DVB Logo
Home
Lead Story
စစ်ကောင်စီလက်ထက် ငွေကြေးပေါ်လစီ ဘာကြောင့် အလုပ်မဖြစ်သလဲ
DVB
·
September 19, 2021
စစ်ကောင်စီလက်ထက် ငွေကြေးပေါ်လစီ ဘာကြောင့် အလုပ်မဖြစ်သလဲ
1 / 2
Donate to DVB

သာမန်အခြေအနေ အခြေခံသွင်းကုန် အမှီပြုရတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ဒေါ်လာစျေး မြင့်တက်သဖြင့် ငွေဖောင်းပွမှုဖြစ်လျှင် ဗဟိုဘဏ်က စျေးကွက်ထဲသို့ အရန်ငွေဒေါ်လာများ ထုတ်ရောင်း၍ လည်းကောင်း၊ ငွေအတိုးနှုန်း တိုးမြှင့်ပြီးလည်းကောင်း ငွေကြေးပေါ်လစီ (Monetary Policy) ဖြင့် ပြန်ထိန်းရတတ်ပါသည်။ ဒါတောင် ငွေကြေးပေါ်လစီ၏ တုံ့ပြန်အကျိုးသက်ရောက်မှုက ပျမ်းမျှ ၁၈ လ ( Time Gap) ကြာမှ သိသာမှု ရှိပါသည်။

သို့သော် အမှန်တကယ် ဘဏ်အတိုးနှုန်းသည် အနုတ်လက္ခဏာဖြစ်နေလျှင် သိသာစွာ အလုပ်ဖြစ်မှု မရှိပါ။  သဘောမှာ ဘဏ်အတိုးနှုန်းသည် ငွေဖောင်းပွမှုနှုန်းကို မကာမိပါက ငွေကြေးပေါ်လစီ အလုပ်မဖြစ်ပါ။

ယင်းတွင် ဘဏ်အတိုးနှုန်း ၁၀ ရာနှုန်း ဖြစ်သော်လည်း ငွေဖောင်းပွမှုနှုန်းက ၆ ရာခိုင်နှုန်း ဖြစ်သဖြင့် အသားတင်အတိုးနှုန်းမှာ ၃ ဒသမ ၇၇ ရာခိုင်နှုန်းသာ ရှိပါသည်။ အကယ်၍ ငွေဖောင်းပွမှုနှုန်းက ၂၅ ရာခိုင်နှုန်း ဖြစ်နေပြီး၊ အပြင်ဘဏ်တိုးနှုန်းသည် ၂၀ ရာခိုင်နှုန်း တိုးပေးဦးတော့၊ ငွေကြေးပေါ်လစီ အလုပ်မဖြစ်တော့ပါ။

အကြမ်းဖက်စစ်ကောင်စီ၏ ဗဟိုဘဏ်က ဒေါ်လာများ ထုတ်ရောင်းသော်လည်း ဒေါ်လာစျေး ကျမသွားပါ။ အဓိကတရားခံမှာ ပြည်တွင်းကျပ်ငွေဖောင်းပွမှု ဖြစ်ပါသည်။ ၂၀၂၀ နှစ်ဦးအစမှ ကိုဗစ်ရောဂါကပ်ဘေးကြောင့် ကုန်ထုတ်စီးပွားရေး ထိခိုက်သွားခဲ့ရသည်ကို အများအသိပင်။ စီးပွားရေးရပ်ဆိုင်းသွားလို့ အလုပ်လက်မဲ့ ကြီးထွားသွားသည်။ အာဏာသိမ်းလိုက်သောအခါ အထည်စက်ရုံအများအပြား ပိတ်လိုက်ရသည်။ ဆူဇူကီးကားထုတ်လုပ်မှု ရပ်ဆိုင်းသွားသည်။ ယိုးဒယားမှ Amata စက်မှုလုပ်ငန်း ရင်းနှီးမြှုပ်နှံမှုနှင့် ဂျပန်မှ Kirin ရှယ်ယာနုတ်ထွက်သွားသည်။

စကစအပေါ် အယုံအကြည်မရှိလို့ ဘဏ်အပ်ငွေ ဝိုင်းပြုံထုတ်ကြသောကြောင့် ငွေသားအချိုး ကျိုးပေါက်ပြီး၊ ဘဏ်အကျပ်အတည်း တွေ့ရသည် ( Bank Run or Banking Crisis)။ ဒီကတဆင့် အရင်းအချိုး ကျိုးပေါက်ပြီး၊ ငွေကြေးအကျပ်အတည်း (Financial Crisis) နှင့် ရင်ဆိုင်ရပြီး နောက်ဆုံး စီးပွားရေးကပ်ပါ ကပ်ပါလာပါရော။

