DVB Logo
Home
Lead Story
ပြတိုက်သစ်က မူနားရဲ့တရားမျှတမှု တိုက်ပွဲကို ရှင်သန်အောင် ထိန်းသိမ်း
DVB
·
December 21, 2013
ပြတိုက်သစ်က မူနားရဲ့တရားမျှတမှု တိုက်ပွဲကို ရှင်သန်အောင် ထိန်းသိမ်း
Donate to DVB

အင်ဒိုနီးရှား လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ မူနား ဆိုင်းအိသလစ်ဘ်ကို ဂုဏ်ပြုတဲ့အနေနဲ့ တည်ဆောက်ခဲ့တဲ့ ပြတိုက်ကို ဒီအပတ်မှာ တရားဝင် ဖွင့်လှစ်လိုက်ပါတယ်။

[caption id="attachment_48926" align="alignright" width="300"]s1.reutersmedia.net မူနား ဆိုင်းအိသလစ်ဘ်[/caption]

မူနားဟာ ၂၀၀၄ ခုနှစ်မှာ အမ်စတာဒမ်ကို သွားတဲ့ ဂါရူဒါလေယာဉ်ပေါ်မှာ လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတာပါ။

 ပြတိုက်က မူနား ပိုင်ဆိုင်တဲ့ပစ္စည်းတွေ၊ ဒီကနေ့ထိ ဖြေရှင်းလို့ မရသေးတဲ့ သူရဲ့သေဆုံးမှု နဲ့ ဆက်စပ်တဲ့အရာတွေနဲ့ သူ ကိုင်တွယ် ဆောင်ရွက်ခဲ့တဲ့အမှုတွေကို အဓိက ပြသထားပါတယ်။

မူနားရဲ့ ဇနီးသည် စူစီဝတီက အိုမာမူနားလို့ ခေါ်တဲ့ အင်ဒိုနီးရှားရဲ့ ပထမဆုံး လူ့အခွင့်အရေး ပြတိုက်ကို တရားဝင် ဖွင့်လှစ်ပေးခဲ့ပါတယ်။

လူငယ်တွေကို သူ့ခင်ပွန်းသည် လုပ်ဆောင်ခဲ့တဲ့ လမ်းကြောင်းအတိုင်း မတရားမှုတွေကို ဆန့်ကျင် တိုက်ခိုက်ဖို့ နိုးကြားလာစေလိမ့်မယ်လို့ မျှော်လင့်ထားကြောင်း စူစီဝတီက ပြောပါတယ်။

“ကျမတို့က ဒီဟာမျိုး နောက်ထပ် အဖြစ်မခံနိုင်ပါဘူး။ ဒီပြတိုက်ရဲ့ ရည်ရွယ်ချက်က ကျမတို့ ဘယ်တော့မှ မမေ့ဘူးဆိုတာနဲ့ ခိုင်မာအားကောင်းတဲ့ အကျင့်သိက္ခာရှိတဲ့ စူးနစ် ဆောင်ရွက်တတ်တဲ့  လူငယ်မျိုးဆက်တခုကို ဖန်တီး တည်ဆောက်ပေးဖို့ပါရှင်။ ”

ပြတိုက်ကို လာလည်တဲ့သူတွေက ဟောင်းနွမ်းနေပြီဖြစ်တဲ့ သူ့ရဲ့ အညိုရောင် အားကစား ဖိနပ်တရံ၊ ကျည်ကာအင်္ကျီနဲ့ သူ့ရဲ့ ဘ၀လမ်းကို စတင်ခဲ့တဲ့ ဆူရာဘာရာ ဥပဒေ အထောက်အကူ ပေးရေးဖောင်ဒေးရှင်းမှာ သူ အလုပ်လုပ်တဲ့အခါ အသုံးပြုခဲ့တဲ့ စာရေးခုံတွေကို တွေ့မြင်နိုင်ကြပါတယ်။

နံရံတွေပေါ်မှာတော့ မူနား ကိုင်တွယ်ခဲ့တဲ့ လူ့အခွင့်အရေးအမှုတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ပြသထားပါတယ်။

