DVB Logo
Home
မြန်မာသတင်း
နေပြည်တော်မြေသိမ်းမှုတွင် ပြည်ထောင်စု ၀န်ကြီးများ ပါဝင်ပတ်သက်နေ
DVB
·
December 20, 2013
နေပြည်တော်မြေသိမ်းမှုတွင် ပြည်ထောင်စု ၀န်ကြီးများ ပါဝင်ပတ်သက်နေ
Donate to DVB

နေပြည်တော်၊ ဒဏ္ခိဏသီရိမြို့နယ်အစပ် လယ်သာကြီးအုပ်စုမှာ သရက်ခြံစိုက်ဖို့ လျော်ကြေးမပေးဘဲ မြေသိမ်းထားတဲ့ထဲ အစိုးရအဖွဲ့ဝင် ၀န်ကြီးတချို့ ပါဝင်ပတ်သက်နေတယ်လို့ ဒီဗွီဘီက စုံစမ်းသိရပါတယ်။

A sign welcomes visitors to Myanmar's isolated new capital, Naypyidaw July 4, 2009၂၀၁၀ ခုနှစ်ကတည်းက စိန်တလုံးသရက်ခြံစိုက်ဖို့ဆိုပြီး မြေတွေ သိမ်းယူခဲ့တာပါ။ အဲ့ဒီမြေတွေမှာ ဘိုးစဉ်ဘောင်ဆက် စိုက်ပျိုးလုပ်ကိုင်လာခဲ့ကြတဲ့ ဒေသခံပြည်သူ ရာနဲ့ချီ ရှိနေတယ်လို့ ၀န်ကြီးတွေရဲ့ မြေသိမ်းယူမှုနဲ့ ပတ်သက်ပြီး ဒဏ္ခိဏသီရိမြို့နယ် ပြည်သူ့လွှတ်တော် ဦးနိုင်ငံလင်းက ခုလိုပြောပါတယ်။

“လ၀က ၀န်ကြီးတို့ ဦးစိုးသိမ်းတို့ လွှတ်တော်ကော်မတီဥက္ကဌ ဦးစိုးသာတို့ ပါတယ်။ ကျနော် သွားကြည့်တော့ ရွှေခင်းအုပ်စုက ကျောက်ခဲရွာကနေပြီးတော့ သူတို့သွားနေတဲ့ လှည်းလမ်းကို ဦးစိုးသာရဲ့ ခြံကြီးက ပိတ်ထားတယ်ပေါ့ဗျာ။ ခြံစည်းရိုးခတ်လိုက်တော့ သူတို့သွားလို့ မရတော့ဘူး။ အဲဒါနဲ့ ဦးစိုးသိမ်း၊ ဦးခင်ရီ သိမ်းထားတဲ့ လယ်မြေဧက ၅၀ တွေကို သွားကြည့်တယ်။ တောင်သူတွေက သူတို့ဘာမှ မရသေးဘူး။ ဒီအတိုင်း သိမ်းထားတာတဲ့။”

ဝန်ကြီးတွေ သိမ်းထားတဲ့မြေတွေမှာ တချို့ခြံတွေမှာ သရက်ပင်စိုက်ထားတာတွေ တွေ့ရပေမယ့် တချို့ခြံတွေကတော့ ခြံခတ်ထားတာပဲ တွေ့ရတယ်လို့လည်း ပြောပါတယ်။

နေပြည်တော်တည်ထောင်ခဲ့စဉ်က လယ်မြေ တဧက ကျပ် ၃ သိန်းခွဲ၊ ယာမြေတဧက ၂ သိန်းခွဲ လျော်ကြေးပေးခဲ့တဲ့အပြင် သီးနှံလျော်ကြေး၊ အိမ်ဝိုင်း အစားပေးတာမျိုး လုပ်ခဲ့တာပါ။

ဒါပေမယ့် အခု ၀န်ကြီးတွေသိမ်းထားတဲ့ မြေတွေဟာ ယာမြေတွေဖြစ်ပြီး မြေလျော်ကြေးမပေးဘဲ ခြုံနွယ်ရှင်းခဆိုပြီး တအိမ်ထောင် ကျပ် ၇ သောင်းပဲ ပေးခဲ့တယ်လို့လည်း သိရပါတယ်။

မူလစိုက်ပျိုးလုပ်ကိုင်ခဲ့တဲ့ ဒေသခံတွေဟာ အစဉ်အဆက်စိုက်ပျိုး လုပ်ကိုင်နေ ထိုင်လာခဲ့ကြ တာမှန်ပေမယ့် မြေယာပိုင်ဆိုင်တဲ့ ထောက်အထား တစုံတရာ မရှိဘူးလို့လည်း ဆိုပါတယ်။

ဝန်ကြီးတွေ သိမ်းထားတဲ့မြေတွေနဲ့ ပတ်သက်ပြီး သမ္မတပြောခွင့်ရ ဦးရဲထွဋ်ကို ဆက်သွယ်မေးကြည့်တော့ မြေပိုင်ဆိုင်ကြောင်း အထောက်အထားရှိရင် လျော်ကြေးပေးတယ်လို့ ပြောပါတယ်။

“ဒီဘက်မှာ ဘယ်လိုတွေ ဖြစ်နေလဲဆိုတော့ နဂိုကတည်းက လုပ်နေတဲ့သူတွေ တချို့ကလည်း သူတို့ကိုယ်တိုင်ကိုက သစ်တောနယ်မြေ မြေလွတ်မှာ ကျူးကျော်နေတဲ့ သူတွေ ရှိတယ်။ အဲဒါကို သစ်တောတို့ စိုက်ပျိုးရေးကနေပြီးတော့မှ တခြားသူတွေကို လုပ်ငန်းရှင်တို့ စိုက်ပျိုးရေးလုပ်ကြမယ့်သူတွေကို ချပေးထားတာတော့ ရှိတယ်။ တချို့က ၀င်နေလိုက်ပြီး လျော်ကြေး တောင်းတာလည်း ရှိတယ်။ များသောအားဖြင့် နဂိုကတည်းကလုပ်နေတယ်၊ အထောက်အထား လည်း ရှိတဲ့ လယ်မြေတွေ ဘာတွေဆိုရင် အဲဒီသိမ်းတဲ့အချိန်မှာရှိတဲ့ ပေါက်ဈေးအတိုင်း လျော်ကြေးပေးတယ်။ နဂိုကတည်းကိုက အစိုးရမြေ သစ်တောမြေမှာ ကျူးကျော်နေတဲ့သူဆိုရင် လျော်ကြေးပေးတာ မရှိဘူး။”

ဒဏ္ခိဏသီရိမြို့နယ်လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကတော့ လယ်သာကြီး အုပ်စုမှာ အလားတူမြေဧက ဘယ်လောက်သိမ်းခံထားရလဲ လျော်ကြေးမရဘဲ အသိမ်းခံထားရ တဲ့ တောင်သူ ဘယ်လောက်ရှိနေလဲဆိုတာကို အတိအကျ သိနိုင်ဖို့ စာရင်းကောက်ယူမှုတွေ ပြုလုပ်နေပါတယ်။

နစ်နာတဲ့ တောင်သူတွေကိစ္စ လွှတ်တော်မြေယာစုံစမ်းစစ်ဆေးရေးကော်မရှင်ကို တိုင်ကြား တင်ပြသွားမယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013