DVB Logo
Home
မြန်မာသတင်း
MOU ရွှေ့ပြောင်းလုပ်သား အယောက် ရှစ်သောင်းအထိ ခေါ်ယူရန် ထိုင်းအစိုးရပြင်ဆင်
DVB
·
September 15, 2021
MOU ရွှေ့ပြောင်းလုပ်သား အယောက် ရှစ်သောင်းအထိ ခေါ်ယူရန် ထိုင်းအစိုးရပြင်ဆင်
Donate to DVB

ထိုင်းနိုင်ငံမှာ အခြေခံအလုပ်သမားလိုအပ်ချက်ဖြေရှင်းတဲ့အနေနဲ့ အိမ်နီးချင်းနိုင်ငံမှရွှေ့ ပြောင်းလုပ်သားတွေ အယောက် ငါးသောင်းကနေ ရှစ်သောင်းအထိ  MOU (နှစ်နိုင်ငံ သဘောတူချက်စာချုပ်)အရ  ခေါ်ယူဖို့ ထိုင်းအစိုးရက ပြင်ဆင်နေပါတယ်။ 

လက်ရှိထိုင်းနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါပိုးကူးစက်မှုမြင့်မားနေဆဲဖြစ်ပေမဲ့ အလုပ်သမား လိုအပ်ချက်တွေလည်းရှိနေတာကြောင့် ရောဂါကာကွယ်ရေးစည်းကမ်းချက်တွေနဲ့အညီ အမ်အိုယူ လုပ်သားတွေ ခေါ်ယူဖို့ပြင်ဆင်နေကြောင်း ထိုင်းအလုပ်သမားဝန်ကြီး နိုင်းဆူချတ် ချူမ်းကလင်က ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာအစည်းအဝေးမှာ ပြောပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ရေးဘောင်ထဲကနေ အလုပ်သမားခေါ်ယူနိုင်ဖို့ လုပ်ငန်းစဉ်အဆင့်ဆင့် ဆွေးနွေးညှိနှိုင်းပြီးရင် ထိုင်းနိုင်ငံကိုဗစ်-၁၉ အခြေအနေစီမံကွပ်ကဲရေးဗဟိုအဖွဲ့ထံ တင်ပြသွား မှာဖြစ်ကြောင်း၊ ကနဦးအနေနဲ့  အမ်အိုယူလုပ်သား ငါးသောင်းကနေ ရှစ်သောင်းထိ ခေါ်ယူနိုင်မ ယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ MOU နဲ့ ဝင်ရောက်လာမယ့်အလုပ်သမားတွေကို အုပ်စုလိုက် အရောင် ၃ ရောင်နဲ့ ခွဲခြားသတ်မှတ်မယ်လို့ သိရပါတယ်။

ပထမ အစိမ်းရောင်အုပ်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ပထမအကြိမ်ရော ဒုတိယ အကြိမ်ပါ နှစ်ခါလုံး  တစ်လကျော်ထိုးနှံပြီးခဲ့သူတွေ၊ သူတို့တွေဟာ ကာကွယ်ဆေးထိုးပြီး ကြောင်း သက်သေအထောက်အထား ၊ ပတ်စပို့နဲ့ အလုပ်ခွင်တန်းဝင်နိုင်တဲ့ အုပ်စုဖြစ်ပါတယ်။

ဒုတိယ အဝါရောင်အုပ်စုမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၂ ခါလုံးထိုးပြီးပေမဲ့  ၁ လ မပြည့်သေး သူတွေအုပ်စုဖြစ်ပါတယ်။ 

တတိယ အနီရောင်အုပ်စုကတော့  ကိုဗစ်ကာကွယ်ဆေး ၁ ကြိမ် သို့မဟုတ် တစ်ကြိမ်တစ်ခါမျှ မထိုးရသေးသူတွေအုပ်စုပါ။

