DVB Logo
Home
မြန်မာသတင်း
စစ်ရှောင်ကချင်ဒုက္ခသည် ၂ ဦးကို ထောင်ဒဏ် ထပ်တိုး
DVB
·
December 23, 2013
စစ်ရှောင်ကချင်ဒုက္ခသည် ၂ ဦးကို ထောင်ဒဏ် ထပ်တိုး
1 / 2
Donate to DVB

ကချင်ပြည်နယ်မှာ မတရားအသင်း ဆက်သွယ်မှုနဲ့ မြစ်ကြီးနားထောင်မှာ ထောင်ဒဏ်ချမှတ်ခံထားရတဲ့ စစ်ရှောင် ဒုက္ခသည် ၂ ဦးကို ပေါက်ကွဲမှုတွေနဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့မှာ ခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်မံချမှတ်လိုက်ပါတယ်။

နိုဝင်ဘာ ၁၅ ရက်နေ့က မြစ်ကြီးနားမြို့နယ် တရားရုံးမှာ မတရားအသင်းဆက်သွယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရသူ ၂ ဦးကို ပေါက်ကွဲမှု ပုဒ်မ (၃) နဲ့ ခရိုင်တရားရုံးက ထောင်ဒဏ် ၅ နှစ် ထပ်ချလိုက်တယ်လို့ ရှေ့နေ ဦးမာခါးက ပြောပါတယ်။

Myitkyina၂၀၁၂ ခုနှစ် ဇွန်လက စတင်ပြီး မြစ်ကြီးနားခရိုင်နဲ့ မြို့နယ်ရုံးတွေက ပေါက်ကွဲမှု၊ မတရား အသင်း ဆက်သွယ်မှုတွေနဲ့ ကချင်စစ်ရှောင် ဒုက္ခသည် ဦးလဖိုင်ဂမ်နဲ့ ဦးဘရန်ရုန်းတို့ကို စွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလိုစီရင်ချက်ချမှတ်လိုက်တာဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတရပ် ဖြစ်ကြောင်းနဲ့ စစ်ဘက်ရေးရာ လုံခြုံရေးအဖွဲ့ (စရဖ) က စစ်ကြောမေးမြန်းဖို့ ဖမ်းဆီးထားစဉ်မှာလည်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ ကျူးလွန်ခဲ့ကြောင်း ရှေ့နေ ဦးမာခါးက ပြောပါတယ်။

“သူတို့ကို စစ်ကြော မေးမြန်းတဲ့အခါမှာလည်း ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်။ ဥပမာ - ဘာသာရေးစော်ကားမှုတွေ လူ့အခွင့်အရေးချိုးဖောက်တဲ့ နှိပ်စက်ညှဉ်းပန်းမှု တွေလည်း ရှိတယ်။ တရားရုံးကို ရောက်ရှိတဲ့အခါမှာလည်း တရားရုံးရဲ့ တရားစီရင်ရေးဟာလည်း တရားဥပဒေ စိုးမိုးမှုမရှိဘူး။ တရားမျှတမှန်ကန်မှု မရှိဘူး။ တရားဥပဒေကို မျက်ကွယ်ပြုပြီးမှ ဆုံးဖြတ်စီရင်တဲ့အပိုင်းတွေ ရှိတယ်။ ဥပမာပြောရရင် စရဖ တွေ သူတို့ စစ်ကြောပြီးမှ တရားရုံးမှာ လာရောက် ထွက်ဆိုတယ်ဆိုတဲ့ အချက်အလက်တွေ ရှိတယ်။ အဲဒီဟာမှာ ထောက်ခံတဲ့ အချက်အလက် တခုမှ မရှိဘူး။ သူတို့ စစ်ကြောတဲ့အချက်တွေ မှန်ကန်တယ်ဆိုတဲ့ အကြောင်းအရာကို ထောက်ခံချက် မရှိဘူး။ တရားရုံးမှာ စရဖ တင်ပြတဲ့ အချက်တွေကို တရားရုံးက မှန်ကန်တယ်ဆိုပြီးမှ ဒီလူတွေကို ထောင်ချတယ်။ တရားရုံးမှာ ကတိသစ္စာ ကျိန်ဆိုပြီးမှ တရားရုံးမှာ ထွက်ဆိုရတာတွေ ရှိတယ်။ ဒါပေမယ့် ဒီဟာကို လုံးဝ ဥပက္ခာပြုပြီးမှ စရဖရုံးမှာ နှိပ်စက်ညှဉ်းပန်းပြီးမှ စစ်ကြောခံရတဲ့ဟာက ပိုပြီးမှ တန်ဖိုးရှိတဲ့ ပုံစံ ဖြစ်နေတယ်။ ဒါဆိုရင်တော့ တရားရုံးမှာ ကျမ်းကျိန်ထွက်ဆိုတဲ့ အပိုင်းက ဘာမှ တန်ဖိုးမရှိတဲ့ အနေအထား ရောက်သွားတာပေါ့။”

ဒီလိုထောင်ဒဏ်တွေ ချမှတ်လိုက်တဲ့အပြင် သူတို့ ၂ ဦးဟာ တခြားသော နေရာတွေမှာ ဗုံးထောင်မှုနဲ့ ပတ်သက်တဲ့ ပေါက်ကွဲမှု ပုဒ်မ (၄) စွဲဆိုချက် အမှုတခုထက်မနည်း ထပ်မံရင်ဆိုင်ရဖို့လည်း ရှိနေပါတယ်။

ထောင်ဒဏ် ချမှတ်ခံထားရတဲ့ ဒုက္ခသည်တွေဟာ အမှုတွေကို ဆက်လက်ရင်ဆိုင်နေရဆဲ ဖြစ်သလို အမှု ရင်ဆိုင်ရာမှာလည်း တရားလိုတွေ လာရောက်ခြင်း မရှိတဲ့အတွက် နှောင့်နှေး ကြန့်ကြာမှုတွေရှိနေတာပါ။

အရင်ကလည်း ကချင်ပြည်နယ် ဒုက္ခသည်စခန်းမှာနေထိုင်ခဲ့တဲ့ လထော်ဘရန်ရှောင်ကို ကချင်လွတ်လပ်ရေး တပ်မတော်အရာရှိအဖြစ် စွပ်စွဲပြီး မတရားအသင်းနဲ့ ဆက်သွယ်မှုနဲ့ ထောင်ဒဏ် ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တွေ ရှိခဲ့သလို ဖမ်းဆီးထားစဉ်မှာလည်း နှိပ်စပ်ညှဉ်းပန်းမှုတွေ ရှိခဲ့တယ်လို့ လထော်ဘရန်ရှောင်က ပြောဆိုခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013