DVB Logo
Home
မြန်မာသတင်း
မြို့နယ် ၆ ခု၌ ၂ ရက်အတွင်း စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ
DVB
·
September 23, 2021
မြို့နယ် ၆ ခု၌  ၂ ရက်အတွင်း စိတ်ကြွဆေးပြား ၄ သိန်းကျော် ဖမ်းမိ
Donate to DVB

ပြည်နယ်နဲ့တိုင်း ၅ ခုရှိ မြို့နယ် ၆ ခုမှ စိတ်ကြွဆေးပြား ၄ သိန်းကျော်အပါအဝင် ဘိန်းဖြူနဲ့ဆေးခြောက်တချို့ကို စက်တင်ဘာ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေ့မှာ ဖမ်းမိခဲ့တယ်လို့ မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့က စက်တင်ဘာ ၂၃ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ရန်ကုန်တိုင်း ရွှေပြည်သာနဲ့မြောက်ဒဂုံမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၂၃၆,၈၀၀နဲ့ အများဆုံးဖမ်းဆီးရမိခဲ့ပြီး ရှမ်းပြည်နယ်မြောက်ပိုင်း မဘိမ်းမြို့နယ်နဲ့ မန္တလေးတိုင်း ကျောက်ဆည်မြို့နယ် စိတ်ကြွရူးသွပ်ဆေးပြား ၈၀,၀၀၀ နဲ့ ဒုတိယအများဆုံး ဖမ်းဆီးရမိခဲ့ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့မှာ စိတ်ကြွရူးသွပ်ဆေးပြား ၃၉,၀၀၀၊ ကရင်ပြည်နယ် ဘားအံမြို့နယ်မှာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀,၁၄၅ ဖမ်းဆီးရမိခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

စက်တင်ဘာ ၂၂ ရက်က  ကရင်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ  ဘားအံမြို့နယ်၊ တောင်နားကျေးရွာနေ စောအဘီး(ခ)စောညိုသိန်း ရဲ့ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ မျိုးမြင့်အောင်(ခ)ကိုလင်း(ခ)လိပ် တို့ကို အတူတွေ့ရှိပြီး စိတ်ကြွရူးသွပ်ဆေးပြား ၁၀၁၄၅ ပြား (ဒေသ ပေါက်ဈေး ကျပ် ၂၀၂ ဒသမ ၉ သိန်း)၊ လက်ကိုင်ဖုန်း ၁ လုံး နဲ့အိမ်ရှေ့ရပ်ထားတဲ့ Honda Fit အမျိုးအစားမော်တော်ယာဉ် ၁ စီးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။  

အလားတူ မန္တလေးတိုင်း ကျောက်ဆည်မြို့မှာတော့ စက်တင်ဘာ ၂၂ ရက်က မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ပူးပေါင်းအဖွဲ့ဟာ  တောင်ကြီး-ရွာငံ-ဟံမြင့်မိုရ် သွားလမ်းမှာ မော်တော်ယာဉ်တွေကို ရှာဖွေ စစ်ဆေးစဉ် ရွာငံဘက်မှ ဟံမြင့်မိုရ်ဘက် စိုးဝင်း(ခ)စိုးတင့်(ခ)အဗ္ဗဒူလာ မောင်းလာတဲ့ Probox  ယာဉ်ထဲက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား(ဒေသပေါက်ဈေးကျပ် ၁၆၀၀ သိန်း)နဲ့ လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါတယ်။

စက်တင်ဘာ ၂၁ ရက်ကလည်း  မွန်ပြည်နယ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ ပန်းဘဲတန်း ရပ်ကွက်၊ အထက်လမ်းမကြီး နဲ့ ဦးဇိနဘုရား လမ်းဆုံမှာ ရပ်တန့်ထားတဲ့ Toyota Hilux Vigo မော်တော်ယာဉ်ကို စစ်ဆေးရှာဖွေရာ ယာဉ်မောင်း စိုးကျော်သူနဲ့  မျိုးဇော်တို့ကို တွေ့ရှိပြီး ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ ပြား (ဒေသပေါက်ဈေး ကျပ် ၁၉၅၀ သိန်း)၊ မြန်မာငွေ ၃ ဒသမ ၅ သိန်းနဲ့ လက်ကိုင်ဖုန်း ၂ လုံးတို့ကို  တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

  ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ စက်တင်ဘာ ၂၂ ရက်က ရွှေပြည်သာမြို့မရဲစခန်းနဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ  အမှတ်(၁၉)ရပ်ကွက်ရှိ အောင်ဇော်ထွန်း(ခ)ဖိုးဇော်ရဲ့ နေအိမ်ခန်းကို ဝင်ရောက်ရှာဖွေရာ သူ့ကို နေအိမ်ခန်းအတွင်း တွေ့ရှိပြီး နေအိမ်ခန်းအတွင်းမှ စိတ်ကြွရူးသွပ် ဆေးပြား ၆၈၀၀ ပြား (ဒေသပေါက်ဈေးကျပ် ၄၀ ဒသမ ၈ သိန်း)၊ ဆေးခြောက် အလေးချိန် ၁၅၀ ဂရမ် (ဒေသပေါက်ဈေး ကျပ် ၅ ဒသမ ၂၅ သိန်း)၊ မြန်မာငွေ ၂၂ သိန်းနဲ့ မူးယစ်ဆေးဝါးရောင်းချရာမှာ သုံးတဲ့ ဆက်စပ်ပစ္စည်းတွေကို တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။  

အဲဒီနေ့မှာပဲ ရန်ကုန်တိုင်းထဲက မြောက်ဒဂုံမြို့နယ်အတွင်း ဆေးဝါးရောင်းဝယ်နေကြောင်း သတင်းရ  မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့နဲ့ပူပေါင်းအဖွဲ့ဟာ  ၂၈ ရပ်ကွက်၊ ဆရာစံလမ်းက တည်းခိုခန်း တစ်ခုရှေ့မှာ  သွားရောက်ရှာဖွေခဲ့ရာ နိုင်လင်းဦး၊ ဇော်ဇော်(ခ)ဇော်ကြီးနဲ့ ရန်အောင်မင်း(ခ) ဗန်ဒိန်း၊ စိုင်းအောင်ထူး၊ သိန်းမြင့်(ခ) ဦးကျော်တို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၁၂၀,၀၀၀ ပြား၊ Toyota Caldinaမော်တော်ယာဉ်တစ်စီး၊ Alphard မော်တော်ယာဉ်တစ်စီး၊ စက်ဘီးတစ်စီးတို့နဲ့အတူ ဖမ်းဆီးရမိခဲ့ပါတယ်။ 

အဲဒီနောက် ဆက်လက်စစ်ဆေးဖော်ထုတ်ချက်အရ  ညနေ ၅ နာရီအချိန်လောက်မှာ မြောက်ဒဂုံမြို့နယ်၊ ၃၄ ရပ်ကွက်၊ ကျွန်းရွှေဝါလမ်းရှိ စိုင်းအောင်ထူးရဲ့ နေအိမ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၁၁၀,၀၀၀ ပြား နဲ့ အိုက်စ် (မက်သာအဖက်တမင်း) ၃ ကီလိုတို့ ထပ်မံသိမ်းဆည်းရမိခဲ့တာကြောင့် တစ်မြို့နယ်တည်းက   သိမ်းဆည်းရမိတဲ့ မူးယစ်ဆေးဝါးစုစုပေါင်းတန်ဖိုးဟာ ငွေကျပ်သိန်း ၂,၀၀၀ ကျော်ဖြစ်ပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူတွေကို ဆက်လက်ဖော်ထုတ်နေတယ်လို ထုတ်ပြန်ချက်က ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းအတွင်း စက်တင်ဘာ ၂၁ ရက်က  မဘိမ်းမြို့မရဲစခန်းက တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ  ပြချောင်းကျေးရွာနေ စံလင်းရဲ့ တောင်ယာတဲကို ဝင်ရောက်ရှာဖွေရာ သူ့ကို တောင်ယာတဲမှာ တွေ့ရှိပြီး တောင်ယာတဲအနီး မြေကြီးထဲ မြှုပ်ထားတဲ့ ပလတ်စတစ်ပုံးအတွင်းက စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀၀၀ ပြား (ဒေသပေါက်ဈေး ကျပ် ၈၀၀ သိန်း) နဲ့ ဘိန်းဖြူ အလေးချိန် ၁၃၅ ဂရမ် (ဒေသပေါက်ဈေးကျပ် ၂၀ ဒသမ ၂၅ သိန်း) တို့ကို  တွေ့ရှိသိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

အခုလိုဖြစ်စဉ်တွေမှာ သက်သေနဲ့တကွ တွေ့ရှိဖမ်းဆီးရမိသူတွေကို မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ CCDAC MYANMAR  က  အသိပေးထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013