အဲဒီထဲမှာ ၁၉၉၄ ခုနှစ်က အသတ်ခံခဲ့ရတဲ့ အမျိုးသမီး အလုပ်သမားအရေး တက်ကြွလှုပ်ရှားသူ မာဆီနာရဲ့ လူသတ်မှုလည်း ပါဝင်ပါတယ်။ နောက် အရှေ့တီမောမှာ စစ်တပ်ရဲ့လူ့အခွင့်အရေး ချိုးဖောက်ခံခဲ့ရတဲ့ သားကောင်တွေအတွက် တင်ပြပြောဆို ထားတာတွေလည်း ပါဝင်ပါတယ်။

ဒါနင်း ရာဟာယိုက ပြတိုက်နားမှာ နေတာဖြစ်ပြီး သူက မူနားရဲ့ ပြတိုက်အလည်သွားမှု ကနေ အများကြီး သိခဲ့ရတယ်လို့ ပြောပါတယ်။

“သာမန်လူ အများစုက အဲဒီအမှုတွေနဲ့ ပတ်သက်ပြီး ဘာမှ မသိကြပါဘူး။ ဒါပေမယ့် အခုတော့ အဲဒါတွေနဲ့ ပတ်သက်ပြီး ကျနော်တို့မှာ ပြတိုက်တခု ရှိနေပါပြီ။ ဒီ အမှုတွေဟာ ဖြေရှင်းနိုင်မယ်လို့ ကျနော်တို့ ထင်ပါတယ်။”

မူနားရဲ့ သေဆုံးမှုကလည်း ဖြေရှင်းလို့မရတဲ့ အမှုတခုပါ။ သူဟာ ဂျကာတာ ကနေ အမ်စတာဒမ်အသွား အင်ဒိုနီးရှား ဂါရူဒါလေယာဉ်ပေါ်မှာ အာဆင်းနစ် အဆိပ် အခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

ပေါ်လီကားပတ်စ် ဘူဒီဟာရီ ပရီရန်တိုဆိုတဲ့ တာဝန်က နားချိန် ရထားတဲ့ လေယာဉ်မှူး တယောက်က လူသတ်မှုမှာ အပြစ်ရှိတယ်လို့ သတ်မှတ်ခံခဲ့ရပါတယ်။

မူနားကို ထောက်ခံသူတွေကတော့ သူဟာ ဒီ စီမံချက်မှာ နယ်ရုပ်တရုပ်သာ ဖြစ်ပြီး အဲဒီ လေယာဉ်မှူးရဲ့ နောက်က ကြိုးကိုင်ခဲ့တဲ့သူကိုတော့ ဘာမှမလုပ်နိုင်ခဲ့သေးပါဘူး။

၂၀၀၈ ခုနှစ်မှာ အစိုးရ ထောက်လှမ်းရေး အေဂျင်စီ(ဘီအိုင်အန်)ရဲ့ဒုတိယဥက္ကဋ္ဌ မတ်ခ်ျဒီ ပါဝိုပရန် ဒရိုနိုကို လူသတ်ဖို့ ညွှန်ကြားခဲ့သူအဖြစ် စွဲဆို ရုံးတင်စစ်ဆေးခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အပြစ်မရှိဘူးဆိုပြီး လွှတ်ပေးခဲ့ပါတယ်။

စူစီဝတီကတော့ ပြတိုက်အသစ်က မူနားရဲ့ သေဆုံးမှုအတွက် လူထုက ဂရုတစိုက် စစ်ဆေးမှုတွေ ပြန်လုပ်လာစေလိမ့်မယ်လို့ မျှော်လင့်နေပါတယ်။

“တရားဥပဒေ လိုက်နာ စိုးမိုးရေးစနစ်က ဘယ်မှာမှ မရှိပါဘူး။ ကျမတို့ ဘာမှ များများစားစား မလုပ်နိုင်ပါဘူးရှင်။ ဒါပေမယ့် ကျမတို့က အမှန်တရားနဲ့ တရားမျှတမှုအတွက် အော်ဟစ်နေကြဆဲပါပဲ။ ပိုပြီး အရေးကြီးတာက မူနား ယုံကြည်ထားတဲ့ တန်ဖိုးတွေ ရှင်သန်နေဖို့ ပါပဲရှင်။”

