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်း လုပ်ကိုင်နိုင်အောင်လို့ ကျနော်တို့ အခု ဥပဒေ ကြမ်း ရှိနေပါပြီ။ ဥပဒေ ထွက်လာတာနဲ့ Financial Institution Law ကို အသစ်ပေါ့နော် အဲဒါ ထွက်လာတာနဲ့ နိုင်ငံခြားဘဏ်တွေကို ပေးလုပ်တော့မှာပါ။”

ဗဟိုဘဏ်က အသစ်ရေးဆွဲနေတဲ့ ဥပဒေကြမ်းကတော့ ဘယ်အချိန်လောက်မှာ ပြီးစီးမယ် ဆိုတာနဲ့ လွှတ်တော်က ဘယ်အချိန် အတည်ပြု ပြဋ္ဌာန်းနိုင်မယ်ဆိုတာတော့ မသိရသေးပါဘူး။

နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လုပ်ကိုင်လာခြင်းဖြင့် ပြည်တွင်း စီးပွားရေးလုပ်ငန်းရှင်တွေ အတွက် လိုအပ်တဲ့ ငွေကြေးအရင်းနှီးတွေကို ရရှိနိုင်မှာ ဖြစ်တဲ့အပြင် ဘဏ်လုပ်ငန်းဆိုင်ရာ နည်းစနစ်တွေလည်း ပိုမိုကောင်းမွန်လာမှာ ဖြစ်တယ်လို့ ဗဟိုဘဏ်တာဝန်ရှိသူက အခုလို သုံးသပ်ပြောဆိုခဲ့ပါတယ်။

“အဲဒီတော့ နိုင်ငံခြားဘဏ်တွေ ဒီဝင်လာတာနဲ့ နိုင်ငံခြားမှာ သွားချေးနေစရာ မလိုတော့ဘူး။ နိုင်ငံခြားမှာ သွားချေးလို့ ရှိရင် အတိုးနှုန်းနည်းတာတော့ မှန်တယ်။ အရမ်းကြောက်ဖို့ ကောင်းတာက Exchange Rate က အရမ်းကြောက်ဖို့ ကောင်းတယ်။ နိုင်ငံခြားဘဏ်တွေကနေ တိုက်ရိုက် မြန်မာငွေနဲ့ ချေးလို့ ရမှာပါ။ လုပ်ငန်းရှင်တွေအတွက် ပိုပြီး အဆင်ပြေမယ်။ တချိန်တည်းမှာပဲ Banking System က နိုင်ငံတကာ Banking System ပုံစံ ဖြစ်လာမယ့်အတွက် ပြည်သူတွေအတွက် အများကြီး အဆင်ပြေလာမယ်။”

ကမ္ဘောဇဘဏ်ရဲ့ ဒုတိယဥက္ကဋ္ဌ ဦးသန်းလွင်ကတော့ နိုင်ငံခြားဘဏ်တွေကို ပြည်တွင်းမှာ လုပ်ကိုင်ခွင့်ပြုလာတဲ့အပေါ် ပြည်တွင်းဘဏ်လုပ်ငန်းတွေအနေနဲ့ စိုးရိမ်စရာမရှိဘူးလို့ ပြောပါတယ်။

“စိုးရိမ်စရာ မရှိပါဘူး။ လောလောဆယ်လည်း ဥပဒေတရပ်နဲ့ လုပ်နေတာလေ။ မြန်မာနိုင်ငံ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ဆိုတာလည်း အသစ်ပြန်ဆွဲနေတာကိုး။ အဲဒီမှာလည်း အတိအကျ ပါလာပါလိမ့်မယ်။ နိုင်ငံခြားဘဏ်တွေကို ဘယ်လို လက်ခံမလဲဆိုတာ။ ဒါလည်း စဉ်းစားနေတဲ့အပိုင်းက စဉ်းစားနေပြီ။ နောက်ပြီးတော့ လိုင်စင်ပေးတယ်ဆိုတာက ပုဂ္ဂလိက ဘဏ်နဲ့ ယှဉ်ပြိုင်နိုင်ဖို့က ဒီမှာ အခြေအနေရ ယှဉ်ပြိုင်နိုင်တဲ့ အင်အားတော့ မရှိဘူးပေါ့။ ဒါပေမယ့်လည်း ပေးတဲ့အခါမှာ အကန့်အသတ်နဲ့ ပေးလို့ရတယ်။ သူများနိုင်ငံလည်း အဲဒီလို စလက်ခံရတာပဲ။ တဆင့်ပြီးတဆင့် လက်ခံလို့ရှိရင် သိပ်စိုးရိမ်စရာ မရှိပါဘူး။”

