တရုတ်နဲ့ မြောက်ကိုရီးယားဟာ တောင်တန်းတွေ၊ မြစ်ချောင်းတွေ ထိစပ်နေသလို တူညီတဲ့ ကံကြမ္မာကိုလည်း မျှဝေ လက်ခံထားတယ်လို့ ပြုံယမ်းကို ရောက်နေတဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဇွန် ၈ ရက် ညပိုင်းမှာ ပြောပါတယ်။
သမ္မတ ရှီရဲ့ ၂ ရက်ကြာ ခရီးစဉ်ဟာ ၂၀၁၉ ခုနှစ်နောက်ပိုင်း မြောက်ကိုရီးယားကို ပထမဆုံးအကြိမ် တရားဝင်သွားရောက်တာ ဖြစ်ပါတယ်။
ဇွန် ၈ ရက် မနက်ပိုင်းက ပြုံယမ်းကိုရောက်လာတဲ့ သူ့ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ဂုဏ်ပြုတပ်ဖွဲ့တွေနဲ့အတူ ကြီးကျယ်ခမ်းနားစွာ ကြိုဆိုခဲ့ပါတယ်။
အဲဒီနောက် ရှီနဲ့ ကင်မ်တို့ဟာ ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ ၂ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဖို့ ကတိပြုခဲ့ကြပါတယ်။
တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေးဟာ သမိုင်းဝင် အချိုးအကွေ့တခုကို ရောက်နေတယ်လို့ ရှီက ဆိုပါတယ်။
ဒီခရီးစဉ်မတိုင်ခင်က တရုတ်နိုင်ငံ မြို့တော် ပေကျင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်၊ ရုရှားသမ္မတ ဗလာဒီမာပူတင် တို့နဲ့ ရှီက သီးခြားစီ တွေ့ဆုံခဲ့ပါသေးတယ်။
ရုရှားနဲ့ ပိုမိုနီးကပ်လာတဲ့ မြောက်ကိုရီးယားအပေါ် တရုတ်က ဩဇာလွှမ်းမိုးမှု ပြန်လည်တည်ဆောက်ဖို့ အခုလို သွားရောက်တာလို့ သုံးသပ်မှုတွေ ရှိနေပါတယ်။










