DVB Logo
Home
မြန်မာသတင်း
ကားပါမစ်ကိစ္စ အစိုးရ ရှင်းလင်း
DVB
·
December 21, 2013
ကားပါမစ်ကိစ္စ အစိုးရ ရှင်းလင်း
Donate to DVB

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက သူတို့ စီးနေတဲ့ ၀စ်သောက်ကားတွေကို တရားဝင်စီးခွင့်ရချင်တယ်ဆိုတာကြောင့် အစိုးရအဖွဲ့ရဲ့ ခွင့်ပြုချက်နဲ့ စီးခွင့်ရအောင် လုပ်ပေးခဲ့တာ ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားသွားပါတယ်။

Car Import copyကားပါမစ်တွေ ချပေးတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဝေဖန်ချက်တွေ အမျိုးမျိုးထွက်လာတဲ့အပေါ် အစိုးရဘက်က အခုလို ပြန်လည် တုံ့ပြန်လိုက်တာ ဖြစ်ပါတယ်။

ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ ကားပါမစ်နဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက အခုလို ပြောကြားလိုက်တာလို့ ငြိမ်းချမ်းရေးစင်တာရဲ့ တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“တိုင်းရင်းသားတွေရဲ့ တောင်းဆိုမှုပေါ့နော်။ ၀စ်သောက်ကားတွေနဲ့ သူတို့မောင်းနေရတာ မမောင်းချင်ဘူးလို့ ပြောတာကြောင့် ဒါကို ကက်ဘိနက်မှာ တင်ပြတယ်။ ကက်ဘိနက်က ခွင့်ပြုတဲ့အတွက် ထုတ်ပေးခဲ့တယ်ပေါ့။”

 တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကို ကားပါမစ်တွေ ချပေးနေတာဟာ အခုမှ မဟုတ်ဘဲ အရင်ခေတ်အဆက်ဆက်ကတည်းက ချပေးခဲ့တာလို့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ရှင်းလင်း ပြောကြားခဲ့ကြောင်း ဦးညိုအုန်းမြင့်က ဆိုပါတယ်။

“ခေတ်အဆက်ဆက်က ဒီလိုမျိုးပဲ ပေးလာတာပဲတဲ့။ သူတယောက်တည်း ဒီလိုမျိုးပေးတာမဟုတ်ဘူးတဲ့။ ကညနမှာလည်း ဒီလိုမျိုးကားပေးတာကို နံပါတ်တွေ စာရင်းပေးသွင်းကြပါဆိုပြီးတော့မှ သူပေးလိုက်တာပါဆိုပြီး ရှင်းပြတယ်။”

ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ကလည်း မီဒီယာတွေမှာ ရေးသားသလို ထောင်နဲ့ချီတဲ့ ကားတင်သွင်းခွင့်ပါမစ် မရခဲ့ကြောင်း မနေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါတယ်။

အပစ်အခတ်ရပ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့တောင်းဆိုမှုကြောင့် အစိုးရက ငြိမ်းချမ်းရေးအဖွဲ့ ၁၄ ဖွဲ့ကို ခွင့်ပြုပေးခဲ့တဲ့ ကားအရေအတွက်ဟာ အလဲဗင်းမီဒီယာက ရေးသလို ထောင်နဲ့ချီ မရှိဘဲ စုစုပေါင်း ၈၇၀ ပဲ ရှိတယ်လို့ ကေအန်ယူရဲ့ ဗဟိုကော်မတီဝင် ပဒိုမန်းငြိမ်းမောင်က ပြောပါတယ်။

လက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့အတွက် အခွန် လုံးဝကင်းလွတ်ခွင့်ပေးခဲ့တဲ့ ကား ၂၉၀ နဲ့ အခွန် ၆၀ ရာခိုင်နှုန်း ဆောင်ပြီး သွင်းရမယ့် ကား ၅၈၀ ပဲ ရှိတယ်လို့ ဆိုပါတယ်။

လက်ရှိအချိန်အထိ ကားပါမစ် လက်ခံထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၄ ဖွဲ့ဟာ ကရင်အမျိုးသား အစည်းအရုံး၊ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ၊ ရှမ်းပြည်တိုးတက်ရေးပါတီ၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီ၊ ဒီမိုကရေစီ အကျိုးပြု ကရင်တပ်မတော်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ၊ ချင်းအမျိုးသားတပ်ဦး၊ နာဂအမျိုးသား ဆိုရှယ်လစ်ကောင်စီ၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့၊ မွန်ပြည်သစ်ပါတီ၊ ‘၀’ သွေးစည်း ညီညွတ်ရေးတပ်မတော်၊ အမျိုးသားဒီမိုကရေစီ သွေးစည်းညီညွတ်ရေး တပ်မတော်၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး တို့ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013