DVB Logo
Home
Lead Story
ကောက်ကြီး ပြောပြတဲ့ နှိပ်စက်ခံ အိပ်မက်ဆိုးတွေအကြောင်း
DVB
·
September 18, 2021
ကောက်ကြီး ပြောပြတဲ့ နှိပ်စက်ခံ အိပ်မက်ဆိုးတွေအကြောင်း
Donate to DVB

စစ်တပ် အာဏာသိမ်းတာကို လက်မခံလို့ လမ်းပေါ်ထွက် ငြိမ်းချမ်းစွာ တောင်းဆိုဆန္ဒပြကြတဲ့ ပြည်သူတွေကို အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ လက်နက်ကိုင်အဖွဲ့တွေက ဖေဖော်ဝါရီလလအလယ်မှာ အကြမ်းဖက်ရိုက်နှက် ဖမ်းဆီးခဲ့လို့ သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ရဲ့အချုပ်တွေနဲ့ အင်းစိန်ထောင်မှာ လူတွေ ပြည့်လျှံခဲ့ပါတယ်။

အဲဒီအထဲမှာ ကျနော်အပါအဝင် ကျနော်နဲ့အသက်သိပ်မကွာတဲ့ ကောက်ကြီးဆိုတဲ့ သူတစ်ယောက် လည်းပါလာခဲ့တယ်။ ကောက်ကြီးဆိုတာကတော့ ထောင်တစ်ခုလုံးက သူကို ချစ်စနိုးနဲ့ ခေါ်တဲ့ နာမည်ပါ။

သူ့ရဲ့ နှာ‌ခေါင်း၊ လက်နဲ့ ‌ခန္ဓာကိုယ်အစိတ်အပိုင်းတချို့က ရဲစခန်းအချုပ်မှာ ရဲတွေရဲ့နှိပ်စက်မှုကြောင့် ပုံမှန်အနေအထားမဟုတ်ဘဲ ကောက်နေတဲ့အတွက်ကြောင့် ချစ်စနိုးနဲ့ ကောက်ကြီးလို့ ကျနော်တို့က ခေါ်ကြတာပါ။

အသက် ၁၈ နှစ်ကျော် ပိန်ပိန်ပါးပါး အသားဖြူဖြူ အရပ်ကတော့ ၅ ပေ ၆ လက်မဝန်းကျင်ရှိပြီး အခုခေတ်လူငယ် ပုံစံ ဆံပင်ကတော့ မတိုမရှည်နဲ့။ ကျနော် ထောင်ထဲရောက်လာပြီး ၂ လ နီးပါး ကြာမှ သူရောက်လာခဲ့တာပါ။

ဘယ်လို အဖမ်းခံခဲ့ရလဲဆိုတဲ့ အကြောင်းပြောဖြစ်ကြတော့ ဒလန်သတင်းပေးကြောင့် သူအဖမ်းခံခဲ့ရတယ်လို့ ပြောပြလို့ အဲဒီအချိန်မှာ သူအကြောင်း အနည်းငယ်ပဲသိခဲ့ရတယ်။ အဲဒီနောက်ပိုင်း ကျနော်လည်း တိုက်တွေ အဆောင်တွေ ပြောင်းတော့ ကောက်ကြီးနဲ့ ကျနော် မတွေဖြစ်တော့ဘူး။ မေလ ကုန်ခါနီးအချိန်မှ သူနေတဲ့ အခန်းကို ကျနော် တစ်ခေါက်ထပ်ရောက်သွားခဲ့တယ်။

ကျနောလည်း အဲဒီအခန်းက ဆေးဝါးနဲ့ပတ်သတ်ပြီး ကျွမ်းကျင်တဲ့ သူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ ကောက်ကြီးက ဆီးသွားရတာအဆင်မပြေဘူးလို့ ပြောလာတယ်။ ဘာကြောင့်လဲဆိုတာမေးကြည့်တော့ သူ ရဲစခန်းအချုပ်မှာ နှိပ်စက်ခံခဲ့ရတဲ့အကြောင်းကို ပြောပြတယ်။