အမ်အိုယူလုပ်သားတွေဟာ ထိုင်းနိုင်ငံထဲ ဝင်ရောက်လာတာနဲ့ သက်ဆိုင်ရာခရိုင်ကိုဗစ်-၁၉ စင်တာက စီစဉ်ထားတဲ့ အစိုးရ သို့မဟုတ် ပုဂ္ဂလိက ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ဖို့၊  ကွာရန်တင်းဝင်နေဆဲကာလ ကုန်ကျစရိတ်ကို အလုပ်ရှင်မှ တာဝန်ယူဖို့၊  အလုပ်သမားတွေကို Swab ၃ ခါယူပြီး ကိုဗစ်-၁၉ စစ်ဆေးဖို့၊ အလုပ်သမားမှာ ကိုဗစ်-၁၉ ကူးစက်ခံရပါက ဆေးကုသစရိတ် အလုပ်ရှင်က တာဝန်ယူဖို့ စတဲ့ သတ်မှတ်ချက်တွေလည်း ရှိပါတယ်။ 

အမ်အိုယူအလုပ်သမားခေါ်ယူလိုတဲ့ စက်ရုံအလုပ်ရုံ ( သို့မဟုတ် ) အလုပ်ရှင်တွေဟာ ပထမဆုံး မိမိနေတဲ့ခရိုင်အလုပ်သမားရှာဖွေခန့်ထားရေးရုံးမှာ လျှောက်လွှာတင်ထားရမှာ ဖြစ်ပြီး သက်ဆိုင်ရာအိမ်နီးချင်းနိုင်ငံမှ လာရောက်လုပ်ကိုင်လိုတဲ့အလုပ်သမားစာရင်းတွေ ပေးပို့ထားရမှာပါ။

အလုပ်ရုံ ( သို့ )  အလုပ်ရှင်မှ စာရင်းကြည့်ပြီး ခန့်ထားလိုသူတွေ ရွေးချယ်ရမှာဖြစ်ပြီး အလုပ်သမားတင်သွင်းတဲ့နောက် သူတို့ရဲ့ အလုပ်သမားမှတ်ပုံတင်ကတ် ( WP ) ၊ လူမှုဖူလှုံရေးကတ် ( ပရကန်ဆန်ခုံး) ( သို့မဟုတ် )  ကျန်းမာရေးအာမခံကတ်( သို့မဟုတ် )  အသက်အာမခံကတ်တွေကို အလုပ်ရှင်မှ တာဝန်ယူဆောင်ရွက်ပေးဖို့ရှိပြီး  အလုပ်လုပ်ခွင့်ပါမစ် ၂ နှစ်စာအတွက် ကုန်ကျငွေ ထိုင်းဘတ်  ၁၉၀၀ ကျသင့်မှာဖြစ်ပါတယ်။ 

အလုပ်သမား ဥပဒေ ပုဒ်မ ၃၃ အရ လူမှုဖူလှုံရေးကတ် ( ပကန်ဆန်ခုံး) ရှိ အလုပ်သမားတိုင်းဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး အခမဲ့ထိုးနှံခွင့်ရရှိမှာ ဖြစ်ပါတယ်။ လူမှုဖူလှုံရေးကတ် မရှိပါက အဆိုပါအလုပ်သမားအတွက် ကာကွယ်ဆေးထိုးနှံခကို အလုပ်ရှင်က တာဝန်ယူရမှာဖြစ်ကာ ဒီအတွက် အလုပ်သမားရဲ့ လုပ်အားခထဲကနေ ဖြတ်တောက်ခြင်းမပြုရလို့ သတ်မှတ်ထားပါတယ်။

ဒါ့အပြင် မြန်မာရွှေ့ပြောင်းလုပ်သားတွေအနေနဲ့ ပတ်စပို့လုပ်ရာမှာ အဆင်ပြေစေဖို့ စမွတ်ဆာ ခွန်းခရိုင်မှာ ဖွင့်လှစ်ထားတဲ့ အချက်အလက်စုဆောင်းရေးယာယီစင်တာ The Temporary Data Collection Centre : TDCC) ကိုလည်း နောက်ထပ် ၁ နှစ် တိုးမြှင့်ဖွင့်လှစ်ပေးသွားမယ်လို့ ဆိုပါတယ်။ 

အထက်ပါ အကြောင်းအရာတွေကို   ထိုင်းနိုင်ငံကိုဗစ် - ၁၉ စီမံကွပ်ကဲရေးဗဟိုအဖွဲ့ကို တင်ပြပြီး အတည်ပြုချက်ရမှာသာလျှင် စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။ 

ကိုးကား- ThailandPlus/Prachachat

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013