
ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့၊ ဆင်ချဆိပ်ရပ်ကွက်ရှိ တေဇာရာမ(ဘက)ကျောင်းမှာ စာသင်ကြားနေတဲ့ ကျောင်းဆရာတယောက်ဟာ အသက် ၆ နှစ်ကနေ ၈ နှစ်အရွယ်ရှိ KG တန်း ကျောင်းသူ ၄ ယောက်ကို အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းမှုနဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ အာရက္ခတပ်တော် (AA) ရဲ့ ရဲတပ်ဖွဲ့ဖြစ်တဲ့ DELPS က မတ် ၂၂ ရက်မှာ ထုတ်ပြန်ပါတယ်။
မြောက်ဦးမြို့ရှိ တေဇာရာမ(ဘက)ကျောင်းက ကျောင်းဆရာဖြစ်သူ ဦးမောင်ငယ် (ခ) မောင်တင်နု (၅၆ နှစ်) ဟာ ဖေဖော်ဝါရီ ၂၃ ရက်က အသက် ၈ နှစ်အရွယ် KG တန်း ကျောင်းသူတယောက်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့ကြောင်း ကျောင်းသူက ပြောပြခဲ့တယ်လို့ သိရပါတယ်။
အဲဒီနောက် မြေပြင်စုံစမ်း စစ်ဆေးချက်တွေအရ ၂၀၂၅ ခုနှစ်ကလည်း ဦးမောင်ငယ်ဟာ အသက် ၆ နှစ်၊ အသက် ၇ နှစ်နဲ့ အသက် ၈ နှစ်အရွယ် ကျောင်းသူ ၃ ယောက်ကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာ ပြုလုပ်ခဲ့တယ်လို့ တွေ့ရှိခဲ့တာကြောင့် မိဘတွေက မတ် ၆ ရက်မှာ ရဲတပ်ဖွဲ့ DELPS ထံ အမှုဖွင့် တိုင်တန်းခဲ့တာလို့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အဲဒီလို တိုင်တန်းချက် ပြုလုပ်ခဲ့ပြီးနောက် ရဲတပ်ဖွဲ့က ကနဦး စုံစမ်းမှုတွေ ပြုလုပ်ပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့်ကာ ကျူးလွန်သူလို့ သံသယတရားခံ ဦးမောင်ငယ် (ခ) မောင်တင်နုကို မတ် ၁၁ ရက်မှာ ဖမ်းဆီးခဲ့ပြီး ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဆောင်ရွက်နေတယ်လို့ ဆိုထားပါတယ်။
ကျောင်းဆရာတယောက် အနေနဲ့ ကျောင်းသူ ၄ ယောက်ကို လိင်ပိုင်းဆိုင်ရာပြစ်မှု ကျူးလွန်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းမှုဟာ ကလေးငယ်တွေနဲ့ အမျိုးသမီး လုံခြုံမှုအတွက် အလွန်စိုးရိမ်ဖွယ်ကောင်းတဲ့ ပြစ်မှုဖြစ်တာကြောင့် တရားဥပဒေအရ လျှော့ပေါ့ပြစ်ဒဏ်မရှိဘဲ အရေးယူဖို့ လိုအပ်တယ်လို့ မြောက်ဦးမြို့ခံ အမျိုးသမီးအရေးလှုပ်ရှားသူ လူငယ်အမျိုးသမီးတယောက်က ပြောပါတယ်။
“ကျောင်းဆရာတဦးက KG တန်း ကျောင်းသူ ၄ ဦးကို လိင်ပိုင်းဆိုင်ရာ ပြစ်မှုကျူးလွန်ပြီး အဓမ္မပြုကျင့်ဖို့ ကြိုးပမ်းတယ်လို့ သတင်းကြားရတာဟာ အတော်ကို တုန်လှုပ်စိုးရိမ်စရာ ဖြစ်မိတယ်။ ကျောင်းဆရာတဦးက တပည့် သား၊ သမီးတွေ ပညာသင်ကြားမပေးဘဲ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်ဖို့ ကြိုးပမ်းတာကို ဘယ်လိုမှ လက်ခံနိုင်စရာမရှိဘူး။ ဒီလို ပြစ်မှုကျူးလွန်သူတွေကို ဥပဒေအရ လျှော့ပေါ့တာမျိုးမရှိဘဲ ကြီးလေးတဲ့ပြစ်မှုတွေ ချမှတ် အရေးယူပေးဖို့ လိုအပ်တယ်။”
ဦးမောင်ငယ် (ခ) မောင်တင်နုကို စွဲဆိုထားတဲ့ မုဒိမ်းကျင့်ဖို့ ကြံစည်အားထုတ်မှု ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ ဟာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၁၀ နှစ်အထိ အများဆုံး ကျခံနိုင်ပြီး တကယ်လို့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခဲ့ရင် ရာဇသတ်ကြီးပုဒ်မ ၃၇၆(၃) အရ အသက် ၁၂ နှစ်အောက် အမျိုးသမီးတွေကို မုဒိမ်းမှု ကျူးလွန်ပါက ထောင်ဒဏ်တသက်ဖြစ်စေ၊ ထောင်ဒဏ် အနှစ် ၂၀ ဖြစ်စေ ချမှတ်ရမယ်လို့ ပြဋ္ဌာန်းထားကြောင်း ရဲတပ်ဖွဲ့ DELPS က ပြောပါတယ်။
ဒါ့အပြင် မိဘတွေအနေနဲ့လည်း သက်ငယ်မုဒိမ်းမှု မဖြစ်စေရေးနဲ့ သက်ငယ်မုဒိမ်းမှု ကျူးလွန်ဖို့ ကြံစည်အားထုတ်မှုကနေ ကင်းလွတ်စေရေးအတွက် မိမိကလေးငယ်တွေကို ကြိုတင်ကာကွယ်တာ၊ သံသယဖြစ်ဖွယ်တွေ့ရှိက သတင်းပေးပို့တာ၊ ဥပဒေအကြောင်း သိရှိနားလည်အောင် လုပ်ဆောင်တာ၊ ကျူးလွန်သူကို အကာအကွယ်မပေးဘဲ ဝိုင်းဝန်းရှုတ်ချတာနဲ့ ကလေးငယ်တွေကို ပွင့်လင်းစွာ ပြောဆိုနိုင်အောင် ပြုစုပျိုးထောင်ပေးကြဖို့လည်း ရဲတပ်ဖွဲ့က တိုက်တွန်းထားပါတယ်။
မတ် ၁၆ ရက်က မောင်တောမြို့နယ်၊ အောင်သုခကျေးရွာမှာ အသက် ၃ နှစ်အရွယ် မိန်းကလေးတယောက်ကို အသက် ၁၆ နှစ်အရွယ် လူငယ်တယောက်က မုဒိမ်းကျင့် သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီး ကျူးလွန်သူကို စုံစမ်းဖော်ထုတ်နိုင်ခဲ့ကာ မုဒိမ်းမှု၊ လူသတ်မှု၊ အလောင်းဖျောက်ဖျက်ဖို့ ကြိုးပမ်းမှု စတာတွေနဲ့ အရေးယူ ဆောင်ရွက်နေတယ်လို့ DELPS က ပြောပါတယ်။











