
လွိုင်ကော်က Eleven သတင်းထောက် ထောင်ကျခံရတာနဲ့ ပတ်သက်ပြီး Eleven မီဒီယာက ပြစ်မှုနဲ့ပြစ်ဒဏ်မျှတမှု ရှိ/မရှိ ဆိုတဲ့အပေါ်မှာ မှုတည်ပြီး သက်ဆိုက်ရာကို တိုင်ကြားပြီး တရားဆွဲဆိုသွားမယ်လို့ Eleven မီဒီယာတာဝန်ရှိသူက ပြောပါတယ်။
သတင်းထောက် နော်ခိုင်ခိုင်အေးချို (ခ) မခိုင်ဟာ သတင်းရယူမှု ဖြစ်စဉ်တခုမှာ ပိုင်နက်ကျူးလွန်မှု၊ အသရေဖျက်မှု၊ ညစ်ညမ်းစွာပြောဆိုမှု ပုဒ်မတွေနဲ့ လွိုင်ကော်မြို့နယ် တရားရုံးရဲ့ လက်ခံ စွဲချက်တင်ခြင်းခံရပြီး ၁ လအကြာမှာ ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
ပုဒ်မ ၄၅၁ ပိုင်နက်ကျူးလွန်မှုအရ ထောင်ဒဏ် ၃ လ၊ ပုဒ်မ ၅၀၀ အသရေဖျက်မှုအရ ထောင်ဒဏ် ၁ လ၊ ပုဒ်မ ၂၉၄-ခ ညစ်ညမ်းစွာပြောဆိုမှုအရ ထောင်ဒဏ် ၁ လ တို့ကို တပေါင်းတည်း ကျခံစေဖို့ ဒီဇင်ဘာလ ၁၇ ရက်က အမိန့် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။။
ဒီအဖြစ်အပျက်တွေအပေါ်မှာ မူတည်ပြီး မျှတမှု ရှိ၊ မရှိ စုံစမ်းပြီး Eleven မီဒီယာက ပြန်လည်တရားစွဲဆိုသွားမယ်လို့ Eleven သတင်းစာရဲ့ အယ်ဒီတာချုပ် ဦးဝေဖြိုးက ပြောပါတယ်။
ပုဒ်မ ၅၀၀ နဲ့ ပတ်သက်ပြီး တရားစွဲဆိုမှုအပေါ် သတင်း လွတ်လပ်ခွင့်မရှိဘူးလို့လည်း သူက ပြောပါတယ်။
“ပုဒ်မ ၅၀၀ ဆိုတာ ဘယ်ဂျာနယ်လစ်မဆို အချိန်မရွေး တွေ့ကြုံရနိုင်တဲ့ ပုဒ်မ။ သတင်းထောက် တယောက်ကို ပုဒ်မ ၅၀၀ နဲ့ ထောင်ချတဲ့အထိ လုပ်တယ်ဆိုတာ ဒါ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ထိပါးတာပဲ ဖြစ်တယ်။ စွဲတဲ့ ပုဒ်မတွေနဲ့ ချတဲ့ ပြစ်ဒဏ်တွေက လုံးဝ မျှတခြင်း မရှိဘူး။ ဒါကြောင့် နောက်ကွယ်မှာ အဂတိလိုက်စားမှုတွေ အပါအ၀င် အာဏာပိုင် အချင်းချင်း ၀င်ရောက်စွက်ဖက်မှု ရှိ၊ မရှိကိုလည်း ကျနော်တို့က စုံစမ်းစစ်ဆေးပြီး တိုင်ကြားသွားမယ်။ လိုအပ်ရင် ဥပဒေကြောင်းအရ ဒီဟာနဲ့ ပတ်သက်တဲ့သူတွေကို တရားစွဲဆိုသွားမယ်။”
Eleven မီဒီယာရဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ နေ့စဉ်ထုတ်သတင်းစာမှာလည်း အခုလို ထောင်ဒဏ် ချမှတ်ခဲ့တဲ့အတွက် လွိုင်ကော်မြို့နယ် ဒုတိယမြို့နယ်တရားသူကြီးကို အချက် ၈ ချက်ပါ ကန့်ကွက်ချက်ကို ထည့်သွင်းဖော်ပြခဲ့ပါတယ်။