ဒလန်သတင်းပေးကြောင့် ရဲတွေရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရပြီး ရဲစခန်းမှာ သူကို စစ်မေးတဲ့အခါမှာ နှာခေါင်းကို သေနတ်ဒင်နဲ့ ထုတာတွေ သူရဲ့လက်သန်း နှစ်ချောင်းလုံးကို ခုံပေါ်တင်ပြီး ထုတာတွေ ခြေထောက်ကို နံပါတ်တုတ်နဲ့ ရိုက်တာတွေ စုံလို့ပါပဲ။ ဒီအကြောင်းတွေက ကောက်ကြီးနဲ့ကျနော်နဲ့ စတွေ့တဲ့အချိန်က သူပြောပြထားတဲ့ အကြောင်းတွေဖြစ်ပေမဲ့ လူမဆန်တဲ့ စစ်ကောင်စီရဲ့ နှိပ်စက်တဲ့ အကြောင်းအရာတစ်ခုကို ကျနော်ကြားလိုက်ရတဲ့အချိန်မှာ ဒေါသတွေထွက်ခဲ့တယ်။

ကောက်ကြီးရဲ့လိင်တံကို အုတ်နီခဲ အကျိုးအပိုင်းအစတွေပေါ်တင်ပြီး ဖိနပ်နဲ့ နင်းတဲ့ လူမဆန်တဲ့ စစ်ကောင်စီရဲ့ လက်နက်ကိုင်အဖွဲ့က နှိပ်စက်ခဲ့တယ်ဆိုတာကိုကြားလိုက်ရတယ်။ ရဲတွေကသူ့ကိုမေးမြန်းနေတုန်းမှာ လက်ထိပ်ကိုနောက်ပြန်ခတ်ပြီး ရဲစခန်းရဲ့ တစ်နေရာကို ခေါ်သွားကာ ခြေထောက်ကို ကားပြီး ထိုင်ခိုင်းခဲ့တယ်လို့ပြောပါတယ်။ ပြီးတော့ လိင်တံရဲ့အောက်မှာ အုတ်နီခဲအကျိုးအစတချို့ကို ထည့်ပြီး ရဲက တစ်ခွန်းမေးတိုင်း ကောက်ကြီးရဲ့ လိင်တံကို စီးထားတဲ့ဖိနပ်နဲ့ တစ်ခါနင်းတယ်။ အဲဒီလို ၆ ကြိမ်ထက်မနည်း အနင်းခံခဲ့ရပြီးတဲ့နောက်မှာတော့ အော်ဟစ်ပြီး ထပ်မလုပ်ဖို့ ပြောခဲ့ရတယ်လို့ ကောက်ကြီးက ပြန်ပြောပြတယ်။

အဲဒီစကားအဆုံးမှာ ကျနော်လည်းကောက်ကြီးကို ထောင်ထဲက ဆေးခန်းကို ခေါ်သွားပြီး ထောင်ဆရာဝန်နဲ့ ပြတဲ့အခါမှာ ကောက်ကြီးရဲ့ လိင်တံဟာ ပုံမှန်မဟုတ်ဘဲ သိသိသာသာကြီးကို ကောက်နေတာကို တွေ့လိုက်ရတယ်။

