DVB Logo
Home
မြန်မာသတင်း
ထိန်းသိမ်းခံထားရသည့် ရှမ်းရွာသားများ လွတ်မြောက်
DVB
·
December 19, 2013
ထိန်းသိမ်းခံထားရသည့် ရှမ်းရွာသားများ လွတ်မြောက်
Donate to DVB

ကေအိုင်အေ ကချင်လွတ်လပ်ရေးတပ်မတော်က ခုလဆန်းပိုင်းမှာ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တဲ့ ဗန်းမော်နဲ့ မန်စီ ဒေသက ရှမ်းရွာသား ၅၀ ကျော်ထဲက တချို့ ပြန်လွတ်လာပြီ ဖြစ်ပါတယ်။

shaniပြီးခဲ့တဲ့ ဒီဇင်ဘာလ ၇ ရက်ကနေ့ ၁၃ ရက်နေ့အတွင်း ကချင် လွတ်လပ်ရေးတပ်မတော်က ခေါ်ဆောင်သွားတဲ့ ဒေသခံရွာသား စုစုပေါင်း ၅၁ ဦးထဲက ၂၆ ဦးဟာ ဒီဇင်ဘာလ ၁၇ ရက်နေ့ နေ့လယ်ပိုင်းက ပြန်လွတ်လာတာလို့ ဗန်းမော်ခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ဒီဗွီဘီကို ပြောပါတယ်။

“သတင်းကြားတာကတော့ လူသစ်စုတယ်ပေါ့။ ဒါပေမယ့် သူတို့အခု ပြန်လွတ်လာတဲ့အဖွဲ့ကို မေးကြည့်တော့ သူတို့ကို သုံးလေးရက် အဆောင်မှာ ဒီတိုင်းပဲထားတယ်။ ဘာသင်တန်းမှ မပေးဘူး။ ဒီတိုင်းပဲ ပြန်လွှတ်တယ်လို့ ပြောတယ်။ မလွှတ်ခင် ရှေ့တရက်က ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ ပါဝင်တဲ့ ပီစီဂျီအဖွဲ့တွေက ၁၆ ရက်နေ့က လိုင်ဇာကိုသွားတယ်။ အဲဒီအဖွဲ့ ရောက်သွားပြီး နောက်ရက် လွှတ်တယ်ဆိုတဲ့ ဆက်စပ်မှု ရှိနိုင်ပါတယ်။ ရှမ်းတိုင်းရင်းသားရေးရာအဖွဲ့ကလည်း ကေအိုင်အိုဆက်ဆံရေးရုံးမှာ သွားဆက်ဆံသေးတယ်။”

အခုလွတ်လာသူအများစုဟာ အသက် ၃၀-၄၀ ပတ်ဝန်းကျင် လူရွယ်တွေနဲ့ အမျိုးသမီးအနည်းစု ပါဝင်ပြီး ဗန်းမော်မြို့နယ် သိန်ပင်ကျေးရွာ၊ မံစီမြို့ပေါ်နဲ့ ဟန်ထက်ရွာ၊ မန့်ဝိန်းလေးရွာသားတွေ ဖြစ်ပါတယ်။ ရွာသားတွေ အများစုဟာ ရှမ်းတိုင်းရင်းသားတွေဖြစ်ကြပြီး ကချင်လူမျိုး ၄ ဦးလည်း ပါဝင်ပါတယ်။

ရွာသားတွေ လွတ်မြောက်ရေးအတွက် မြစ်ကြီးနားမြို့မှာ ဆန္ဒပြတောင်းဆိုဖို့ စီစဉ်နေတဲ့ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကို မေးမြန်းရာမှာတော့ လူ ၂၁ ဦး လွတ်မြောက်ကြောင်း သတင်းကြား သိရပေမယ့် လောလောဆယ် သူတို့ကို အကြောင်းကြားလာတာ ၃ ဦးပဲ ရှိသေးတယ်လို့ အဖွဲ့နာယက ဦးစိုင်းသာဇုံက ပြောပါတယ်။

“ပြန်လွှတ်တယ်ဆိုတာ တက်က်နီကယ်သင်းကတော့ ကျနော်တို့ဆီကို တရားဝင် အကြောင်းကြားတာတော့ မရှိသေးဘူး။ ဟိုဘက်ကို လှမ်းမေးတော့လည်း အတိအကျ မသိရသေးဘူး။ ကျနော်တို့ ကြားရသလောက်တော့ ခြေတောက်မသန်တဲ့ ကလေး တယောက်ရယ်၊ အသက်အရမ်းငယ်တဲ့ ကလေးတယောက်ရယ်၊ စိတ်နည်းနည်း ဖောက်ပြန်ချင်တဲ့ လူကြီး တယောက်ရယ် ပြန်လွတ်လာတယ်လို့ သိရတယ်။”

ခု လွတ်မြောက်လာသူတွေနဲ့ ပတ်သက်ပြီး ကေအိုင်အို တာဝန်ရှိသူတွေကိုတော့ ဆက်သွယ်လို့တော့ မရသေးပါဘူး။ ကေအိုင်အို ပြန်ကြားရေးရုံး တာဝန်ခံ ဒုဗိုလ်မှူးကြီး နော်ဘိုကတော့ သူတို့မှာ တပ်သား အဓမ္မ စုဆောင်းဖို့ မူဝါဒ မရှိကြောင်း ဒီဗွီဘီိကို ပြောခဲ့ဖူးပါတယ်။

အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်ကတော့ ခုလို ဖမ်းဆီးမှုတွေကြောင့် ရွာသားတွေဟာ မလုံခြုံသလို ခံစားနေရတယ်လို့ ပြောပါတယ်။

“တချိန်တုန်းကတော့ သူတို့ လူသစ်ပုံမှန်စုတာပေါ့။ တရွာကို ဘယ်နှယောက်ပေးဆို ပေးနေ ရတာပေါ့။ အခုတော့ ၂ ဘက်ဆွေးနွေးမှုတွေ လုပ်နေပြီဆိုတော့ ပေးစရာမလိုဘူးလေ။ ဖွံ့ဖြိုးရေးပဲလုပ်လုပ်၊ လုံခြုံရေးပဲလုပ်လုပ် ပြည်သူတွေ ပူးပေါင်းပါဝင်မှုက အဓိကပဲ။ လူထုအား ကောင်းရင်ကောင်းသလို မြန်မြန်အကောင်အထည် ဖော်နိုင်မယ်။ လူထုဆန္ဒကို လုပ်ပေးရမယ်။”

အရင်ကလည်း ကေအိုင်အေဘက်က ရွာသားတွေကို တပ်သားသစ်အဖြစ် စုဆောင်းဖို့ ခေါ်သွားတာတွေရှိခဲ့ပေမယ့် ခုလို အစုလိုက်အပြုံလိုက် ပြန်လွတ်လာတာတော့ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ကချင်ပြည်နယ်ထဲက ရှမ်းရွာတွေမှာ ကေအိုင်အေက တပ်သားသစ် စုဆောင်းတာ၊ ဆက်ကြေး ကောက်တာတွေ ရပ်တံ့ပေးဖို့ ရှမ်းတိုင်းရင်းသားမျိုးနွယ်စု ကိုယ်စားလှယ်တွေနဲ့ နိုင်ငံရေး ပါတီတွေက မြစ်ကြီးနားမြို့မှာ လာမယ့်ရက်ပိုင်းအတွင်း ချီတက်ဆန္ဒထုတ်ဖော်ဖို့ ရှိနေစဉ်မှာ ခုလို ပြန်လည်လွတ်မြောက်လာတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013