အာဏာသိမ်းပြီး ဖေဖော်ဝါရီလကလည်းက ကွန်တိန်နာ ၁၀,၀၀၀ ကျော် အေးရှားဝေါ ဆိပ်ကမ်းတွင် သောင်တင်နေခဲ့သည်။ ပြည်ပစီးပွားရေးပိတ်ဆို့မှု (Sanction) ကြောင့် ပို့ကုန်ပျက်၊ ထောက်ပံ့ပို့ဆောင်ရေး ပြိုကွဲပြတ်တောက် (logistic disruption)၊ သွင်းကုန်ဖြန့်ဖြူးရေး ပျက်ပြား၊ ဝန်ထမ်းများ အာဏာဖီဆန် ရုံးမတက် ရုန်းထွက် (CDM) လုပ်သောကြောင့် ထုတ်လုပ်ဝန်ဆောင်မှု ပျက်ပြား၊ နိုင်ငံတော်၏အကြမ်းဖက်ဝါဒ (State Terrorism) ကြောင့် တရားဥပဒေရေးပျက်ပြား၊ အုပ်ချုပ်ရေး၊ စီးပွားရေး၊ တရားဥပဒေရေး အကုန်ပျက်ပြီး ‘ကျွတ်ဆတ်အလေးဆနှုန်း’ (Fragility Index)၊ သို့မဟုတ် တိုင်းပြည်စိုးရိမ်ရေအမှတ် ၁၀၀ ကျော်သွားလျှင်တော့ တိုင်းပြည်ပျက်နေပြီဟုပင် ခေါ်ရပါလိမ့်မည်။

ဦးသိန်းစိန်အစိုးရမတက်မီ ၂၀၁၀ စစ်အစိုးရ နောက်ဆုံးကာလ၏ ကျွတ်ဆတ်အလေးဆနှုန်း (Fragility Index)၊ သို့မဟုတ် တိုင်းပြည်စိုးရိမ်ရေအမှတ်က ၉၉ ဒသမ ၄ ဖြစ်နေခဲ့သည်ကို ပြန်သုံးသပ်ပြီး ယနေ့အခြေအနေကို ခန့်မှန်းနိုင်ပါသည်။

၂၀၂၀ အကုန် ကိုဗစ်ကို ထိန်းနိုင်ခဲ့ရာက ၂၀၂၁ တွင် စီးပွားရေး ပြန်လည်ဦးမော့လာရန် ရှိသော်လည်း စကစ/မအလ ကြောင့် စီးပွားရေးထိုးကျပြီး (ကမ္ဘာ့ဘဏ်၏ ၂၀၂၁ ခန့်မှန်းချက်မှာ စီးပွားရေး ၁၀ ရာခိုင်နှုန်း ထိုးကျသွား)၊ ငွေဖောင်းပွမှု မထိန်းနိုင် သိမ်းမရ ထောင်တက်သွားသဖြင့် မြန်မာကျပ်ငွေတန်ဖိုး ထိုးကျရပါသည်။

ဥပမာ၊ ၂၀၂၁ ခုနှစ်အစတွင် ငွေဖောင်းပွမှု ၁၀ ရာခိုင်နှုန်းရှိစဥ် ဒေါ်လာ/ကျပ် လဲလှယ်နှုန်းသည် ၁၆၅၀ ကျပ်ဖြစ်ခဲ့ရာက၊ ယခုအခါ မြန်မာငွေဖောင်းပွနှုန်း ၂၅ ရာခိုင်နှုန်းဖြစ်လာပြီး၊ ဒေါ်လာငွေ ဖောင်းပွနှုန်း ၂ ရာခိုင်နှုန်းသာ တည်ငြိမ်နေလျှင် ဒေါ်လာပေါက်စျေးမှာ {၁၆၅၀* (၁+၀.၂၅)/ (၁+၀.၀၂)}= ၂၀၂၂.၀၆ အထိ မြောက်သွားပါလိမ့်မည်။

မျိုးညွန့် (မာကရိုစီးပွားရေးပညာရှင်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013