အလားတူ ပုဂ္ဂလိကဘဏ်လုပ်ငန်းတခုဖြစ်တဲ့ အမ်အိုဘီဘဏ်ရဲ့ အထွေထွေမန်နေဂျာ ဦးစံသိန်းကလည်း နိုင်ငံခြားဘဏ်တွေ ၀င်ရောက်လာခြင်းဖြင့် ပြည်တွင်းမှာရှိတဲ့ ပုဂ္ဂလိက ဘဏ်တွေအနေနဲ့ စိန်ခေါ်မှုနဲ့အတူ တချိန်တည်းမှာ အခွင့်အလန်းတွေလည်း ရှိလာမယ်လို့ ဆိုပါတယ်။

“နိုင်ငံခြားဘဏ်တွေလာရင် ပုဂ္ဂလိကဘဏ်တွေက စိန်ခေါ်မှုတွေ ရှိသလို အခွင့်အလမ်းတွေ ရှိတယ်။ စိန်ခေါ်မှုတွေက သူတို့နဲ့ ကျနော်တို့က ယှဉ်ပြိုင်ရမယ်။ ယှဉ်ပြိုင်တဲ့ နေရာမှာ သူတို့က နည်းပညာတို့၊ ဈေးကွက်တို့ ဒီဟာတွေက အားသာချက် ရှိတယ်။ အဲဒါမျိုးတွေပဲ စိုးရိမ်စရာတွေ ရှိတယ်။ ဒါပေမယ့် ကျနော်တို့ရဲ့ အခွင့်အလမ်းတွေကတော့ သူတို့နဲ့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုရင် သူတို့ရဲ့ဈေးကွက်တွေ ရရင် ရနိုင်မယ်။ သူတို့ရဲ့ နည်းပညာတွေ ရနိုင်မယ်။ အဲဒီလိုမျိုးဖြစ်အောင် ကျနော်တို့က ကြိုးစားရမယ်။”

လတ်တလော မြန်မာနိုင်ငံမှာ နိုင်ငံခြားဘဏ်ပေါင်း ၄၀ လောက်က ကို်ယ်စားလှယ် ရုံးခန်းတွေ ဖွင့်လှစ်ထားကြတာ ဖြစ်ပြီး ဒီထဲမှာ ဂျပန်ဘဏ်ကြီးတွေဖြစ်တဲ့ ဆူမီတိုမို မက်ဆုအီ (Sumitomo Mitsui) ဘဏ်၊ မက်ဆူဘစ်ရှီ ယူအက်ဖ်ဂျေ (Mitsubishi UFJ) ဘဏ်နဲ့ သီလ၀ါ အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပါဝင်ပတ်သက်နေတဲ့ မီဇုဟို (Mizuho) ဘဏ်တွေလည်း ပါဝင်ပါတယ်။

နိုင်ငံခြားဘဏ်တွေအနေနဲ့ကတော့ လာမယ့်နှစ်အတွင်း မြန်မာနိုင်ငံမှာ ဘဏ်ခွဲတွေ ဖွင့်လှစ်ပြီး ဘဏ်လုပ်ငန်းတွေ အပြည့်အ၀ လည်ပတ်လုပ်ကိုင်ခွင့်ရဖို့ မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013