DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်းကျော်အထိ ထိုးကျ
DVB
·
September 24, 2021
မြန်မာနိုင်ငံ၏ GDP တိုးတက်မှုနှုန်း ၁၈ ရာခိုင်နှုန်းကျော်အထိ ထိုးကျ
Donate to DVB

မြန်မာနိုင်ငံရဲ့ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) တိုးတက်မှုနှုန်းက ၁၈ ရာခိုင်နှုန်းကျော်အထိ ထိုးကျသွားပြီလို့ အာရှဖွံ့ဖြိုးရေးဘဏ် (ADB)ရဲ့  ၂၀၂၁ ခုနှစ်အတွက် နောက်ဆုံး ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ်အတွက်  စက်တင်ဘာလမှာ ADBက နောက်ဆုံး အပြီးသတ် စိစစ်ထုတ်ပြန်ချက်အရ  မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းက အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းရှိမယ်လို့ ဆိုပါတယ်။ ၂၀၂၁ ခုနှစ်အတွက် ပထမအကြိမ် ဧပြီလမှာ အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ စိစစ်တွက်ချက်မှုအရ မြန်မာ့ GDP တိုးတက်မှုနှုန်းက အနုတ် ၉ ဒသမ ၈ ရာခိုင်နှုန်းသာရှိခဲ့ရာက အခုလမှာတော့  အနုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းအထိ စံချိန်တင်ထိုးကျသွားတာဖြစ်ပါတယ်။

မြန်မာပြည်စီးပွားရေးကျဆင်းရတဲ့ အဓိကအရင်းအမြစ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းခဲ့တဲ့ စပ်တပ်ရဲ့ ကိုယ်ကျိုး စီးပွားရေးနဲ့  စီမံခန့်ခွဲမှု အလွဲအမှားတွေကြောင့် ဖြစ်တယ်လို့ စီးပွားရေးသုတေသီတွေက ထောက်ပြပြောပါတယ်။

ပြည်ပရောက်စီးပွားရေးသုတေသီတဦးက “ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ကစားနည်း မှန်တယ်လို့ပဲ ပြောရမလား။ ဘာကြောင့်လဲဆို ကိုဗစ်ကာလမှာ မြန်မာနိုင်ငံရဲ့ စီးပွားရေး ကျဆင်းမှုက အရှေ့တောင်အာရှမှာ အနည်းဆုံးပဲ။ တကယ်တမ်းသာ စစ်အုပ်ချုပ်ရေးသာ မရှိခဲ့ရင်ပေါ့၊ ရန်ကုန်၊မန္တလေးတို့မှာ အခုဆိုရင် ကိုဗစ်ကလည်း လျှော့လာတယ်။ ဒီတော့ ဖြေလျှော့မှုတွေ လုပ်လို့ရပြီ။ ကိုဗစ်နဲ့စီးပွားရေးက ဘယ်လိုဆက်စပ်နေလဲဆိုရင် ပြောင်းပြန်ဆက်စပ်နေတယ်။ ကိုဗစ်က ဖိလေလေ စီးပွားရေးက ကျဆင်းလေပဲ။ ကိုဗစ်က ကျလေလေ၊ နည်းနည်းလေးဖြေလျှော့ပေးလိုက်တာနဲ့ စီးပွားရေးက တက်လာမှာ။ အခုဆိုရင် အိမ်နီးချင်း ထိုင်းက ခရီးသွားတွေ ပြန်လက်ခံတော့မယ်။ ဒါကြောင့် ကျနော်တို့က အရင်အခြေအနေသာဆိုရင် recovery မျှော်လင့်လို့ရတယ်။ ဒါပေမဲ့ အခုတော့ ကျနော်တို့က recovery မလာနိုင်တော့ဘူး။ ဘာလို့လဲဆို စစ်အစိုးရရဲ့ ဖြေလျှော့မှုတွေက အခုအချိန်အထိ ရှိမလာသေးဘူး။ ပြီးတော့ သူကိုယ်တိုင်က ကိုဗစ်အကြောင်းပြပြီး ဖိနှိပ်နေတယ်လို့ ကျနော်မြင်တယ်။ အဲ့တော့ recession ကလည်း ကြာလာမယ်။ ကုန်ထုတ်လုပ်မှုကလည်း မရှိဘူး။ ဆိုတော့ အချိန်ကြာလာလို့ရှိရင် depression ဆီကူးသွားမယ့် သဘောရှိတယ်” လို့ ပြောပါ တယ်။

