
ဆီးဂိမ်း အမျိုးသမီးဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲကို ဒီနေ့ ညနေ ၄ နာရီ မန္တလာသီရိကွင်းမှာ အိမ်ရှင် မြန်မာနဲ့ မလေးရှား အမျိုးသမီးဘောလုံးအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြပြီး မြန်မာအသင်းက ပထမပိုင်းမှာ ၆-၀ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယ ရရှိသွားပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ပွဲချိန် ၂၄ မိနစ်မှာ ကျောနံပါတ် ၉ ရီရီဦးက ၁ ဂိုး၊ ပွဲချိန် ၃၇ မိနစ်မှာ ကျော်နံပါတ် ၁၁ ခင်မိုးဝေက ၁ ဂိုးနဲ့ ပွဲချိန် ၃၉ မိနစ်မှာ ကျောနံပါတ် ၇ သန်းသန်းထွေးက ၁ ဂိုး သွင်းယူပြီး ပထမပိုင်း ပြီးဆုံးချိန်မှာ ၃-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒုတိယပိုင်းတလျှောက်လုံးမှာလည်း မြန်မာအမျိုးသမီးအသင်းကပဲ မလေးရှားအသင်းကို ခြေအသာ၊ ကစားကွက်အသာနဲ့ တောက်လျှောက်ဖိကစားခဲ့ပြီး ၆၉ မိနစ်မှာ ကျောနံပါတ် ၉ ရီရီဦးက ၁ ဂိုး၊ ၈၂ မိနစ်မှာ ကျောနံပါတ် ၆ စန်းစန်းမော်က ၁ ဂိုး၊ မိနစ် ၉၀ မှာ လူစားဝင်လာတဲ့ ကျောနံပါတ် ၂ က ၁ ဂိုး သွင်းယူခဲ့တဲ့အတွက် မြန်မာအသင်းက ၆-၀ ဂိုးနဲ့ အနိုင်ရရှိပြီး တတိယ ရရှိသွားပါတယ်။
ပါဝင်ယှဉ်ပြိုင်တဲ့ မြန်မာအမျိုးသမီး ကစားသမားတွေက ဂိုး မြဖူးငုံ၊ ရီရီဦး၊ ဖြူပွင့်ခိုင်၊ ခင်မာလာထွန်း၊ ခင်သန်းဝေ၊ မိုးမိုးဝါ၊ ဇင်မာဝင်း၊ သန်းသန်းထွေး၊ နော်အယ်လိုဝါဖော၊ ခင်မိုးဝေနဲ့ စန်းစန်းမော် တို့ဖြစ်ပါတယ်။
မြန်မာအမျိုးသမီးအသင်းဟာ ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ထိုင်းအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရာမှာ ပင်နယ်တီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယ လုပွဲကို ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။
မလေးရှားအသင်းကလည်း ဆီးမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဗီယက်နမ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရာမှာ ၄-၀ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး တတိယလုပွဲကို ယှဉ်ပြိုင်ကစားရတာ ဖြစ်ပါတယ်။











