DVB Logo
Home
Lead Story
မဟာမိတ်မရှိတဲ့ တာလီဘန်နဲ့ အာဏာရှင်စနစ် တင်ပို့နေတဲ့ တရုတ်
DVB
·
September 20, 2021
မဟာမိတ်မရှိတဲ့ တာလီဘန်နဲ့ အာဏာရှင်စနစ် တင်ပို့နေတဲ့ တရုတ်
Donate to DVB

တရုတ်က ပြည်တွင်းမှာ မွတ်ဆလင်တွေကို စနစ်တကျ ကမ့်သွင်းပြီး ဖိနှိပ်မှုတွေလုပ်နေတာ၊  စီစီတီဗီတွေနဲ့ အချိန်ပြည့်စောင့်ကြည့်ပြီး cultural genocide လုပ်နေတာတွေကို နိုင်ငံတကာသတင်းတွေမှာ အမြဲလိုလို တွေ့ကြရပါတယ်။ အစ္စလာမ်ကမ္ဘာအနေနဲ့ တရုတ်ပြည်တွင်းက ဖိနှိပ်မှုတွေကိုကို စိုးရိမ်မကင်းဖြစ်ကြရတယ်။

သို့သော် မကြာခင်က အာဖဂန်နစ္စတန်မှာ အာဏာပြန်ရလာတဲ့ တာလီဘန်တွေကတော့ ပြောင်းပြန်ပါ။ အစိုးရဖြစ်ပြီး ကြေညာချက်ထုတ်ပြန်ရာမှာ ပြောရေးဆိုခွင့်ရှိသူ ဇာဘီဟူလာ မူဂျာဟစ်က “တရုတ်ဟာ ကျနော်တို့အတွက် အရေးကြီးဆုံး ပါတာနာပါ။ တရုတ်နဲ့မိတ်ဖက်မှုက ကျနော်တို့အတွက် အခြေခံကျပြီး အလွန်ထူးကဲတဲ့ အခွင့်အလမ်းပါပဲ” လို့ အလေးအနက်ပြောသွားပါတယ်။ ဘာကြောင့် တာလီဘန်အစိုးရက အစ္စလာမ်တွေအပေါ် သဘောထားမကောင်းတဲ့ တရုတ်ကို အဓိက အားကိုးအားထားချင်တာလဲ။ ဘာကြောင့် အစ္စလာမ်နိုင်ငံတွေနဲ့ မဟာမိတ်မပြုတာလဲ။

စီအင်အင် နိုင်ငံတကာရေးရာသုံးသပ်သူ ဖာရဒ်ဇာခါရီယာကတော့၊ (၉/၁၁) ဖြစ်ရပ်နောက်ပိုင်း နှစ် ၂၀ အတွင်း အစ္စလာမ်ကမ္ဘာမှာ အပြောင်းအလဲတွေ အများကြီးဖြစ်ခဲ့တာကြောင့် တာလီဘန်တို့က တရုတ်ကိုပဲ မဟာမိတ်ပြုရတာလို့ ရှင်းပြပါတယ်။

 (၉/၁၁) ဖြစ်ရပ်တွေကို အစ္စလာမ်နဲ့ အနောက်ကြား ယဉ်ကျေးမှုပဋိပက္ခ (Islam vs The West) လို့ ရှုမြင်ကြတယ်။ တကယ်က ပြီးခဲ့တဲ့ နှစ် ၂၀ အတွင်း အစ္စလာမ်နဲ့ အနောက်ရဲ့ ပြဿနာထက်၊ အစ္စလာမ်နိုင်ငံတွေအတွင်း ပဋိပက္ခတွေကသာ ပိုများခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ အာဏာရအစိုးရနဲ့ အစ္စလာမ်အတိုက်အခံတွေကြား အားပြိုင်မှု၊ အစွန်းရောက်တွေနဲ့ ပျော့ပြောင်းသူတွေကြား အားပြိုင်မှုတွေကသာ  ပိုဖြစ်ခဲ့တယ်လို ဆိုပါတယ်။ 

