
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် ထနောင်းကိုင်းကြီးကျေးရွာက စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးနဲ့ ရပ်မိရပ်ဖတို့ မနေ့ညနေပိုင်းက အသတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
သူတို့နှစ်ဦး စက်တင်ဘာ ၂၂ ရက် ညနေ ၆ နာရီလောက် စစ်ကောင်စီအစည်းအဝေးကအပြန် ခင်ဦး-သင်းပေါင်းကားလမ်းပေါ်ရှိ ကုန်းကြီးကျေးရွာနဲ့ပေါက်အိုင်ကျေးရွာအကြားမှာ King Cobra-Khin U (တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး) က ရှင်းလင်းသုတ်သင်လိုက်တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒေသခံတဦးက “ဦးဇော်ဝမ်းက စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးဗျ။ သူက ခင်ဦး PDF စခန်းကို ဝင်စီးသိမ်းခံရတုန်းက လမ်းပြပေါ့။ ရွာမှာဆို စစ်ကောင်စီဝင်တာ ၅ ကြိမ်ထက်မနည်းတော့ဘူး။ တက်ကြွလှုပ်ရှားသူတွေရဲ့အိမ်တွေကိုလည်း လိုက်ပြခဲ့သူပေါ့။ ဦးကျော်သိန်းကတော့ ရပ်မိရပ်ဖ၊ သူက ရှေ့ရောက်တယ် စစ်ကောင်စီနဲ့လည်း ရင်းနီးတယ်။ ရွာမှာ ပျူစောထီးလည်း ဖွဲ့ထားတယ်၊ စစ်တပ်ကို ဆန်ဆီနဲ့ ငွေကြေးထောက်ပံ့ပေးနေသူလည်း ဖြစ်တယ်” လို့ ပြောပါတယ်။
အသတ်ခံရသူတွေဟာ ထနောင်းကိုင်းကြီးကျေးရွာက အသက် ၄၇ နှစ်အရွယ် အုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်းနဲ့ အသက် ၅၀ ကျော်အရွယ် ရပ်မိရပ်ဖ ဦးကျော်သိန်းတို့ ဖြစ်တယ်လို့ သိရပါတယ်။
တောကြီးမြွေဟောက်အဖွဲ့-ခင်ဦး အနေနဲ့ စစ်ကောင်စီသတင်းပေးနဲ့ စစ်ကောင်စီယန္တရား လည်ပတ်နိုင်ရေး ကူညီထောက်ပံ့နေသူ ၂၆ ယောက်ကို ရှင်းလင်းခဲ့ပြီး စစ်အာဏာတည်မြဲရေးထောက်တိုင်တွေကို ဆက်လက် ရှင်းလင်းသုတ်သင်သွားမယ်လို့ သိရပါတယ်။