ပြတိုက်ဆောက်ဖို့ ငွေတွေက အဆိုတော်နဲ့ သီချင်းရေးဆရာ ဂလင်းဖရက်ဒီ ကျင်းပခဲ့တဲ့ ဖြေဖျော်ပွဲက ရတဲ့အမြတ်ငွေတွေ ဖြစ်ပါတယ်။

သူက  “ဆာထရီယာစင်တာ” ဒါမှမဟုတ်  “ အချစ်စစ်သည်” ဆိုတဲ့သီချင်းကို မူနားအတွက် ဂုဏ်ပြု စပ်ဆိုပေးခဲ့ပါတယ်။

“ကျနော်အတွက်ကတော့ အိုမာမူနား ပြတိုက်ဟာ အင်ဒိုနီးရှန်းတွေနဲ့ နိုင်ငံတကာ လူ့အဖွဲ့အစည်းအတွက် သင်ယူမှု ဗဟိုဌာနပါပဲ။ အိုမာမူနားက ပြတိုက် သက်သက်ထက် ပိုပါတယ်။ အဲဒါက ယဉ်ကျေးမှု ဗဟိုဌာနလည်း ဖြစ်ပါတယ်ဗျာ။ ကျနော်တို့က သင်ယူမှုအတွက် ကစားကွင်းတခုလိုမျိုးအဖြစ်နဲ့ မူနားနဲ့ ပတ်သက်ပြီး ပိုပြီး သိလာစေနိုင်တဲ့နေရာအဖြစ် မြင်ပါတယ်။”

မလန် အကျင့်ပျက်မှု စောင့်ကြည့်ရးအဖွဲ့က အူနီ ရူချူးလ် ရန်နာကတော့ သူတို့အနေနဲ့

ပြတိုက်ကို အခမ်းအနားတွေနဲ့ လှုပ်ရှားမှုပွဲတွေ ကျင်းပဖို့ သုံးမယ်လို့ ပြောပါတယ်။

“ကျမတို့က ပြတိုက်မှာ လစဉ် လှုပ်ရှားမှုပွဲ လုပ်ဖို့ စီစဉ်ထားပါတယ်။ ကျမတို့က ဒေသ တက္ကသိုလ်က ကဇာတ်အုပ်စုတွေနဲ့ အတူတွဲပြီး အဲဒီမှာ ပုံမှန် သရုပ်ဆောင် တင်ဆက်မှု လုပ်သွားပါမယ်။ ပြတိုက်ကို လာရောက်လည်ပတ်တဲ့သူတွေအတွက်ကတော့ ကျမတို့က အလှူခံ သေတ္တာတခု ထားပေးမှာ ဖြစ်တဲ့အတွက် လူထုရန်ပုံငွေ စုဆောင်းရရှိစရာမျိုးလည်း ဖြစ်ပါတယ်။”

စူစီဝတီကတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ ခင်ပွန်းသည် မူနားက မတရားမှုကို ဆန့်ကျင် တိုက်ခိုက်ဖို့ လူငယ်တွေကို နိုးကြားလာအောင် ဆက်ပြီး လုပ်ဆောင်ပေးနိုင်မယ် လို့ မျှော်လင့်နေပါတယ်။

“လူငယ်မျိုးဆက်က မူနားရဲ့ အမွေအနှစ်ကို ဆက်ပြီး ဆက်ခံနိုင်ပါလိမ့်မယ်။ သူ့ရဲ့ တိုက်ခိုက်မှု၊ သူရဲ့ နှိမ့်ချတတ်မှု၊ သူရဲ့စစ်မှန်မှုတွေကတော့ ကျမတို့ ဆက်ပြီး လုပ်ဆောင်ရမယ့် အရာတွေပါပဲ။ သူရဲ့တန်ဖိုးတွေနဲ့ လူငယ်မျိုးဆက်က နိုင်ငံကို ဦးဆောင်နိုင်တဲ့အချိန်မှာ မူနားလို ကြီးမြတ်တဲ့သူတွေ အများကြီး ပေါ်ပေါက်လာပါလိမ့်မယ်။”

 အီလီ ခမီလာနဲ့ ဒီနာ ချာရန်နစ်ဆီက အာရှဒေသ သတင်းဆောင်းပါးကဏ္ဍအတွက် အရှေ့ဂျာဗာ ဘာတူက သတင်းပေးပို့ ထားတာ ဖြစ်ပါတယ်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013