DVB Logo
Home
မြန်မာသတင်း
မြန်မာ့အရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရန် အမေရိကန်ကို NUG တိုက်တွန်း
DVB
·
September 25, 2021
မြန်မာ့အရေး ထိရောက်သည့် အရေးယူဆောင်ရွက်မှုလုပ်ဆောင်ရန် အမေရိကန်ကို NUG တိုက်တွန်း
Donate to DVB

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ NUG အစိုးရတို့ တရားဝင်တွေ့ဆုံခဲ့ရာမှာ မြန်မာ့အရေးအတွက် ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေပြုလုပ်ဖို့ ဦးစားပေး တိုက်တွန်းခဲ့တယ်လို့  NUG  လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်နဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်းကိုယ်စားလှယ် ဦးကျော်မိုးထွန်း၊ NUG နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်၊ ဒုဝန်ကြီးဦးမိုးဇော်ဦးနဲ့ လူ့အခွင့်အရေးဆိုင်ရာပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းတို့  စက်တင်ဘာ ၂၃ ရက်နေ့က  တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

အရင်တုန်းက အမေရိကန်အစိုးရနဲ့ တွေ့ဆုံမှုတွေရှိပေမယ့် တရားဝင်သဘောမျိုးမဟုတ်ခဲ့ဘဲ အခုတစ်ကြိမ် တွေ့ဆုံမှုကတော့ တရားဝင်တွေ့ဆုံမှုဖြစ်ခဲ့တယ်လို့ NUG လူ့အခွင့်အရေးဆိုင်ရာ ပြည်ထောင်စုဝန်ကြီးက ဦးအောင်မျိုးမင်းက ပြောပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက NUG ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မဟုတ်သေးပေမဲ့ အခုတစ်ကြိမ် တွေ့ဆုံမှုကြောင့် NUG အတွက် ပိုကောင်းတဲ့ အခွင့်အလမ်းတွေရလာနိုင်ကြောင်းနဲ့ အမေရိကန်အစိုးရအနေနဲ့ နိုင်ငံတကာနဲ့ပူးပေါင်းပြီး ထိရောက်တဲ့ အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်ပေးဖို့ ဦးစားပေးတိုက်တွန်းခဲ့တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။ 

မြန်မာစစ်အာဏာရှင်ရဲ့ ကြောက်မက်ဖွယ်ရာ အကြမ်းဖက်မှု ကျူးလွန်မှုတွေကိုရင်ဆိုင်နေရတဲ့ မြန်မာပြည်သူလူထုအတွက် အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ဦးဆောင်မှုနဲ့ စူးစိုက်ဆောင်ရွက်မှုတွေအတွက် အသိအမှတ်ပြုတဲ့အကြောင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ဒီဆွေးနွေးပွဲမှာ  ပြောကြားခဲ့တယ်လို့ အမေရိကန်သံရုံးက  သတင်းထုတ်ပြန်ထားပါတယ်။

NUG နဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့တွေ့ဆုံမှုမှာ အမေရိကန်ဘက်က NUG ရဲ့ဆောင်ရွက်ချက်တွေနဲ့ ပြည်သူတွေရဲ့အခက်အခဲတွေကို အဓိကမေးမြန်းခဲ့ပြီး NUG ဘက်ကတော့ စစ်ကောင်စီကို  ထိရောက်တဲ့နည်းလမ်းတွေနဲ့အရေးယူဖို့၊ နယ်စပ်ဖြတ်ကျော်ပြီး လူသားချင်းစာနာမှုအကူအညီတွေ လက်ခံရယူနိုင်ဖို့ စတဲ့အချက်တွေဆွေးနွေးခဲ့ပါတယ်။ 

နိုင်ငံရေးပြဿနာတွေအပါအဝင် တိုင်းရင်းသားဒေသတွေမှာ ကိုဗစ်ကာကွယ်ရေးထိုးနှံရေးကိစ္စလို လူသားချင်းစာနာထောက်ထားတဲ့အကူအညီပေးရေးအတွက် NUG နဲ့ အမေရိကန်နိုင်ငံခြားရေးဌာန တာဝန်ရှိသူတို့ဟာ မူဝါဒရေးရာဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ 

ဒီဆွေးနွေးမှုတွေဟာ အမေရိကန်လွှတ်တော်မှာ ရေးဆွဲနေတဲ့ BURMA Bill ဥပဒေမူကြမ်းအတွက် အချက်အလက်ကောင်းတွေ ရစေလိမ့်မယ်လို့ NUG ခေါင်းဆောင်တွေက ပြောပါတယ်။ 

စက်တင်ဘာတတိယအပတ်ထဲမှာ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဂျီနီဗာမှာ အစည်းအဝေး ကျင်းပနေပြီး မြန်မာ့အရေးတင်ပြချက် ၃ ခု တင်သွင်းခဲ့ပြီး စစ်ကောင်စီရဲ့ လူ့အခွင့်အရေး ချိုးဖောက်တာတွေအားလုံးကိုလည်း တင်သွင်းခဲ့ကြောင်း ကုလလူ့အခွင့်ရေးကောင်စီ ဆုံးဖြတ်ချက်အပေါ် မူတည်ပြီး နယူးယောက်မှာ ကျင်းပနေတဲ့ ကုလသမဂ္ဂအထွေထွေညီလာခံမှာ ရလဒ်တစ်ခု ထွက်ပေါ်လာနိုင်တယ်လို့လည်း NUG တာဝန်ရှိသူတွေက ပြောပါတယ်။ 

သံမတ်ကြီး ဦးကျော်မိုးထွန်းကို မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ်အဖြစ် ကုလက ဆက်ပြီး အသိအမှတ်ပြုထားတာဟာ NUG ဆက်လက်ရပ်တည်ဖို့အတွက် အားဖြစ်စေခဲ့ပါတယ်။ NUG ရဲ့ နိုင်ငံတကာဆက်ဆံရေး ပိုအားကောင်းလာအောင် ပြည်သူတွေက NUG ကို ပိုပြီးထောက်ခံအားပေးဖို့ လိုတယ်လို့ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ကိုသက်ဆွေဝင်းက တိုက်တွန်းပါတယ်။

Photo- USEmbassy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013