တစ်ချို့နေရာတွေမှာဆို ညိုနေပြီး သူနှိပ်စက်ခံခဲ့ရတဲ့အချိန်တုန်းက ဆီးသွားလို့မရဘူးလို့ ကောက်ကြီးကပြောပြတယ်။ အခုတော့ ဆီးသွားလို့ရပေမဲ့ အဲဒီဒဏ်တွေကြောင့် ဆီးတစ်စက်ထွက်တိုင်း အရမ်းနာကျင်တဲ့ဒဏ်ကို ကောက်ကြီးခံစားနေရတယ်။ ထောင်ထဲရောက်လို့ တစ်လကျော်မှ သူဆေးခန်းကို ရောက်လာခဲ့တာ။ ကျနော်ထောင်ထဲမှာရှိနေတဲ့အချိန်ထိ ကောက်ကြီး ထောင်ဆေးခန်းမှာ ဆေးကုသခွင့်မရခဲ့ပါဘူး။ ဒီအကြောင်းတွေကို သူ့ရဲ့ရှေ့နေကိုပြောဖို့ ကျနော်တို့ တိုက်တွန်းတဲ့အချိန်မှာ နောက်ရုံးချိန်းမှာ ပြောမယ်လို့ ကျနော်တို့ကို ကောက်ကြီးကပြန်ပြောတယ်။

သူ့ရဲ့ရှေ့နေကို ဖြစ်ကြောင်းကုန်စင် ပြောပြလိုက်တယ်ဆိုတဲ့အကြောင်းကို ယာယီတရားရုံးမှာ ရုံးချိန်းပြီးတော့ ကောက်ကြီးက ကျနော့်ကိုလာတွေ့ပြီးပြောပြတယ်။ အဲဒီတရားရုံးမှာ ကောက်ကြီးကို ရဲစခန်းမှာ နှိပ်စက်ခဲ့တဲ့ ရဲက နိုင်ငံရေးအကျဉ်းသားတွေကို ရုံးထုတ်တဲ့အခါမှာ စောင့်ဖို့ လုံခြုံရေးအဖြစ်ပါလာလို့ သူတို့နှစ်ယောက် ဆုံခဲ့ကြတယ်။

အဲဒီရဲက ကောက်ကြီးကို မင်းငါ့ကိုမှတ်မိလားလို့မေးလိုက်တော့ ကောက်ကြီးက မှတ်မိတယ်။ ငါလွတ်လာရင် ခင်ဗျားတို့နဲ့ ပြန်တွေ့ချင်တယ်လို့ ပြောလိုက်တဲ့အကြောင်း ဒေါသတွေထွက်နေတဲ့ မျက်နှာထားနဲ့ ကျနော့်ကို ပြန်ပြောပြတယ်။ အဲဒီရဲနဲ့တကယ်တွေ့ခဲ့တာလားလို့ ကောက်ကြီးနဲ့ ရုံးချိန်းအတူတူထွက်တဲ့ တခြားသူတွေကို မေးကြည့်တော့ တွေ့ခဲ့တဲ့အကြောင်းပြောကြတယ်။ အဲဒီအချိန်မှာ ကျနော့်စိတ်ထဲမှာ ကောက်ကြီးကို မှတ်ချက်ပြုခဲ့တယ်။ ဒီကောင်အတော်လေးကို သတ္တိရှိတဲ့ လူငယ်တစ်ယောက်ပဲလို့။

ရဲစခန်းမှာ ကြုံခဲ့ရတဲ့ အိမ်မက်ဆိုးတွေကို ကျနော်ရယ်  နောက်ထပ်အစ်ကိုတစ်ယောက်ရယ်ကို ပထမဆုံးပြောပြခဲ့တာလို့ ကောက်ကြီးကပြောတယ်။ ကောက်ကြီးက နွေဦးတော်လှန်ရေးနဲ့ ပတ်သက်ပြီး သိပ်ကို စိတ်ဓာတ်ခိုင်မာတဲ့ သူတစ်ယောက်။ သိပ်မကြာခင်မှာပဲ ကျနော် ထောင်ကလွတ်လာပေမယ့် ကောက်ကြီးကတော့ စစ်ကောင်စီရဲ့ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က)နဲ့ မတရား တရားစွဲဆို ဖမ်းဆီးချုပ်နှောင်ခံထားရဆဲပါ။

Design Credit-Revolution Channel

နွေဦးရသ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013