ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဝေါမာကျေးရွာတံတားဦးမှာ စစ်ကောင်စီလက်အောက်ခံ ခမရ ၄၃၂ တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တော် (KNLA) တပ်ရင်း ၁၇၊ တပ်ခွဲ ၂ တို့ စက်တင်ဘာ ၂၂ ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။
ဗိုလ်မှူးအောင်နိုင်လင်း ဦးဆောင်တဲ့ ခမရ (၄၃၂) တပ်ရင်းက အင်အား ၇၀ လောက်နဲ့ လက်နက်အပြည့်အစုံနဲ့ ကြာအင်းဆိပ်ကြီးမြို့နယ် ဝေါမာ (အလယ်ရွာ)ကျေးရွာ တံတားဦးမှာ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအန်ယူ ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ထားပါတယ်။
ဒီတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က ၁ ဦးသေဆုံး၊ ၂ ဦးဒဏ်ရာ ရရှိခဲ့ပြီး KNLA ဘက်က ထိခိုက်ကျဆုံးမှုမရှိကြောင်း ထုတ်ပြန်ပါတယ်။
အဆိုပါ တိုက်ပွဲဖြစ်ပွားပြီးနောက် အာဏာသိမ်းစစ်အုပ်စုတပ်က ခမရ(၄၃၂)တပ်က ရမ်းသန်း ပစ်ခတ်နေပြီး ပြည်သူတွေရဲ့ နေအိမ် ကျည်ဆန်ထိမှန် ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
အလားတူ ကေအန်ယူ- ဒူးပလာယာခရိုင်၊ အမှတ်(၆)တပ်မဟာ၊ ဝင်းရေးမြို့နယ်၊ တပ်ရင်း(၁၆) ဘက်မှာလည်း စစ်သားတွေကို လျှို့ဝှက်ပို့ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။