အစ္စလာမ်နိုင်ငံတွေမှာ အတွင်းအားပြိုင်မှုတွေ ပြုပြင်ပြောင်းလဲမှုတွေကြောင့်ပဲ အစွန်းရောက်အခြေခံဝါဒဟာ အများကြီး လျော့ကျသွားပြီး၊ သဘောထားပျော့ပြောင်းသူတွေ နေရာရလာတယ်။ အယူအဆရေးရာအရ အစွန်းရောက်အခြေခံဝါဒကို လက်မခံချင်တော့ဘူး။ အစ္စလာမ်နိုင်ငံ တစ်ဒါဇင်ကျော်ကို အခြေပြုလုပ်ထားတဲ့ လူထုအမြင်စစ်တမ်းတခုအရ အစ္စလာမ်စစ်သွေးကြွ၊ ဂျီဟဒ်ဝါဒနဲ့ အကြမ်းဖက်ဝါဒတွေအပေါ် လူထုထောက်ခံမှု ကျဆင်းလာခဲ့တယ်။  တင်းကျပ်တဲ့ ရှရီယာဥပဒေတွေကို ထောက်ခံမှု လျော့လာတယ်။   (The Scholar Fawaz Gerges, 2009)

အစ္စလာမ်နိုင်ငံတွေမှာ ပွင့်လင်းမှု၊ လွတ်လပ်စွာရွေးကောက်မှုတွေ ပိုများလာပါတယ်။ ၂၀၁၁ မှာ အာရပ်နွေဦး ဆန္ဒပြတောင်းဆိုမှုတွေ ဖြစ်ခဲ့တယ်။ အီရတ်၊ တူနီရှား၊ တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ပါကစ္စတန်တို့မှာ လွတ်လပ်တဲ့ရွေးကောက်ပွဲတွေ ကျင်းပနိုင်ခဲ့တယ်။ အစ္စလာမ်ပါတီတွေ အနိုင်ရမှုရှိခဲ့ပေမဲ့၊ အဲဒီပါတီတွေဟာ ဒီမိုကရေစီမူဘောင်အောင်က သွားလိုတဲ့  ပါတီတွေပါ။ 

ဥပမာ၊ ဆော်ဒီအာရေဗီယနိုင်ငံဆိုရင် ၉/၁၁ ဖြစ်ရပ်မတိုင်မီက အစ္စလာမ်အခြေခံဝါဒကို အယူအဆရေး၊ နိုင်ငံရေးနဲ့ ငွေကြေးထောက်ပံ့မှုပေးခဲ့တဲ့ အဓိကဌာနချုပ်ပါ။ မွတ်ဆလင်ကမ္ဘာတလွှားကို ဗလီဆရာတွေ၊ ဗလီတွေ၊ စာသင်ကျောင်း၊ ငွေကြေးတွေ အကြီးအကျယ် ထောက်ပံ့တဲ့နိုင်ငံပါ။  ဒါပေမဲ့ ပြီးခဲ့တဲ့နှစ်တွေမှာ ဆော်ဒီဘုရင်စနစ်အတွင်း အပြောင်းအလဲတွေ ရှိခဲ့တယ်။ ၂၀၁၇ မှာ ဆော်ဒီမင်းသားက “နောက်ထပ် နှစ် ၃၀ လောက် ကျနော်တို့ အစွန်းရောက်အယူအဆတွေနဲ့ အချိန်မဖြုန်းချင်တော့ဘူး။ ကျနော်တို့ အခု စတင် တိုက်ဖျက်နေပြီ” လို့ မီဒီယာအင်တာဗျူးတခုမှာ ပြောပါတယ်။

၂၀၀၁ တုန်းက အာဖဂန်နစ္စတန် တာလီဘန်အစိုးရကို တရားဝင်အသိအမှတ်ပြုပေးခဲ့တာ ဆော်ဒီ၊ ပါကစ္စတန်၊ ယူအေအီး သုံးနိုင်ငံပဲရှိတယ်။ အခုဆို ယူအေအီးနိုင်ငံက အသိအမှတ်မပြုတော့တဲ့အပြင်၊ အစ္စရေးနဲ့ သံတမန်ဆက်ဆံရေး တရားဝင်ထူထောင်ပြီး၊ စီးပွားရေး လူမှုရေး ဆက်ဆံမှုတွေ များလာတယ်။ ဆော်ဒီနဲ့ ယူအေအီးတို့မှာ အာဏာရှင်အစိုးရတွေ ဆက်ထိန်းချုပ်ထားသေးပေမဲ့၊ ပွင့်လင်းမှုနဲ့ မတူကွဲပြားလက်ခံမှုတွေ ပိုများလာတယ်။ ယူအေအီး ဆိုရင် လွန်ခဲ့တဲ့ငါးနှစ်က အမြင်မတူခြင်းအပေါ်သည်းခံမှု ဝန်ကြီးဌာန (Ministry of Tolerance) ကိုတောင် ထူထောင်ခဲ့တယ်။ အစိုးရကက်ဘိနက်မှာ အမျီုးသမီးတွေ ခန့်ထားလာတယ်။ 

