
စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က မတ် ၂၅ ရက် ညနေ ၅ နာရီဝန်းကျင်မှာ တိုက်လေယာဥ်နဲ့ ဗုံးကြဲခဲ့လို့ ကိုယ်ဝန်ဆောင်အမျိုးသမီးအပါအဝင် စစ်ဘေးရှောင်ပြည်သူ ၅ ယောက် သေဆုံးကာ ဒဏ်ရာရရှိသူရှိပြီး လူနေအိမ်အများအပြားလည်း မီးလောင်ပျက်စီးခဲ့တယ်လို့ ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က မတ် ၂၆ ရက် ညပိုင်းမှာ သတင်းထုတ်ပါတယ်။
ကောလင်းမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတယောက်က “ဖလဲရွာ လေကြောင်း တိုက်ခိုက်မှုဖြစ်စဥ်မှာ ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်နဲ့ ဒေသခံ စစ်ဘေးရှောင်ပြည်သူ အမျိုးသားတွေနဲ့ အမျိုးသမီး ၄ ယောက် သေဆုံးပြီးတော့ စိုးရိမ်ရတဲ့ဒဏ်ရာ ရသူတွေကတော့ ၂ ယောက်ပါ။ ဗုံးဒဏ်တွေကြောင့် အဲဒီရွာထဲမှာရှိကြတဲ့ လူနေအိမ်အများအပြားနဲ့ ပြည်သူပိုင် မော်တော်ယာဥ်တွေ ပျက်စီးဆုံးရှုံးခဲ့ရပါတယ်” လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်ကလည်း စစ်ကောင်စီတပ်ရဲ့ မကွေးလေတပ်ကနေ တက်လာတဲ့ ဂျက်တိုက် လေယာဉ်နဲ့ ကောလင်းမြို့နယ်ထဲက ကချင်ကုန်းကျေးရွာအနီးကို လေကြောင်းတိုက်ခိုက်မှု ၄ ကြိမ် ပြုလုပ်လို့ စစ်ဘေးရှောင်ပြည်သူ အမျိုးသမီး ၂ ယောက် သေဆုံးကာ ထိခိုက်ဒဏ်ရာ ရရှိသူတွေ လည်း ရှိခဲ့ပါတယ်။
လေကြောင်းတိုက်ခိုက်ခံရတဲ့ ဖလဲကျေးရွာဟာ ရွှေဘို-မြစ်ကြီးနားကားလမ်း၊ ကျောက်တန်းလမ်းဆုံ၊ ကွင်းလမ်းပေါ်မှာ တည်ရှိတဲ့ ကျေးရွာတရွာ ဖြစ်ပါတယ်။
ကောလင်းခရိုင် ပကဖ တပ်ဖွဲ့ဝင်တယောက်က “ကောလင်းအရှေ့ခြမ်းက ဖလဲရွာထဲကို တံတားဦး လေတပ်ကနေ တက်လာတဲ့ စစ်တပ် ဂျက်ဖိုက်တာက ပြည်သူကို ပစ်မှတ်ထားပြီးတော့ ဗုံး ၃ လုံး အကြောင်းမဲ့ကြဲသွားတာပါ။ စစ်ကြောင်းထိုးလို့ တိုက်ပွဲဖြစ်တာတွေ ဘာတွေလည်း လုံးဝမရှိပါဘူး။ လက်ရှိအခြေအနေကတော့ ကောလင်းမြို့နယ်ထဲမှာ ထိတွေ့တိုက်ပွဲတွေ ငြိမ်နေပေမဲ့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းမှာ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ အထိနာခဲ့တဲ့ အငြိုးနဲ့ အခုလို လေကြောင်း တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်နေတယ်လို့ ယူဆပါတယ်” လို့ ပြောပါတယ်။
ဒေသခံပြည်သူတွေအနေနဲ့စစ်တပ်ရဲ့ လေကြောင်းရန်ကို သတိထား နေထိုင်သွားလာကြဖို့နဲ့ လူစုလူဝေး မလုပ်ဖို့ ကောလင်းနယ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။










