DVB Logo
Home
မြန်မာသတင်း
ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်
DVB
·
December 19, 2013
ကျောင်းသားတပ်မတော် မြောက်ပိုင်းလူသတ်မှု အစီရင်ခံစာ အမြန်ဆုံးထုတ်ပြန်မည်
Donate to DVB

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (အေဘီအက်စ်ဒီအက်ဖ်) မြောက်ပိုင်း ကချင်ပြည်နယ် ပါဂျောင်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ သတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စုံစမ်းဖော်ထုတ်နိုင်ရေးအတွက် အစီရင်ခံ ၁ စောင် အမြန်ဆုံး ထုတ်ပြန်မယ်လို့ ကျောင်းသားတပ်မတော်က ပြောပါတယ်။

ABSDF5 copyအေဘီအက်စ်ဒီအက်ဖ်ရဲ့ အစီရင်ခံစာအတွက် အပိုင်း ၃ ပိုင်းခွဲပြီး လုပ်ဆောင်ရာမှာ အချိန်ယူ အချက်အလက် ကောက်ယူတဲ့ ပထမအပိုင်း ပြီးဆုံးသွားပြီ ဖြစ်သလို ဒုတိယပိုင်းအနေနဲ့ အချက်အလက်တွေကို ပြန်လည်သုံးသပ်တဲ့အပိုင်း စတင်နေပြီး နောက်ဆုံးပိုင်းအနေနဲ့ အစီရင်ခံစာကို အချောသတ် ရေးသားဖို့ ကျန်ရှိနေတာ ဖြစ်ပါတယ်။

မူလက အစီရင်ခံစာကို ၂၀၁၃ ခုနှစ်အတွင်း အပြီးသတ်မယ်လို့ ထုတ်ပြန်ထားပေမယ့် အခက်အခဲတွေ ရှိနေတဲ့အတွက် သတ်မှတ်ထားတာထက် ပိုပြီး ကြာမြင့်သွားတယ်လို့ ဆိုပါတယ်။

အစီရင်ခံစာ ထုတ်ပြန်မယ့်အချိန်ကိုတော့ အတိအကျ ပြောဆိုဖို့ ခက်တယ်လို့ အေဘီအက်စ်ဒီအက်ဖ်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးကျော်ကျော်လင်းက ဒီဗွီဘီကို ပြောပါတယ်။

“အခက်အခဲကတော့ မျိုးစုံပဲဗျ။ လူတွေက အနှစ် ၂၀ ကျော်ကြာမှ ဒီအကြောင်းအရာတွေ ပြန်ပြောရတဲ့အခါကြတော့ အချက်အလက်အားဖြင့် မပြည့်စုံတာတွေလည်း တွေ့ရတယ်။ အဓိက က ရက်နဲ့ ခုနှစ်နဲ့ ပြောကြတဲ့အခါတွေမှာ အချို့ တော်တော်များများမေ့နေကြပြီ။ နောက်တခုက လူတွေက နေရာဒေသ အနှံ့အပြားမှာ ပြန့်ကျဲနေတော့ လိုက်ရှာရတာ တော်တော်ခက်တယ်။ တချို့ဆို ဘယ်မှ ရှာမရတဲ့သူတွေလည်း ရှိတယ်။ တော်တော်များများကတော့ ပူးပေါင်း ဆောင်ရွက်မှု ပြေးကြပါတယ်။”

၁၉၉၁-၉၂ ခုနှစ်ကာလက ကချင်ပြည်နယ်မှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း အဖွဲ့အတွင်း စစ်ထောက်လှမ်းရေး သူလျှိုတွေ ဖမ်းဆီးရမိတယ်ဆိုပြီး ညှဉ်းပန်း သတ်ဖြတ်မှုတွေ ဖြစ်ပွားခဲ့ရာမှာ အေဘီအက်စ်ဒီအက်ဖ်ရဲ့ မြောက်ပိုင်း ဥက္ကဋ္ဌ ဦးထွန်းအောင်ကျော် အပါအ၀င် ကျောင်းသားရဲဘော်တွေ အသတ်ခံခဲ့ရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး သတ်ဖြတ်ခံခဲ့ရသူတွေအတွက် အမှန်တရားကို ဖော်ထုတ်ပေးဖို့ ၂၀၁၂ ခုနှစ် မတ်လမှာ ကျောင်းသားတပ်မတော်က အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့ကို ဖွဲ့စည်းပြီး အစီရင်ခံစာ ရေးသားပြုစုနေတာလည်း ဖြစ်ပါတယ်။

ဒီအစီရင်ခံစာဟာ ဖြစ်ပွားခဲ့တဲ့ကိစ္စရပ်တွေကို ပြန်လည်ဖော်ထုတ်ပြီး လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဘာတွေဖြစ်ခဲ့သလဲ၊ ဒီချိုးဖောက်မှုတွေအပေါ်မှာ ဘယ်သူတွေက တာဝန်ရှိသလဲဆိုတာနဲ့ ဘယ်သူတွေက ခံခဲ့ရသလဲဆိုတာတွေကို တင်ပြသွားမှာ ဖြစ်သလို အစီရင်ခံပြီး နောက်ပိုင်းမှာလည်း ကော်မတီရဲ့ တွေ့ရှိ အကြံပြုချက်တွေ ထည့်သွင်းထားတယ်လို့ ကျောင်းသားတပ်မတော်ရဲ့ အမှန်တရားနဲ့ တရားမျှတမှု ဖော်ထုတ်ရေး အလုပ်အမှုဆောင်အဖွဲ့က ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013