
စစ်ကိုင်းတိုင်း၊ အင်းတော်ကနေ ထွက်လာပြီး ဝန်းသိုနဲ့ ထီးချိုင့်ဘက်တွေကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းဟာ ထီးချိုင့်လမ်းဆုံက ကျောင်းကုန်းရွာဝန်းကျင်ကို ရောက်ရှိ နေပြီး တိုက်ပွဲဆက်ဖြစ်နေပါတယ်။
စစ်အာဏာရှင်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလည်း ဆက်လုပ်နေပြီး ကျေးရွာတွေကို မီးရှို့ နေသလို စစ်ရှောင်တချို့ ရိက္ခာပြတ်နေတဲ့အကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းနဲ့ ကချင်အစပ် အင်းတော်မြို့ကနေ အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်း ၂ ခုခွဲပြီး ဝန်းသိုနဲ့ ထီးချိုင့်ဘက်တွေကို ထိုးစစ်ဆင်ခဲ့တဲ့ စစ်အာဏာရှင်တပ်ရဲ့ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်တာကြောင့် အထိအခိုက် များခဲ့ပါတယ်။
ဒါကြောင့် နိုဝင်ဘာလဆန်းပိုင်းမှာ စစ်ကြောင်း ၂ ခု ပြန်ပေါင်းလိုက်ပြီးတဲ့နောက် ကျောင်းကုန်းရွာ ဝန်းကျင်မှာ ဆက်လက်တပ်ဖြန့်ထားကာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ တော်လှန်ရေးတပ်နဲ့ နီးစပ်တဲ့ အင်းတော်ဒေသခံ စစ်ရေးရင်းမြစ်က နိုဝင်ဘာ ၃ ရက်မှာ ပြောပါတယ်။
တော်လှန်ရေးတပ်နဲ့နီးစပ်တဲ့ စစ်ရေးသတင်းရင်းမြစ်က “တိုက်ပွဲက ဆက်ရှိနေတယ်ဗျ။ စစ်ကြောင်းတွေက ပေါင်းသွားပြီ။ ဝန်းသိုကစစ်ကြောင်းလည်း အင်းတော်ကို ရောက်ပြီးတော့မှ အခုလောလောဆယ်တော့ ကျောင်းကုန်းကို ရောက်သွားပြီဗျ။ ကျောင်းကုန်းလမ်းဆုံလေ။ (နိုဝင်ဘာ ၂ရက်နေ့) မနက်တုန်းကတော့ ကျောင်းကုန်းရွာက နေအိမ်တွေကို မီးရှို့နေတယ်။ ကျောင်းကုန်းရယ်၊ ကျောင်းကုန်းရဲ့အထက်က ပိန္နဲကုန်း ရှိတယ်ပေါ့နော်။ အဲဒီ ပိန္နဲကုန်းမှာလည်း၊ ကျောင်းကုန်းမှာတကြောင်း အဲဒီ ပိန္နဲကုန်းမှာ တကြောင်းပေါ့နော်။ သူတို့ အဲ့လို အဲမှာ ဖြန့်ထားတာ။ နောက်ပြီးတော့ ဝန်းသိုဘက်ကိုလည်း သွားလို့ရတယ် အဲဘက်ကနေ။ ထီးချိုင့် ဘက်လည်း သွားလို့ရတယ်ဆိုတော့ ဘယ်ဘက်ဆက်သွားမလဲ၊ ကျောင်းကုန်းမှာပဲ ထိုင်မလား ဆိုတာကတော့ တချက်စောင့်ကြည့်နေကြတုန်းပေါ့နော်။ အခုလောလောဆယ်တော့ တိုက်ပွဲတွေ တော့ ဖြစ်နေတယ်” လို့ ပြောပါတယ်။