မီဒီယာလွတ်လပ်ခွင့်အရ မီဒီယာအလုပ်လုပ်တဲ့သူတွေကို အာဏာပိုင်တွေက တရားစွဲ ဆိုတယ်ဆိုရင် စိန်ခေါ်မှုတရပ် ဖြစ်နေပြီး မီဒီယာလွတ်လပ်ခွင့် ကျော်လွန်သူတွေကတော့ ဥပဒေအတိုင်း လုပ်ဆောင်သွားရမှာ ဖြစ်တယ်လို့ ရှေ့နေများကွန်ရက်ရဲ့ ရှေ့နေဦးအောင်သိန်းက ပြောပါတယ်။
“သတင်းထုတ်ပြန်မှု ပြုလုပ်တဲ့ကိစ္စနဲ့ ပတ်သက်ပြီး အရေးယူဆောင်ရွက်တယ်ဆိုရင်တော့ မီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်ရာကြပါတယ်။ သို့ပေမယ့် အဲဒါမဟုတ်ဘဲနဲ့ အခြား အခြားသော ဥပဒေ ပုဒ်မကို ကျူးလွန်တာ တွေ့ရှိလို့အရ အရေးယူ ဆောင်ရွက်မှုဖြစ်ခဲ့ရင်တော့ မီဒီယာတင် မကပါဘူး။ ကျနော်တို့ ရှေ့နေတွေကော၊ သမ္မတလိုလူမျိုးကော၊ ဗိုလ်ချုပ်မှူးလိုလူမျိုးလည်း ဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မှု ခံရမယ်ဆိုတာ သိထားပြီးသား ဖြစ်ရမှာပေါ့နော်။”
သမ္မတက စတုတ္ထမဏ္ဍိုင် အရေးကြီးတယ်လို့ ပြောသော်ညားလည်း သတင်းထောက်တွေကို အလွယ်တကူ ဖမ်းဆီးအရေးယူမှုအပေါ် ပြည်တွင်းနဲ့ ပြည်ပသတင်း အဖွဲ့အစည်းများနဲ့ ပူးပေါင်းပြီး သတင်းလွတ်လပ်ခွင့်ရအောင် ဆက်လက် လုပ်ဆောင်သွားမယ်လို့ ပြည်တွင်း သတင်းစာစောင်တခု ဖြစ်တဲ့ သမဂ္ဂဂျာနယ်ရဲ့ သတင်းထောက်ချုပ် ဒေါ်ရွှေမှုန်က အခုလိုပြောပါတယ်။
“သတင်းထောက်တွေကို ဒီလိုမျိုး အလွယ်တကူ ပြစ်ဒဏ်ချမှတ်တာမျိုး လုပ်နေမယ်ဆိုရင် သတင်းလွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တာနဲ့ အတူတူပဲ။ သတင်းထောက်ကို အလွယ်တကူ ဖမ်းဆီးတာ ထောင်ချတာမျိုးက ဆင့်ကဲ့ ဆင့်ကဲ လုပ်လို့ ဖြစ်လာတာလေ။ အဲဒီအတွက် ပေါ်ပေါက်နေတဲ့ သတင်းကွန်ရက်တွေ၊ အဖွဲ့အစည်းတွေလည်း သူတို့ အက်ရှင်တခုပါမယ်၊ ပြုလုပ်မယ်ဆိုရင်လည်း ကျမတို့ သတင်းဂျာနယ်အနေနဲ့ စောင့်ကြည့်မယ်။ လိုအပ်တာကို ကျမတို့လည်း ပူးပေါင်းကူညီပြီး လုပ်ဆောင်သွားမယ်။”
Eleven မီဒီယာရဲ့ နယ်သတင်းထောက် ထောင်ဒဏ်ချခံခဲ့ရတာနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းသမားကွန်ရက်တွေနဲ့ အဖွဲ့တွေကလည်း ရှုတ်ချကြောင်း ဂျာနယ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။









