
မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ ဥရောပသမဂ္ဂ (EU) ရဲ့ ပိတ်ဆို့မှုတွေကို ပြင်သစ်ကုမ္ပဏီကြီး တခုဖြစ်တဲ့ Thales က ချိုးဖောက်ခဲ့တဲ့ အစီရင်ခံစာတွေ ထွက်ပေါ်လာတဲ့အတွက် ဒီကုမ္ပဏီအပေါ်ကို ပြင်သစ်အာဏာပိုင်တွေအနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့ Justice For Myanmar (JFM) က မေ ၂၀ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု စစ်ဆင်ရေး ပြုလုပ်ပြီးနောက်ပိုင်းမှာ Thales က Coast watch 100 ရေဒါတွေကို ယူရို ၁၆ သန်းနဲ့ ရောင်းချခဲ့ပြီး အကျိုးအမြတ် ၃၀ ကနေ ၄၀ ရာခိုင်နှုန်းအထိ ရရှိခဲ့တယ်လို့ JFM က ဆိုပါတယ်။
ဒီရေဒါတွေရဲ့ အဆင့်မြင့် ရေကြောင်းစောင့်ကြည့်ရေး စွမ်းရည်တွေကြောင့် ကမ်းရိုးတန်းဒေသတွေမှာရှိတဲ့ ရိုဟင်ဂျာတွေရဲ့ လှုပ်ရှားသွားလာမှုကို ကန့်သတ်ရာမှာ အသုံးပြုနိုင်သလို ရေတပ်က လှေတွေကို ကြားဖြတ်တားဆီးတာနဲ့ ရိုဟင်ဂျာ အရပ်သားတွေကို အကြောင်းမဲ့ ဖမ်းဆီးတာ စတဲ့ကိစ္စရပ်တွေမှာ အထောက်အကူပြုခဲ့တယ်လို့ ဆိုပါတယ်။
Thales ကုမ္ပဏီဟာ ပြင်သစ်နိုင်ငံမှာ အခြေစိုက်ပြီး ပြင်သစ်အစိုးရဟာ အကြီးဆုံးရှယ်ယာရှင် ဖြစ်တဲ့အတွက် ပြင်သစ်အာဏာပိုင်တွေအနေနဲ့ အရေးယူဆောင်ရွက်ဖို့ ကြီးမားတဲ့ တာဝန်တရပ် ရှိနေတယ်လို့ JFM က ဆိုပါတယ်။
ပြင်သစ်အာဏာပိုင်တွေအနေနဲ့ မြန်မာနိုင်ငံပေါ် ချမှတ်ထားတဲ့ EU ရဲ့ ကန့်သတ်အရေးယူမှုတွေကို ချိုးဖောက်ခဲ့တယ်လို့ သံသယရှိတဲ့ ရေဒါတင်ပို့ရောင်းချမှုနဲ့ ပတ်သက်ပြီး Thales ကုမ္ပဏီကို စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေနဲ့အညီ အပြည့်အဝ တာဝန်ခံမှုရှိစေရေး ဆောင်ရွက်ပေးဖို့ကို JFM က တောင်းဆိုခဲ့ပါတယ်။
Thales နဲ့ စစ်အာဏာရှင်တပ်ကြား အရောင်းအဝယ်ကို ကျော်သောင်းမိသားစုပိုင် Ky-Tha Trading က ကြားခံပွဲစားအဖြစ် ဆောင်ရွက်ပေးခဲ့တာလို့လည်း ဆိုပါတယ်။
ကျော်သောင်းမိသားစုဟာ မြန်မာစစ်တပ်နဲ့ နက်ရှိုင်းတဲ့ ဆက်နွှယ်မှုတွေရှိတဲ့ KT Group နဲ့ Ky-Tha Group စီးပွားရေးလုပ်ငန်းစုကြီး ၂ ခုကို လုပ်ဆောင်နေတာပါ။
တရားမဝင် စစ်အုပ်စုဆီ အခွန်ဝင်ငွေနဲ့ စစ်လက်နက်တွေ စီးဆင်းနေမှုကို တားဆီးဖို့ KT Group နဲ့ Ky-Tha Group တို့အပြင် ဒီလုပ်ငန်းတွေရဲ့ ဒါရိုက်တာတွေနဲ့ ရှယ်ယာရှင်တွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ပေးပါလို့ JFM က တောင်းဆိုလိုက်ပါတယ်။
KT Group ဥက္ကဋ္ဌ ဂျိုနသန်မျိုးကျော်သောင်းနဲ့ KT Services & Logistics ကုမ္ပဏီတွေအပေါ် ၂၀၂၂ ခုနှစ်က အမေရိကန်အစိုးရဟာ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခဲ့ပေမဲ့ ၃ နှစ်အကြာမှာ ပြန်လည် ပယ်ဖျက်ပေးခဲ့ပါတယ်။
ဒါပေမဲ့ လက်ရှိ အသစ်ထုတ်ပြန်လိုက်တဲ့ အချက်အလက်တွေကို ထည့်သွင်းစဉ်းစားပြီး အမေရိကန်အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြန်လည်ချမှတ်သင့်တယ်လို့လည်း တိုက်တွန်းထားပါတယ်။
ဒါ့အပြင် အီးယူ၊ ဗြိတိန်၊ ကနေဒါ၊ အမေရိကန်နဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ KT Group နဲ့ Ky-Tha Group ကွန်ရက်တခုလုံးအပေါ် ညှိနှိုင်းဆောင်ရွက်ထားတဲ့ ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ လိုအပ်တယ်လို့လည်း JFM က ဆိုပါတယ်။