စီးပွားရေးဆိုင်ရာ မူဝါဒလေ့လာသူတဦးကလည်း “မြန်မာ့ငွေကြေးက hyper inflation ဆီသွားဖို့ ဦးတည်နေတာသလား အောက်မေ့ရတယ်။ hyper inflation ဆိုတာက အစိုးရရဲ့ ဘတ်ဂျက်လိုငွေပြမှုကို ကုစားနိုင်ဖို့ အစိုးရတရပ်က ငွေစက္ကူတွေကို အလွယ်တကူရိုပ်နှိပ်တာပါ။ စီးပွားရေးတိုး တက်မှုအတွက်ကတော့ အကျိုးမရှိဘူး။ ကုန်စျေးနှုန်းတွေ တရှိန်ထိုးတက်နေတာကို လုံးဝမထိန်းချုပ်နိုင်ဘဲ ငွေစက္ကူတွေကို အထိန်းချုပ်မဲ့ ရိုက်ထုတ်နေလို့ ငွေကြေးတန်ဖိုး ကျဆင်းမှုသာ ဖြစ်မယ်။ ဒီတော့ မူဝါဒပိုင်းဆိုင်ရာ အကြံမပြုတတ်သူတွေ ဒီ့ထက် အထိနာတော့မယ့် အခြေအနေကို လက်ပိုက်ကြည့်နေရရင် အဲ့လူတွေ သမိုင်းမှာ တကယ့်တရားခံ ဖြစ်လာလိမ့်မယ်” လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့  နိုင်ငံတဝန်းလှည့်လည် ပြီး လျှပ်စစ်ကားတွေ၊ လျှပ်စစ် ရထားလမ်းတွေ၊ မြေအောက်ရထားလမ်းတွေ ၊  မိုးပျံနှစ်ထပ်လမ်းတွေ ဖောက်လုပ်ကြဖို့ လှည့်လည် ညွှန်ကြားနေပါတယ်။ 

စက်တင်ဘာ ၂၂ ရက်မနက်က ကျင်းပတဲ့   အမျိုးသားစီမံကိန်းကော်မရှင်အစည်းအဝေးမှာတော့ တိုင်းပြည်ရဲ့ စီးပွားရေး ဆက်လက်ကျဆင်းနေတယ်လို့ ဝန်ခံပြောသွားပါတယ်။    

အာရှဖွံ့ဖြိုးရေးဘဏ်ရဲ့ ထုတ်ပြန်ချက်ကို ပြန်ကြည့်ရင် မြန်မာက ကိုဗစ်ကပ်ရောဂါနဲ့ ကြုံတွေ့နေရတဲ့ကာလ ၂၀၂၀ ပြည့်နှစ်မှာ မြန်မာနိုင်ငံရဲ့ GDP တိုးတက်မှုနှုန်းက ၃ ဒသမ ၃ ရာခိုင်နှုန်းရှိပြီး အာဆီယံဒေသတွင်းနိုင်ငံတွေအကြားမှာ အမြင့်ဆုံးရှိနေတာပါ။

မြန်မာအောက်မှာ ဗီယက်နမ်နိုင်ငံက ၂ ဒသမ ၉ ရာခိုင်နှုန်းနဲ့  ဒုတိယလိုက်နေပြီး ဘရူနိုင်းနိုင်ငံက ၁.၂ ရာခိုင်နှုန်းနဲ့ တတိယ နေရာမှာရှိပါတယ်။ ကျန်ရှိတဲ့နိုင်ငံတွေရဲ့ GDP တိုးတက်မှုနှုန်းက အနုတ်ရာခိုင်နှုန်းသာ ရှိတာတွေ့ရပါတယ်။

လက်ရှိမှာတော့ စင်္ကာပူနိုင်ငံရဲ့  GDP တိုးတက်မှုနှုန်းက ၆ ဒသမ ၅ ရာခိုင်နှုန်းနဲ့ ထိပ်ဆုံးမှာရှိနေပြီး မြန်မာက အနှုတ် ၁၈ ဒသမ ၄ ရာခိုင်နှုန်းနဲ့  အောက်ဆုံးအဆင့်မှာ ရှိနေပါတယ်။

Photo- GDP

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013