Homeမြန်မာသတင်း မြန်မာနှင့်ပတ်သက်ပြီး ဝါဒဖြန့်မှတ်တမ်းယူမည့် ရုရှားရိုက်ကူးရေးအဖွဲ့ လာရောက်မည်
မြန်မာနိုင်ငံရဲ့အခြေအနေကို ဝါဒဖြန့်ရုပ်သံမှတ်တမ်းရယူမဲ့ ရုရှားရိုက်ကူးရေးအဖွဲ့တခု မကြာခင်လာရောက်ဖို့ ရှိတယ်လို့ ခရီးသွားလုပ်ငန်းနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်အုပ်စုရဲ့ ဖိတ်ခေါ်မှုနဲ့ ရုရှားရိုက်ကူးရေးအဖွဲ့တခု မေလကုန်ပိုင်းမဟုတ်ရင် ဇွန်လအတွင်း ရောက်လာမှာဖြစ်ပြီး ခရီးစဉ်အနေနဲ့ ၄ ညအိပ် ၅ ရက်ကြာမြင့်မယ်လို့ ခရီးသွားလုပ်ငန်းအသင်းဝင်တွေက ပြောပါတယ်။
“ရိုက်ကူးရေးလုပ်မဲ့ ရည်ရွယ်ချက်ကိုတော့ မသိရဘူး။ မြန်မာနိုင်ငံရဲ့ ပုံရိပ်မြင်ကွင်းတွေကို တခုခု အသုံးချစရာရှိလို့ပဲနေမှာ။”
အဲဒီရိုက်ကူးရေးအဖွဲ့လာရင် တည်းခိုနေထိုင်ဖို့နဲ့ သွားရောက်မဲ့နေရာတွေကို အဆင်ပြေပြေ သွားရောက်နိုင်အောင် စီစဉ်ပေးဖို့ စစ်အုပ်စုရဲ့ ဟိုတယ်နှင့်ခရီးဝန်ကြီးဌာနက မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ် (MTF) ကို တာဝန်ပေးထားတာလို့ ဆိုပါတယ်။
ရုရှားရိုက်ကူးရေးအဖွဲ့ရဲ့ ခရီးစဉ်အတွက် MTF က ညီနောင်အသင်းတွေနဲ့ မေ ၂၁ ရက်မှာ အစည်းအဝေးလုပ်ပြီး ဆွေးနွေးထားတာရှိတယ်လို့ ခရီးသွားလုပ်ငန်းရှင်တွေက ပြောပါတယ်။
အဲဒီအစည်းအဝေးမှာ ရိုက်ကူးရေးအဖွဲ့တည်းခိုနေထိုင်ဖို့၊ ကျွမ်းကျင်ဧည့်လမ်းညွှန်တွေ စီစဉ်ပေးဖို့နဲ့ ကမ်းခြေတွေ သွားရောက်ရိုက်ကူးနိုင်အောင် ဆောင်ရွက်ပေးဖို့ကိစ္စတွေ အဓိကထားဆွေးနွေးခဲ့ပြီး ပိုမိုပြည့်စုံစေအောင် ခရီးစဉ်ရက်တိုးသင့်တယ်ဆိုတဲ့ အကြံပြုတာတွေရှိခဲ့တယ်လို့ MTF ကလည်း သတင်းထုတ်ပြန်ထားပါတယ်။
အာဏာသိမ်းပြီးနောက်မှာ စစ်အုပ်စုက ရုရှားရိုက်ကူးရေးအဖွဲ့တွေနဲ့ အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လုပ်ဆောင်နေခဲ့ပြီး ၂၀၂၄ ခုမှာ ရုရှားမှ ကျွမ်းကျင်သူတွေကိုဖိတ်ခေါ်ကာ ရိုက်ကူးရေးဆရာဖြစ်သင်တန်းကို ဖွင့်လှစ်ခဲ့တာ ရှိပါတယ်။
ဒါ့အပြင် ရုရှားမီဒီယာတွေနဲ့ ရိုက်ကူးရေးအဖွဲ့တွေကို ဖိတ်ခေါ်ကာ မှတ်တမ်းရိုက်ကူးထုတ်လွှင့်စေခဲ့ပြီး မြန်မာနိုင်ငံမှာ သာယာအေးချမ်းနေတယ်ဆိုတဲ့ ဝါဒဖြန့်လိမ်လည်မူတွေ စစ်အုပ်စုက လုပ်လေ့ရှိပါတယ်။