သေချာတာကတော့ အစ္စလာမ်အစိုးရတွေဟာ ဘာသာရေးကိုအကြောင်းပြမှု လျော့ကျသွားပြီး၊ အာဏာကိစ္စပဲ အဓိကထားတာ ထင်ရှားရှိပါတယ်။ တာလီဘန်အစိုးရသစ်အနေနဲ့ သူတို့ကို အသိအမှတ်ပြုမယ့်မဟာမိတ်ကို အစ္စလာမ်ကမ္ဘာမှာ ရှာရခက်သွားတာကြောင့်၊ တရုတ်ကိုပဲ အရေးကြီးဆုံးမိတ်ဖက်အဖြစ် ကပ်ထားရတယ်။ ဒီအချက်က တာလီဘန်အစိုးရကိုယ်တိုင်  ဘာသာရေးဇောင်းပေးခြင်းထက် အာဏာကသာ ပိုအခရာကျလို့ အစ္စလာမ်အပေါ် သဘောထားမကောင်းတဲ့ တရုတ်နဲ့ မိတ်ဖက်နေခြင်းကို ဖော်ပြပါတယ်။ 

အာဏာရှင်စနစ်တင်ပို့မှု

တရုတ်ပြုပြင်ပြောင်းလဲရေး ခေါင်းဆောင်ကြီး တိန့်ရှောင်ဖျင်က ‘ကိုယ့်အင်အား ဝှက်ထား၊ စောင့်သင့်တဲ့ အချိန်ကိုစောင့်’ လို့ဩဝါဒချွေပြီး သိုသိုသိပ်သိပ် ကြိုးစားခဲ့တယ်။ လက်ရှိခေါင်းဆောင် ရှီကျင့်ဖျင်ကတော့ ပြီးခဲ့တဲ့ဇူလိုင်လ စီစီပီပါတီရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကို “တရုတ်ပြည်နဲ့ ကွန်မြူနစ်ပါတီရဲ့ အောင်မြင်မှု ဇာတ်လမ်းတွေကို ကျန်ကမ္ဘာကို ပြသဝေမျှကြရမယ်” လို့ ကြေညာလိုက်ပါတယ်။ စီစီပီပါတီရဲ့အောင်မြင်မှုနဲ့ အာဏာရှင်အုပ်ချုပ်ရေးမိုဒယ်ကို နိုင်ငံတကာမှာ ဩဇာလွှမ်းအောင်လုပ်ကြလို့ မိန့်လိုက်တာပါပဲ။ 

အပေါ်ယံကြည့်ရင်တော့ တရုတ်က အိုင်ဒီယိုလော်ဂျီ တင်ပို့နိုင်စွမ်းမရှိဘူး၊ သူ့ရဲ့မက်စ်ဝါဒပုံဖျက်တင်ပို့မှုဟာ မအောင်မြင်ခဲ့ဘူးလို့ မြင်ကြတယ်။ ဒါပေမဲ့ အခု တရုတ်ကွန်မြူနစ်ပါတီရဲ့ ဦးတည်ချက်က အိုင်ဒီယိုလော်ဂျီ တင်ပို့မှုလျော့ပြီး၊ နိုင်ငံတိုင်းမှာ နိုင်ငံရေး စီးပွားရေး လက်ဦးမှုရယူဖို့ဖြစ်လာတယ်။ အဲဒီအတွက် ဝါဒဖြန့်မှု၊ နိုင်ငံအသီးသီးက သတင်းအချက်အလက်တွေရယူမှု၊ စီးပွားရေးဩဇာထူထောင်မှု၊ နိုင်ငံခြားရေးစနစ်တွေထဲ ဝင်စွက်ဖက်မှု၊ ဒီမိုကရေစီစနစ်ချည့်နဲ့အောင် နည်းပေါင်းစုံနဲ့ အားပေးကူညီမှုတွေ ရဲရဲတင်းတင်း လုပ်လာတယ်။

