DVB Logo
Home
မြန်မာသတင်း
ဟိုပင်မြို့နယ်တွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်တပ်ကဖမ်းဆီး
DVB
·
September 16, 2021
ဟိုပင်မြို့နယ်တွင် ကလေးငယ်များအပါအဝင် ပြည်သူ ၁၂ ဦးကို စစ်တပ်ကဖမ်းဆီး
Donate to DVB

ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ်မှာ ကလေးငယ်တွေအပါအဝင် ဒေသခံ ပြည်သူ ၁၂ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက် ညနေပိုင်းနဲ့ ညသန်းခေါင်အချိန်က ဖမ်းခံလိုက်ရတာဖြစ်ပြီး သဲဂုဏ်ရွာက မိသားစုလိုက်အပါအဝင် ၈ ယောက် ဖမ်းခံရတယ်လို့ သိရပါတယ်။

“ည ၁၂ နာရီကျော်မှာ လာဖမ်းတာ။ ဦးမိုးရယ်၊ သူ့မိန်းမရယ်၊ ၉ နှစ်အရွယ် သူ့သားလေးရယ် ဖမ်းခံရတယ်။ ဦးမောင်နိုင်းမှာလည်း ၁၆ နှစ်နဲ့ ၁၃ နှစ်အရွယ် သား နှစ်ယောက်ပါ ဖမ်းခံရတယ်။ နောက် ခြေတဖက်မသန်တဲ့ ဦးငြိမ်းချမ်းဦး၊ စိုင်းလွင်မျိုးဆိုတော့ အားလုံးပေါင်း ရှစ်ယောက်ပါ။ ဘာကြောင့် ဖမ်းသွားမှန်းလည်း မသိသေးဘူး။ ဘယ်မှာဖမ်းထားမှန်းလည်း မသိသေးဘူး” လို့ သဲဂုဏ်ရွာ ဒေသခံတယောက်က ပြောပါတယ်။

စက်တင်ဘာ ၁၄ ရက်နေ့ ညနေပိုင်းက ဟိုပင်မြို့နဲ့ တကွင်းရွာကြားမှာရှိတဲ့ တပ်ရင်း ၄၀ နားမှာ ပစ်ခတ်ပေါက်ကွဲတာတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဘာကြောင့်ဖြစ်မှန်းမသိရပေမဲ့ လမ်းသွားလမ်းလာ လူငယ် ၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

“ပစ်ခတ်တာတွေဖြစ်ပြီး မိုးကောင်းက စစ်ကူလာတယ်။ ဟိုပင်တကွင်းရွာက ကောင်လေးက သူ့အမေဆန်တိုဟူးရောင်းလို့သွားကြိုတာ ဖမ်းခံရတယ်။ နောက် သုံးယောက်ကတော့ ဟိုပင်ကပါ။ တယောက်က မြဇေယျာရပ်ကွက်က၊ ကျန်တဲ့ နှစ်ယောက်ကတော့ ဘယ်ရပ်ကွက်လဲ မသိသေးဘူး။ သူတို့ကိုတော့ တပ်ရင်း ၄၀ မှာ ဖမ်းထားတယ်လို့ သိရတယ်” လို့ ဒေသခံတယောက် ပြောပါတယ်။

ပြီးခဲ့တဲ့ လကလည်း သဲဂုဏ်ရွာမှာ ကွမ်းသီးလာဝယ်တဲ့ ဧည့်သည်တွေနဲ့ အိမ်ရှင် အပါအဝင် လူ ၁၄ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပြီး နောက်ပိုင်းမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ဇူလိုင် ၄ ရက်ကလည်း သဲဂုဏ်ရွာက ဘုန်းကြီးကျောင်းကို စစ်တပ်က ဝင်စီးပြီး ကျောင်းထိုင်ဘုန်းကြီးကျောင်းကို ကြိုးတုပ်ရိုက်နှက်ခဲ့ပါသေးတယ်။ ဒီမတိုင်ခင်ကလည်း ကျောင်းကို ဝင်ရောက်ရှာဖွေတာတွေ လုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ရွာကသေးသလောက် ဒလန်ကပေါတယ်။ ဘာကြောင့်မှန်းမသိဖမ်းခံနေရတာ။ ခုဆို လူတချို့လည်း ရှောင်နေကြရတယ်။ အားလုံးကလည်း စိုးရိမ်နေကြတာပါ။ မလုံခြုံတော့ဘူး” လို့ ဒေသခံ တယောက် ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013