စစ်အာဏာရှင်တပ်က မီးရှို့တာကြောင့် ကျောင်းကုန်းရွာက နေအိမ် ဘယ်လောက် ပျက်ဆီး ခဲ့ရတယ် ဆိုတာကိုတော့ အခုချိန်ထိ မသိရသေးပါဘူး။
ဒါ့အတူ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်ရှိနေပြီး တိုက်ပွဲထဲ သေဆုံးခဲ့ရတဲ့ စစ်သားတွေကို သေသေချာချာ မြှုပ်နှံပေးတာ မရှိလို့ ဒေသခံတွေကပဲ မီးရှို့ပေးခဲ့ရတယ်လို့ အင်းတော်ဒေသခံ အမျိုးသမီးတယောက်က ပြောပါတယ်။
ဒါကြောင့် ရွှေဘို-မြစ်ကြီးနားလမ်းပေါ် ကျေးရွာတွေက ဒေသခံအများစုဟာ နေအိမ်တွေ ပြန်ကြည့်တာ လွဲရင် ပြန်လည် မနေထိုင်ရဲသေးဘူးလို့ ဆိုပါတယ်။
အင်းတော်ဒေသခံ အမျိုးသမီးတယောက်က “လူထုကတော့ ရှောင်နေကြတုန်းပဲ။ ရွာထဲလည်း သိပ်မဝင်ရဲသေးဘူး၊ ပိန်းအင်း အင်းမ ညောင်ကုန်း ရွာတိုင်းမှာ ကျန်ခဲ့တဲ့ အပုပ်တွေက အနှံ့ဆိုတော့လေ။ လမ်းပြဆိုပြီး အဆွဲရသူတချို့လည်း ပြန်မရောက်ကြသေးဘူး။ အခါတိုင်းတော့ လမ်းပြ၊ အထုပ်ထမ်းခေါ်သွားတဲ့သူတွေကို ခိုင်းပြီးရင် ပြန်လွှတ်ပေးတယ်။ ခုတခေါက်က ပြန်မ လွတ်သေးဘူး။ စစ်ရှောင်တွေကတော့ နေရာအနှံ့ပါပဲ။ တချို့ကျတော့လည်း ဝန်းသို-ဗန်းမောက် ဘက် သွားလို့ရတဲ့ ပါအော့၊ နတ်ရေတွင်း၊ တပ်လွင်ဘက် ရှောင်ကြတယ်။ စစ်ကြောင်းက နှစ်ကြောင်းခွဲထွက်လိုက်တော့ ရှောင်တဲ့သူတွေ ပြေးတဲ့ဘက် ထိုးခံရသလိုဖြစ်ပြီး သယ်လာသမျှ ပစ်ပြေးကြရပြန်ရော။ အဲဒီမှာ မဲဇာရဲ့ အနောက်ခြမ်း ပြေးတဲ့သူတွေ ရိက္ခာပြတ်ကုန်တယ်” လို့ ပြောပါတယ်။
ဒေသခံ လူသားစာနာအဖွဲ့ကလည်း တချို့ရွာတွေ ပြန်လည်နေထိုင်နိုင်ကြောင်း ပြောပေမဲ့ ဒေသခံ တွေ ပြန်မနေရဲကြသေးတာပါ။
ဒါ့အတူ ပြီးခဲ့တဲ့ အောက်တိုဘာ နောက်ဆုံးပတ် တိုက်ပွဲတွေထဲ အရပ်သား ၃ ယောက်ဝန်းကျင် ထိခိုက်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ကချင်-စစ်ကိုင်းအစပ်က မြို့တွေနဲ့ ကားလမ်းတွေကို စိုးမိုး ထိန်းချုပ် နိုင်ရေး ကြိုးပမ်းနေတာဖြစ်ပြီး စစ်တပ်က ဝန်းသို ကောလင်းကို အခြေကုပ်ရယူနိုင်ခဲ့ရင် ပင်လည်ဘူးအထိ ထိုးစစ်ဆင်လာနိုင်တဲ့အကြောင်း စစ်ရေး လေ့လာသူတွေက သုံးသပ်ပါတယ်။
စိုးသူအောင်