တရုတ်က နိုင်ငံတကာမှာ ဒီမိုက‌ရေစီပျက်ယွင်းစေဖို့ ဆောင်ရွက်နေတဲ့ ပုံစံသုံးမျိုး ရှိပါတယ်။ ပထမတခုက ဖွံ့ဖြိုးပြီးနိုင်ငံကြီးတွေမှာ တရုတ်ဩဇာလွှမ်းမိုးအောင် လုပ်ဆောင်တာပါ။ ကနေဒါ၊ ဂျာမဏီ၊ ဩစတြေးလျ၊ ဂျပန် အပါအဝင် ဖွံ့ဖြိုးပြီးနိုင်ငံအတော်များများက တရုတ်ကို ကျယ်ကျယ်လောင်လောင် မဝေဖန်နိုင်အောင် နှုတ်ပိတ်တဲ့နည်းပါ။ အဲဒီအစိုးရတွေနဲ့ဆက်ဆံပြီး ဈေးကွက်ဖွင့်ပေးတယ်။ ကျောင်းသားတွေ လွှတ်ပေးတယ်။ သုတေသနတွေ လုပ်ခွင့်ပြုတယ်။ တရုတ်ကို ဝေဖန်ပြီဆိုတာနဲ့ ကုန်သွယ်မှုပိတ်ပြီး အသံတိတ်စေတယ်။  

ဒုတိယတခုက ဒီမိုကရေစီအကဲဆတ်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ချုပ်ကိုင်ထားတာပါ။ အဲဒီနိုင်ငံတွေက ခြစားတဲ့ လူ့မလိုင်တစုကို အာဏာဗဟိုချက်မှာရှိအောင် ကူညီပေးတယ်။ အရပ်ဘက်လူ့အဖွဲ့အစည်းတွေက တရုတ်ကို မဝေဖန်နိုင်အောင် ပါးစပ်ပေါက်ပိတ်ခိုင်းတယ်။ လူထုကို စောင့်ကြည့်ထိန်းချုပ်ရေး တရုတ်နည်းပညာတွေ အစိုးရတွေကို ပေးတယ်။ ယူဂန်ဒါ၊ ဇင်ဘာဘွေ အပါအဝင် အာဖရိကနိုင်ငံတွေ အတော်များများက တရုတ် အင်တာနက်၊ ဆိုက်ဘာနည်းပညာတွေနဲ့ လူမှုမီဒီယာကို စောင့်ကြည့်တယ်။ အတိုက်အခံတွေကို နှိပ်ကွပ်တယ်။ တဖက်မှာ လမ်းတံတား အခြေခံအဆောက်အုံတွေ တည်ဆောက်ပေးပြီး ကြွေးမြီထောင်ချုပ်နဲ့ အစိုးရတွေကို ချုပ်ကိုင်ထားပါတယ်။

တတိယတခုက ကုလသမဂ္ဂလို နိုင်ငံတကာအင်စတီကျူးရှင်းတွေမှာ ဩဇာလွှမ်းမိုးဖို့ ကြိုးစားပြီး၊ နိုင်ငံတကာစနစ်တွေ ဥပဒေတွေကို ချည့်နဲ့အောင် လုပ်လာတာပါ။ ဒီမိုကရေစီ၊ ရွေးကောက်ပွဲ၊ လူ့အခွင့်အရေး၊ လူနည်းစုအခွင့်အရေး စတာတွေထက် ဖွံ့ဖြိုးမှုကသာအရေးကြီးတယ်လို့ ဆော်ဩပါတယ်။ တရုတ်ပြောတဲ့ ‘Right to Development’ ဟာ အာဏာရှင်တွေနဲ့ ပေါ်ပြူလစ်ဝါဒီခေါင်းဆောင်တွေအတွက် လူထုကို အကြောင်းပြစရာ အကွက်ကောင်းဖြစ်တယ်။ နောက် တရုတ်က အမေရိကန်ဦးဆောင်တဲ့ လစ်ဘရယ် ကမ္ဘာ့အစီအစဉ် (Liberal World Order) ကို ဖျက်ဖို့အတွက် နိုင်ငံတကာဆိုက်ဘာကွန်ယက်၊ အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံ့မှုဘဏ်၊  BRI စီမံကိန်းတွေနဲ့ တိုးချဲ့ဆောင်ရွက်လာတယ်။

တာလီဘန်တွေ၊ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ ကမ္ဘာတလွှားက ဒီမိုကရေစီမ မလိုလားတဲ့ခေါင်းဆောင်တွေ အဖို့တော့ တရုတ်ဟာ အဖေကြီးဖြစ်ပြီး၊ ကျေးဇူးတွေ အဆုံးမရှိများပြားလာတာမို့ တရုတ်ဂုဏော အနန္တော ပါပဲ။ 

ဝင့်ထန်း

ရည်ညွှန်း

What the Taliban’s surprising partnership by Fareed Zakaria 

How China Exports Authoritarianism By Charles Edel and David O. Shullman; Foreign Affairs

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013